ရခိုင်ပြည်နယ်တွင် စစ်ရှောင်စခန်းတစ်ခု ဗုံးကြဲခံရ၍ လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ပြီးနောက် စစ်တပ်ရေယာဉ်များက အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့် ရမ်းဗြဲမြို့နယ်အတွင်းဝင်ရောက်ကာ အများပြည်သူ သွားလာရေးတွင် အရေးပါသည့် တံတားနှစ်စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်၊ ည ၇ နာရီအချိန်ခန့်က တိုက်လေယာဉ်တစ်စီးသည် ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနှင့် ယိုးငူရွာကြားရှိ လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေထိုင်သော“ဗျာလ”စစ်ဘေးရှောင်စခန်းကို ဗုံးနှစ်လုံးကြဲချခဲ့သောကြောင့် စစ်ဘေးရှောင် ၁၂ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိသွားသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် စစ်တွေမြို့နယ်တို့မှ စစ်ရှောင်လာသူအများစု နေထိုင်နေကြခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကနဦး သေဆုံးသူ ၁၀ဦးရှိပြီး ဒဏ်ရာပြင်းထန်သူများ ရှိသောကြောင့် သေဆုံးသူထပ်တိုးလာသည်ဟု AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာအသိုင်းအဝိုင်းနှင့် ရခိုင်အခြေစိုက်အရပ်ဘက်အဖွဲ့များထံက သိရသည်။
““ပထမစလို့ကြဲတုန်းက လူ ၁၀ ယောက်လောက် သေဆုံးပြီး ၂၀ လောက်ဒဏ်ရာရတယ်။ အခု ဒီနေ့ ထပ်တိုးက နှစ်ယောက်ရှိတယ်ဆိုတော့ သေဆုံးသူက ၁၂ ဖြစ်မယ်။ ဒဏ်ရာရသူက ၁၈ ယောက် ဖြစ်မယ်။ သေဆုံးသူတွေထဲမှာ အသက် ငါးနှစ်ကနေ ၆၀ ကျော်အထိပါတယ်။ ဒဏ်ရာရသူတွေထဲမှာ လူငယ်ပိုင်း၊ လူလတ်ပိုင်း၊ လူကြီးပိုင်းအားလုံး ပါပါတယ် ”ဟု ရခိုင်အရပ်ဘက် အဖွဲ့တစ်ဖွဲ့ဖြစ်သော ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုကျော်ဝင်းထွန်းက ပြောသည်။
အဆိုပါဗျာလစစ်ဘေးရှောင်စခန်းနှင့် အနီးရှိ အောင်ဖြူပြင် စစ်ဘေးရှောင်စခန်းတို့မှာလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်ကလည်း ဗုံးကြဲခံထားရပြီး ထိုစဉ်ကလည်း ရှစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိသွားခဲ့သေးသည်။
စစ်တပ်သည် ရခိုင်ဒေသအတွင်း စာသင်ကျောင်း၊ ဆေးရုံ၊ လူနေကျေးရွာ၊ စစ်ရှောင်စခန်း၊ သာသနိက အဆောက်အအုံစသည့် အရပ်ဘက်ပစ်မှတ်များကိုသာမက ဆက်သွယ်ရေးအတွက်အရေးပါသည့် လမ်းတံတားများကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ရခိုင်ဒေသခံများက ဆိုကြသည်။


နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၁ နာရီခွဲတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့် ရမ်းဗြဲမြို့နယ်အတွင်း ကျောက်ဖြူမြို့နယ်ဘက်မှ စစ်ရေယာဉ်များ ဝင်ရောက်လာကာ မြို့အဝင်အထွက် တံတားများဖြစ်သည့် သဇင်တန်ပေါက်တံတားနှင့် သံသမချေ တံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး တပြိုင်နက်တည်းမှာပင် လေယာဉ်ဖြင့်လည်း ဗုံးကြဲချခဲ့ကြောင်း ဒေသခံများ၊ AA စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ တံတားနှစ်စင်းသည် သံဘောင်များဖြင့် အခိုင်အခံ့ တည်ဆောက်ထားသော တံတားများဖြစ်ကြပြီး သံသမချေ တံတားသည် မင်းပြားမြို့မြောက်ဘက် မိုင် ၂၀ ခန့် အကွာ ကျောက်ဖြူမြို့နယ်အထွက်၌ တည်ရှိပြီး သဇင်တန်ပေါက် တံတားသည် ရမ်းဗြဲ-မအီလမ်းပေါ် မအီမြို့အထွက်၌ တည်ရှိသည်။
AA ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် တံတားနှစ်စင်းပေါ်တွင် ချိုင့်ခွက်များဖြင့် ပေါက်ပြဲနေပြီး တံတားဘောင်အချို့လည်း ထိခိုက်ပျက်စီးနေကာ မိုင်းအချို့ကိုလည်း တွေ့ရသည်။
ထို့နောက် တစ်နာရီခန့်အကြာ နံနက် ၂ နာရီခန့်တွင် မင်းပြား(အဥ္ဇနပူရ) မြို့နယ် စွန်ရဲကျေးရွာဘေးရှိ စွန်ရဲတံတားကိုလည်း လေယာဉ်က ဗုံးကြဲခဲ့သောကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါတံတားသည် မင်းပြား- ပေါက်တောလမ်းပေါ်ရှိ တံတားတစ်စင်းဖြစ်ပြီး မင်းပြားနှင့် ပေါက်တောမြို့နယ်သို့ ဆက်သွယ်ထားသော တံတားဖြစ်သည်။
ကျောက်တော်မြို့နယ် ယိုးချောင်းတံတားလည်း နိုဝင်ဘာလ ၁ ရက်ကလည်းဗုံးကြဲခံရပြီး လမ်းသွား လမ်းလာ ခုနစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယိုးချောင်းတံတားသည် ကျောက်တော်မြို့ တောင်ဘက် ၁၃ မိုင်အကွာတွင် ရှိပြီး ကျောက်တော်နှင့်ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပုဏ္ဏားကျွန်း -ကျောက်တော် -မြောက်ဦးကြား အချက်အချာကျသည့်လမ်းပေါ်၌ တည်ရှိသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့ တောင်ငူစုရပ်ကွက်ကို စစ်သင်္ဘောများက လက်နက်ကြီးဖြင့်ပစ်သဖြင့် နေအိမ် ခုနစ်လုံး ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ လူမဆန်သည့်လုပ်ရပ်ဖြစ်ကာ ပြည်သူများကို တမင်သက်သက်နှိပ်စက်နေခြင်းဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုကျော်ဝင်းထွန်းက မှတ်ချက်ပြုသည်။
“စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ရှောင်ပြည်သူတွေနေတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်တာက လူမဆန်တဲ့ လုပ်ရပ်လို့မြင်တယ်။ အခုတစ်ကြိမ်ဆိုရင် စစ်ရှောင်စခန်းကို ဒုတိယအကြိမ်လာရောက်ဗုံးကြဲတာပါ။ စစ်ဘေး ရှောင်စခန်းမှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေလည်း လုံခြုံမှုမရှိတော့သလို နေရမှာကိုလည်း ကြောက်လာတာကို တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။
မကြာသေးခင် နိုဝင်ဘာလ ၁၂ ရက်ညပိုင်းကလည်း ရှေးဟောင်းဘုရားစေတီပုထိုးများ အများအပြားတည်ရှိရာ မြောက်ဦးမြို့ ရှိ မူလတန်းကျောင်းနှင့် အနီးဝန်းကျင်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနှစ်ဦး သေဆုံးကာ ရှစ်ဦးဒဏ်ရာရသွားခဲ့သည်။
အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သော ဉာဏ်လင်းသစ်သုတေသနအဖွဲ့ က ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလ အထိ သုံးလအတွင်း နိုင်ငံတဝန်း၌ လူငါးဦးနှင့် အထက်သေဆုံးခဲ့သည့် အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ်ပေါင်း ၂၃ ခု ဖြစ်ပွားခဲ့ကြောင်း၊ အရပ်သားသေဆုံးသူ စုစုပေါင်း ၂၀၇ ဦး ရှိကြောင်း နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ AA က ထိုးစစ်ဆင်ခဲ့ပြီး ဒေသအများအပြား သိမ်းယူခဲ့ရာ ယခုအခါထိုးစစ်သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။
အလားတူ လက်ကျန်သုံးမြို့နယ်ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုလည်း ဆက်သိမ်းပိုက်ရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်၊ မပြီးဆုံးသေးသော တိုက်ပွဲများနှင့် ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိနေသော မြို့သိမ်းတိုက်ပွဲများကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး ကျန်ရှိနေသေးသော အာရက္ခဘိုးဘွားပိုင်နက်နယ်မြေများကို ပြည်သူများလက်ထဲသို့ မကြာမီပေးအပ်သွားမည်ဟု AA က နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်တပ်သည် စစ်ရေးနှင့်မသက်ဆိုင်သော စစ်ဘေးရှောင်စခန်း(IDP Camp)၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ အများပြည်သူသွားလာရာ လမ်း၊ တံတားနှင့် မြို့ရွာတို့ရှိ လူနေရပ်ကွက်များကို အာရက္ခဒေသအတွင်း၌ နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများ ပေါ်ပေါ်တင်တင် ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု AA က ဆိုထားသည်။
စစ်တပ်ဘက်ကလည်း ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ဒေသများကို ပြန်လည် ရရှိရေးအတွက် စက်တင်ဘာလဆန်းမှစတင်၍ ကြည်း၊ ရေ၊ လေ တန်ပြန်ထိုးစစ်ဆင်နေသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ပေါက်တောစသည့် သုံးမြို့နယ်ထက်မနည်းတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်။
စစ်တပ်က ရခိုင်ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သာမက အဆင်မြင့်ဒရုန်းအများအပြား အသုံးပြုတိုက်ခိုက်နေပြီး လေကြောင်းမှလည်း နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်နေ၍ အရပ်သား ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်နေသည်။
ထိုတိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးရှိကာ နှစ်ဖက်အပြန်အလှန် ထိုးဖောက်၍ စစ်ရေးအရ ဖိအားပေးနိုင်ရန် ကြိုးပမ်းနေကြသည်။ ထို့ကြောင့် ပွင့်လင်းရာသီတွင် ရခိုင်ဒေသတွင် စစ်မီးပိုမိုတောက်လောင် လာနိုင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများနှင့် AA ထိပ်ပိုင်းခေါင်းဆောင်များက သုံးသပ်ထားကြသည်။





