သတင်း

BGF ခေါင်းဆောင် စောချစ်သူနှင့် သား ၂ ဦးကို အမေရိကန် အရေးယူဒဏ်ခတ် 

အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ကျားဖြန့်လုပ်ငန်းဆက်စပ်မှု စွဲချက်ဖြင့် ကရင်နယ်ခြားစောင့်တပ်နှင့် ခေါင်းဆောင် သားအဖများ ဒဏ်ခတ်ပိတ်ဆို့ခံလိုက်ရသည်။

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကို အမည်ပြောင်းထားသော  ကရင်အမျိုးသားတပ်မတော် KNA နှင့် ထိုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ၎င်း၏ သားနှစ်ဦးဖြစ်သော စောထူးအယ်မှုးနှင့် စောချစ်ချစ်တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ယမန်နေ့ (မေ ၅) တွင် ထုတ်ပြန်သည်။

၎င်းတို့သည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှု အပါအဝင် ရာဇဝတ်မှုလုပ်ငန်းများကို  ကူညီနေခြင်းကြောင့် အရေးယူလိုက်ခြင်းဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

စောချစ်သူ၏ သားနှစ်ဦးသည်လည်း BGF ၏ ဗိုလ်မှူးအဆင့် အရာရှိများဖြစ်သည်။ 

လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ လိမ်လည်လှည့်ဖျားခြင်း စသည့် အမှုများ ကျူးလွန်သည့်  ကျားဖြန့်လုပ်ငန်းများရှိရာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီဒေသမှ ရွှေကုက္ကိုမြို့သစ် နှင့် KK Park စီမံကိန်းတို့ကို BGF/KNA က လုပ်ဆောင်နေသည်ဟု အမေရိကန် ဘဏ္ဍာရေးဌာနက ဆိုသည်။

KNA   စီမံခန့်ခွဲနေသော ကျားဖြန့်(ခေါ်) အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများက ထိုရာဇဝတ်ဂိုဏ်းခေါင်းဆောင်နှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ဒေါ်လာဘီလီယံနှင့်ချီသော ဝင်ငွေများ ဖန်တီးပေးနေပြီး  ထိုသို့ ရာဇဝတ်မှုလုပ်ငန်းများမှ အကျိုးအမြတ်ရရှိသော ၎င်းတို့ကွန်ရက်များကို တားဆီးရန် နည်းလမ်းမျိုးစုံသုံးသွားမည်ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ ဒုတိယဝန်ကြီး  Michael Faulkender က ပြောသည်။  

ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံသား သရုပ်ဆောင်ဝမ်ရှင်း မြ၀တီဒေသရှိအွန်လိုင်း ငွေလိမ်ဂိုဏ်းတစ်ခုထံရောင်းစားခံရသည့် ဖြစ်စဉ်ပေါ်လာပြီးနောက်   ထိုလုပ်ငန်းများကို တရုတ်နှင့်ထိုင်းတို့က ဖိအားပေးလာခဲ့ကြသည်။

ထိုင်းအစိုးရက BGF ထိန်းချုပ်ရာထိုဒေသများကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ထားပြီး ဗိုလ်မှူးကြီး စောချစ်သူကိုလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ရာဇဝတ်လုပ်ငန်းများကြောင့် ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ထို့နောက် BGF သည် ၎င်းတို့ ထိန်းချုပ်ရာဒေသများမှ ကျားဖြန့်လုပ်ငန်းများကို ဖယ်ရှားရှင်းလင်းသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ကျားဖြန့်လုပ်ငန်းများသို့ လူကုန်ကူးရောင်းစားခံရသည့် ထောင်နှင့်ချီသော တရုတ်နိုင်ငံသားများ အပါအဝင်နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ထိုင်းမှတဆင့် BGF က ပြန်ပို့ပေးခဲ့သည်။

ကြီးထွားနေလာသော ကာစီနို နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကာကွယ်ပေးနေခြင်းဖြင့် BGF သည် နှစ်စဉ်  ဒေါ်လာ၁၉၂ သန်း ရရှိနေသည်ဟု အမေရိကန်အခြေစိုက် United States Institute of Peace (USIP) ၏ ၂၀၂၄၊ ဧပြီလ ၂၂ ရက်နေ့ထုတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

BGF ရရှိနေသော ဘီလီယံချီသည့် ဝင်ငွေ ၅၀ ရာခိုင်နှုန်းကိုလည်း အာဏာသိမ်းစစ်တပ်က ရရှိနေသည်ဟု USIP က ဆိုသည်။

အင်္ဂလိပ်ဘာသာစကားသုံးသည့်နိုင်ငံများတွင် နေထိုင်သူတို့ ပစ်မှတ်ထားဖြားယောင်းခံနေရသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို  BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့က တိုက်ရိုက်ပါဝင်ပတ်သက်သလို အဓိက ပံ့ပိုးပေးနေသူများလည်းဖြစ်ကြောင်းလည်း USIP အစီရင်ခံစာက ဆိုထားသည်။   

BGF ခေါင်းဆောင်များကမူ ထိုအမှုများကို ၎င်းတို့ ကျူးလွန်ခြင်း မရှိကြောင်း တုံ့ပြန်ထားသည်။

Related Articles

Back to top button