အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စီးပွားရေးမြို့တော် ရန်ကုန်တွင် ကျားဖြန့်တရုတ်များ၏ အခြေချလုပ်ငန်းများ ဖမ်းမိ 

နိုင်ငံတကာဖိအားကြောင့် ဖြိုခွင်းခံလိုက်ရသော နယ်စပ်အခြေပြု ကျားဖြန့်များက ရန်ကုန် အပါအဝင် မြို့ကြီးများသို့ ပျံ့နှံ့ရောက်ိရှိသွားရာ စစ်တပ်က လိုက်လံဖမ်းဆီးမှုများကို လုပ်ဆောင်နေပြီး မကြာသေးမီက လူစည်ကားသည့် သာကေတမြို့နယ်တွင် အခြေပြုနေသူများကို ဖမ်းဆီးလိုက်သည်။

ထိုင်း- မြန်မာနယ်စပ်အခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှု (ခေါ်) ကျားဖြန့် လုပ်ငန်းများ ဖြိုခွင်းခံရပြီးနောက် တနိုင်ငံလုံးအနှံ့ ပျံ့နှံ့ရောက်ရှိနေရာ စီးပွားရေးမြို့တော် ရန်ကုန်၌ တရုတ်နိုင်ငံသား ၅၀ ကျော် အပါအဝင် စုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းမိခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက် ညပိုင်း၌ ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ Golden River Residence အမည်ရှိ ကွန်ဒိုတစ်ခုတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြသည့် Su Fu Quan  (ဆူးဖုချွမ်) ဆိုသူ အပါအဝင် တရုတ်နိုင်ငံသား ၅၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ရှစ်ဦးနှင့် မြန်မာနိုင်ငံသား ၄၆ဦး၊ စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်၏ နိုဝင်ဘာလ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဖမ်းမိသည့် Su Fu Quan (ဆူးဖုချွမ်) ဆိုသူသည် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် လုံကျန်း ပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေထုတ်ပြန်ထားသည့် တရားခံပြေးတစ်ဦးဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ  Golden River Residence ကွန်ဒိုရှိ အခန်း ကိုးခန်းတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ထိုကွန်ဒိုအခန်းများကို သာကေတမြို့နယ် အမှတ်(၈)ရပ်ကွက် နဝရတ်လမ်း အောင်ကောင်းကျော် အိမ်ရာဝင်းတွင် နေထိုင်သော မြန်မာနိုင်ငံသား ဒေါ်မြတ်ဇင်ဦးနှင့် တရုတ်နိုင်ငံသား Mr.Huo ဆိုသူတို့ပိုင်ဆိုင်ကြသည်ဟု ပါရှိသည်။ 

ထိုသူများက အဖွဲ့ ငါးဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ ကိုးရီးယားနှင့် အိန္ဒိယ အစရှိသော နိုင်ငံများကို ပစ်မှတ်ထား၍ ရင်းနှီးမြှုပ်နှံမှု၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံအခြေစိုက် ဈေးဝယ်ဝက်ဘ်ဆိုက်အတုများ ဖန်တီး၍ လိမ်လည် ခဲ့ကြောင်း၊ ငွေကြေးလိမ်လည်သူတစ်ဦးလျှင် တရုတ်ယွမ်ငွေ ၄၈၀၀၀ ပမာဏအထိ လိမ်လည် ရယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ 

၎င်းတို့နှင့်အတူ ကွန်ပျူတာ ၁၂၁ လုံး၊ Laptop ငါးလုံး၊ Server တစ်လုံး၊ ဖုန်း ၁၉၀ လုံး ၊ Wifi စက်၊ မြန်မာနှင့် တရုတ်နိုင်ငံကူးလက်မှတ်များ၊ KBZ ဘဏ်စာအုပ်များ သိမ်းဆည်းရမိခဲ့သည်ဟု စစ်တပ်ထုတ်ပြန်ချက် အရ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများအပါအဝင် ကွန်ဒိုတိုက်ခန်းများ ပိုင်ဆိုင်သည့် မြန်မာအမျိုးသမီးနှင့် တရုတ်နိုင်ငံသားတို့ကို စစ်ဆေးနေပြီး အသေးစိတ်အခြေအနေကို မသိရှိရကြောင်း ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် အွန်လိုင်းငွေကြေးလောင်းကစားမှုလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေနှင့် ပြင်းထန်စွာ အရေးယူမည်ဟုပါရှိသော်လည်း မည်သည့် ပုဒ်မဖြင့် အရေးယူထားကြောင်း၊ ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားများကို မည်သို့ ထိန်းသိမ်းထားကြောင်းတို့ကို မသိရှိရသေးပေ။

သာကေတမြို့နယ် Golden River Residence ကွန်ဒိုရှိ ကျားဖြန့်လုပ်ကိုင်နေသူများအား ဖမ်းမိခဲ့စဉ်။ (ဓာတ်ပုံ – စစ်တပ်ထိန်းချုပ် MOI) 

ထိုအခြေနေများကို သိရှိနိုင်ရန်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်နိုင်သူ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ ယာယီရဲမှူးချုပ် စိုးလင်းအောင်၊ သာကေတ အမှတ်(၁)၊ (၂) ရဲစခန်းများသို့ Myanmar Now ကဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ထိုသို့ မြို့ကြီးများပေါ်တွင် ကျားဖြန့်လုပ်သူများ ဖမ်းဆီးရမိခြင်းသည် ယခင်ကလည်း ရှိခဲ့ပြီး  ယခုနှစ် ဇွန်လ အတွင်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် အမျိုသားရှစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးပါသော အဖွဲ့တစ်ခုကို ဖမ်ဆီးခဲ့သည်။

မန္တလေးမြို့ပေါ်တွင်လည်း ဖမ်းဆီးရမိမှု နှစ်ခုထက်မနည်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်က မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက် ၁၁၇ လမ်း (၆၁ လမ်းနှင့် ၆၂ လမ်းကြား)တွင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသူ ၁၂ ဦး ဖမ်းမိခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။ 

စစ်တပ် ထိန်းချုပ်ထားသည့် မန္တလေးတိုင်းအတွင်း ယခုနှစ် ဩဂုတ်လအတွင်း ကျားဖြန့် ခေါ် အွန်လိုင်း လောင်းကစား လိမ်လည်မှုများ လုပ်နေသည့် ဖုန်းဆင်းကတ် ငါးသိန်းနီးပါး ပိတ်ပစ်ခဲ့ရသည်။

စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သော စစ်တပ်၏ မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးတွင် ထိုကဲ့သို့ ကျားဖြန့်ဆင်းကတ် အရေအတွက် သိန်းနှင့်ချီ ပိတ်ပစ်ခဲ့ရသည်ဟု စစ်တပ်၏ လုံခြုံရေးနှင့် နယ်စပ်​ရေးရာ ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ပိတ်သိမ်းလိုက်သော ဆင်းကတ်များနှင့် ပတ်သက်၍ လူအရေအတွက်မည်မျှ အရေးယူခဲ့သည်၊ ဆင်းကတ်များ ပွားခံထားရခြင်း ရှိမရှိကိုမူ တိတိကျကျ ထည့်မပြောပေ။

ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်အပါအဝင် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသည့်  အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များ၊ အပလီကေးရှင်းများ၏ Server Domainနှင့် တည်နေရာ (IP Address) များကို ပိတ်ပင်ခြင်း၊ လောင်းကစားမှုစာတို (SMS) ပေးပို့နေသည့် ဖုန်းနံပါတ်များ ပိတ်သိမ်းခြင်းကို ပြုလုပ်ခဲ့သည်ဟု မန္တလေးတိုင်း နယ်လုံဝန်ကြီးက ဆိုသည်။

တရုတ်နယ်စပ်အနီးရှိ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသများနှင့် ကိုးကန့်ဒေသတို့တွင် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကျယ်ပြန့်လာခဲ့သည်။ တရုတ်အစိုးရက နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ၂၀၂၃ ခုနှစ် နှစ်လယ်တွင် စတင်နှိမ်နင်းခဲ့သည်။ 

ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် စစ်တပ် လက်အောက်ခံ လောက်ကိုင်ဒေသ ဦးစီးအဖွဲ့နှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ တရုတ်အစိုးရက ဖမ်းဆီးခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် မဟာမိတ်များက နယ်မြေသိမ်းတိုက်ပွဲများနှင့်အတူ ကျားဖြန့်ဖမ်းဆီးရေး လုပ်ခဲ့ကြသည်။ 

ထိုသို့ နှိမ်နင်းခံလိုက်ရသဖြင့် ကျားဖြန့် ဗဟိုချက်သည် တရုတ်နယ်စပ်နှင့် ဝေးကွာသည့် ရှမ်းပြည်နယ် အတွင်းပိုင်းကျသည့် ကျေးရွာများ၊ ထိုင်း- မြန်မာနယ်စပ်နေရာများသို့ ရွှေ့ပြောင်း ရောက်ရှိလာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဆက်လက်ကြီးထွားခဲ့ကြသည်။

ယမန်နှစ်မှစတင်၍ တရုတ်၊ အမေရိကန် နိုင်ငံအပါအဝင် နိုင်ငံတကာဖိအားများကြောင့် ကျားဖြန့်လုပ်ငန်းများကို စစ်တပ်နှင့် ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အချို့က ဖြိုခွင်းခဲ့ကြသဖြင့် ထိုသူများသည် မြန်မာနိုင်ငံတဝန်း ပျံ့နှံ့သွားသည်။ 

စစ်တပ်မြို့တော် ပြင်ဦးလွင်တွင်လည်း ကျားဖြန့်အလုပ်အတွက် အလုပ်ခေါ်ယူမှုများ ရှိခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ကျားဖြန့်ဝန်ထမ်းဟောင်းတစ်ဦးကလည်း ပြောသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် နေထိုင်ကာ ကျားဖြန့်လုပ်ကိုင်သူ မြန်မာနိုင်ငံသားများက နယ်စပ်ဒေသမှ တိမ်းရှောင်လာသူ တရုတ်နိုင်ငံသား အချို့နှင့် ကျားဖြန့်လုပ်သားများကို နေအိမ်နှင့်လိုအပ်သည့်ပစ္စည်းများ ကူညီဆောင်ရွက်ပေးကြခြင်းဖြစ်သည်ဟု ထိုအမျိုးသားက ဆိုသည်။

စစ်တပ်က နှိမ်နင်းနေသည်ဟု ဆိုသော်လည်း ကျားဖြန့်လုပ်ငန်းများမှာ အမြစ်ပြတ်သွားခြင်းမရှိဘဲ နေရာရွှေ့ပြောင်း ဆက်လက်လုပ်ကိုင်နေကြကာ ရှင်သန်ကြီးထွားနေဆဲသာဖြစ်ကြောင်း ၎င်းတို့ အခြေစိုက်ရာ ဒေသများ၌ နေထိုင်သူများက Myanmar Now ကို ပြောထားကြသည်။ 

စစ်တပ်ဘက်ကလည်း မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများနှိမ်နင်းကြောင်း၊ ကျူးလွန်သူအများစုမှာ တရုတ် နိုင်ငံသားများနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံသားများလည်း ပါဝင်ကြောင်း စသည့်ဖမ်းဆီးမှုသတင်းသာမက အခြားသော အထောက်အထားများ၊ ဓာတ်ပုံများ၊ အချက်အလက်များကိုပါထည့်သွင်း၍ ယခုလအတွင်း သတင်းဖော်ပြမှုပုံစံ ပြောင်းလဲပြုလုပ် လာသည်။

တရုတ်အစိုးရနှင့် ထိုင်းအစိုးရ ဝန်ထမ်းအယောင်ဆောင်လိမ်လည်မှု ID များကို ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)  

ယခင်ကမူ ကျားဖြန့်အဆောက်အအုံများ စီးနင်းဖမ်းဆီးရရှိမှု၊ ဖြိုချမှု၊ လူနှင့်ပစ္စည်း ဖမ်းဆီးရရှိမှုများသာ စုစည်းထုတ်ပြန်လေ့ရှိသည်။ 

စစ်တပ်၏ စာရင်းများအရ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာလ ၃၁ရက်အတွင်း ရှမ်းပြည်နယ်၌ ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်သူ ပြည်ပနိုင်ငံသား ၇၅၉ ဦးအနက် ၅၀၂ ဦးသည် တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

တရုတ်နိုင်ငံသားအချင်းချင်းကိုသာ အဓိကပစ်မှတ်ထားပြီး အင်တာနက်၊ လူမှုကွန်ရက်နှင့် ဒီဂျစ်တယ် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ ငွေကြေးလိမ်လည်နေကြောင်း ၊ တရုတ်နိုင်ငံသားများသာ အဓိကအသုံးပြုသည့် မိတ်ဆွေဖွဲ့ Applicationနှင့် Chat Application များဖြစ်သည့် Safe W ၊ QQ ၊ Yuanbao၊ Dou Yu၊ Feishu ၊ Safe X ၊ Wechat ၊ Litmatchနှင့် Telegram စသည့် Application များကို အသုံးပြုလေ့ရှိကြောင်း ဖော်ပြသည်။ 

ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ အစိုးရဝန်ထမ်းများအဖြစ် အယောင်ဆောင်ကာ ထိုင်းနိုင်ငံသားများအား ပစ်မှတ်ထားလိမ်လည်နေသော အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို ဖမ်းဆီးနှိမ်နင်းခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာတွင် အချက်အလက်များနှင့်တကွ ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ စတင်၍  ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်ထိ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသား ၉၄၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၁၄ ရက် စစ်တပ်ထိန်းချုပ် သတင်းစာတွင်လည်း ထပ်မံဖော်ပြထားသည်။

စစ်တပ်အနေဖြင့် တနိုင်ငံလုံးအနှံ့ဂိတ်ပေါင်း ၃၈ ဂိတ်ဖွင့်ကာ နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုကို စစ်ဆေးနေကြောင်း နိုဝင်ဘာလ ၁၀ ရက်က ပြည်သူ့လွှတ်တော်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကျားဖြန့် ခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကိုလည်း စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူပြီး ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ယခုနှစ် ဩဂုတ်လ ၂၅ ရက်က နေပြည်တော်၌ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ပြောထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles