အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မင်းအောင်လှိုင်၏ “ကာကက်စ်တိုကရေစီ” နိုင်ငံတော်

မင်းအောင်လှိုင် အာဏာသိမ်းမှု၏ ဆိုးကျိုးများကို ငါးနှစ်ကျော် ရင်ဆိုင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံသည် အထွေထွေ အကျပ်အတည်းကြီးဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်နေပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်တစ်ဦး၏ အာဏာရမ္မက်ကြောင့် မြန်မာနိုင်ငံသည် မျိုးဆက်နှင့်ချီ ကုစားရန်မလွယ်သော ဆင်းရဲမွဲတေမှု တွင်းနက်ကြီးထဲ ကျဆင်းနေပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တိုင်းပြည်၏ စီးပွားရေး မည်သည့်အခြေအနေ ဆိုက်ရောက်စေကာမူ ၎င်းတို့၏ အာဏာခိုင်မြဲရေးနှင့် စစ်ရေးအသုံးစရိတ်အတွက် လိုအပ်သော ဘဏ္ဍာငွေကို ငွေစက္ကူထုတ်လုပ်ရေးစက်ရုံတွင် ရိုက်နှိပ် ထုတ်ယူသုံးစွဲသည့်နည်းလမ်းဖြင့် အလွယ်တကူ ဖြေရှင်းနေကြသည်။ 

စစ်အာဏာသိမ်းမှု ခြောက်နှစ်ခန့်အကြာ နိုင်ငံလူဦးရေ၏ သုံးပုံ နှစ်ပုံခန့်ဖြစ်သော ပြည်သူ ၃၇ ဒသမ ၅ သန်း သို့မဟုတ် ပြည်သူ သုံးဦးလျှင် နှစ်ဦးသည် ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရသည်။ ရခိုင်နှင့် ကရင်နီ (ကယား) ပြည်နယ်များကဲ့သို့ စစ်မက်ဖြစ်ပွားရာဒေသများတွင်မူ ပို၍ ပြင်းပြင်းထန်ထန် ခံစားနေရ ပြီဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အောက်တိုဘာလတွင် ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

UNDP ၏ အစီရင်ခံစာက နိုင်ငံ၏ နေရာဒေသအနှံ့ လူတန်းစားအလွှာပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ဆင်းရဲကျပ်တည်းမှု နက်ရှိုင်းကျယ်ပြန့်လာနေသည့် အဖြစ်ကို ကျယ်လောင်စွာ သတိပေးလိုက်ခြင်း ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှာ စစ်သွေးကြွ စစ်အုပ်စု၏ ဖျက်ဆီးခြေမွှခြင်း ခံနေရသော နိုင်ငံတော်၊ လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစွာရှင်သန်နေထိုင်ခွင့် ဆုံးရှုံးနေသော ပြည်သူများကို တွေ့မြင်နေရခြင်း ဖြစ်သည်။

မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းခဲ့သော်လည်း တနိုင်ငံလုံး အုံကြွတော်လှန်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်း၊ နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှု မရရှိခြင်း၊ တိုင်းပြည်အုပ်ချုပ်ခွင့် အပြည့်အဝ မရရှိခြင်းတို့ကြောင့် ပြည်သူကို ရန်သူလိုသဘောထား၊ တိုင်းပြည်ဘဏ္ဍာကိုဖြုန်း၍ စစ်အင်အားသုံးပြီး ပြည်သူသန်းပေါင်းများစွာ၏ ရပ်ရွာများကို အမြော်အမြင်ကင်းမဲ့စွာ ဖျက်ဆီးခြေမွှခဲ့သည်။ အကျိုး ဆက်အားဖြင့် ပြည်သူလူထုကို အခြေပြုလည်ပတ်ရသော နိုင်ငံ၏ စီးပွားရေးကို ပြင်းထန်သော ရိုက်ခတ်မှုများ ကြုံတွေ့နေရပြီ ဖြစ်သည်။ 

မင်းအောင်လှိုင်သည် “ကာကက်စ်တိုကရေစီ” (Kakistocracy) ၏ ပြယုဂ် ဖြစ်လာသည်။ ရှေးဟောင်း ဂရိဘာသာစကားမှ ဆင်းသက်လာပြီး၊ ၁၇ ရာစု အင်္ဂလန်နိုင်ငံ၌ စတင်သုံးစွဲခဲ့သော ကာကက်စ်တို ကရေစီ ဝေါဟာရသည် “အဆိုးရွားဆုံး အုပ်ချုပ်ရေး” ဟု အဓိပ္ပာယ်ရသည်။ တနည်းအားဖြင့် အရည်အချင်းမရှိဆုံး၊ ကျင့်ဝတ်သိက္ခာကင်းမဲ့ဆုံးနှင့် အရက်စက်အကြမ်းကြုတ်ဆုံး အုပ်ချုပ်ရေးဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မကြာသေးမီက ကျင်းပခဲ့သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့်မြောက်  အခမ်းအနားတွင် မင်းအောင်လှိုင်ခန့် ကာကွယ်ရေးဝန်ကြီးသစ် ရာပြည့်၏ ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေခြင်း ဟူသော ပြောဆိုချက်သည် ကာကက်စ်တိုကရေစီ၏ စရိုက်လက္ခဏာ ပေါ်လွင်ထင်ရှားစေသော သာဓကတစ်ခု ဖြစ်သည်။ ၎င်းတို့ စစ်တိုက်သည့် ပုံစံတွင် အများသိပြီးဖြစ်သည့်အတိုင်း အရပ်သားများကို ဖမ်းဆီးခြင်း၊ ဓားစာခံလုပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ခြင်းများလည်း ပါဝင်သည်။

လွန်ခဲ့သော ခြောက်နှစ်လုံးလုံး စစ်ပွဲများကြောင့် ပျက်စီးကြေမွနေပြီဖြစ်သော နိုင်ငံ၏ ပြဿနာများကို စစ်အင်အားသုံးဖြေရှင်းမည့် လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည့် မင်းအောင်လှိုင်၏ ရွေးချယ်မှုက ကာကက်စ်တိုကရေစီ သို့မဟုတ် ပြည်ဖျက်အုပ်ချုပ်ရေးသာ ဖြစ်ပေလိမ့်မည်။ စစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်မည်ဆိုလျှင် တတိုင်းပြည်လုံး နေရာမရွေး၊ လူ့အသိုက်အမြုံ မရွေး ဖျက်ဆီး ပစ်မည်ဆိုသည့် စရိုက်လက္ခဏာ ဖြစ်သည်။  

စစ်ပွဲများ၊ ပျက်စီးကြေမွနေသော လူ့အဖွဲ့အစည်းနှင့် ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု   

ထိုအခြေအနေတွင် နိုင်ငံသည် ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု (Multidimensional Poverty) ကြုံတွေ့ နေရပြီဟု UNDP က အစီရင်ခံစာ ထုတ်ပြန် သတိပေးထားသော်လည်း၊ ထိုပြဿနာ၏ အဓိကအရင်းခံ အကြောင်းရင်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကြောင့် ဆိုသည့်အချက်ကို ထောက်ပြရန် ရှောင်ရှားခဲ့သည်။ 

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၃၀ ကျော် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ (Least Developed Countries – LDC) စာရင်းဝင် နိုင်ငံဖြစ်နေခဲ့ပြီး ထိုဘဝမှလွတ်မြောက်မည့် သတ်မှတ်ချက်များကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် ပြည့်မီခဲ့သည့်အချက်ကို ဖျောက်ဖျက်ထား၍ မသင့်ပါ။ ထိုကဲ့သို့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်တော့မည့်အခြေအနေမှ ၂၀၂၆ ခုနှစ်တွင် ဆင်းရဲမွဲတေမှု တွင်းနက်ထဲ ပြောင်းပြန်ဇောက်ထိုး ကျဆင်းခဲ့ရခြင်းသည် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုကြောင့် ဆိုသည့်အချက်က အငြင်းမပွားနိုင်သော သက်သေအထောက်အထား ဖြစ်သည်။

သို့သော် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သော စာမျက်နှာ ၆၁ မျက်နှာရှိသည့် UNDP ၏ အစီရင်ခံစာတွင် အာဏာသိမ်းမှု (Coup) ဝေါဟာရကို လုံးဝသုံးနှုန်းခြင်းမရှိဘဲ၊ ကာလကြာရှည်နေပြီဖြစ်သော “ပဋိပက္ခများ” (Conflicts) ဟူသော ဝေါဟာရကို ၁၀၂ ကြိမ် သုံးစွဲဖော်ပြထားသည်။ နိုင်ငံတကာတွင် ဆင်းရဲမွဲတေမှု တိုင်းတာသည့်အခါ ငွေကြေးအခြေပြု ဆင်းရဲမွဲတေမှု (Monetary Poverty) ကို လူတစ်ဦးချင်းဝင်ငွေ အခြေခံပြီး တွက်ချက်တိုင်းတာလေ့ရှိသော်လည်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို ထိုနည်းလမ်းဖြင့် လေ့လာရန် မလုံလောက်သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းကို ထည့်သွင်း တွက်ချက်ခဲ့သည်ဟု ဆိုသည်။  

စစ်ပွဲများနှင့် သေဆုံးသူများ၏ ရုပ်အလောင်း၊ အရိုးခွံများ ပြန့်ကျဲနေသော သုသာန်တစပြင် မြို့ပျက် ရွာပျက်များက နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲသည့် အခြေအနေတွင် အသက်နှင့်ခန္ဓာ ရှင်သန်နိုင်ရေး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသော သန်းနှင့်ချီသည့် စစ်ဘေးဒုက္ခသည်များ ပြည့်နှက်နေသည့် နိုင်ငံကို ဆင်းရဲမွဲတေမှုကပ်ဘေးက ထပ်လောင်း ဖိစီးနှိပ်စက်နေပြီ ဖြစ်သည်။  

UNDP သည် ၎င်းတို့၏ အစီရင်ခံစာအတွက် စစ်ပွဲများဖြစ်ပွားရာဒေသများသို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာ အချက်အလက်ကောက်ယူခွင့် မရရှိခဲ့ပါ။ တယ်လီဖုန်း ဆက်သွယ်ရေးနည်းလမ်း အသုံးပြု၍ မေးမြန်း အချက်အလက်စုဆောင်းခဲ့ရခြင်းကို ထောက်ရှုခြင်းအားဖြင့် စစ်မက်ဖြစ်ပွားရာဒေသများရှိ ပြည်သူများကြုံတွေ့နေရသော ဆင်းရဲမွဲတေမှုအတိမ်အနက်ကို ခန့်မှန်းတွက်ချက်နိုင်ယုံမျှ တတ်နိုင် ပါလိမ့်မည်။ 

ထိုကဲ့သို့ အကန့်အသတ်များကြားမှ အချက်အလက်စုဆောင်းတိုင်းတာခဲ့သော နိုင်ငံ၏ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုသည် လူဦးရေ ၃၇ ဒသမ ၅ သန်းရှိနေပြီး၊ ဆင်ရဲမှုအတိမ်အနက်ကို အလွှာနှစ်ခု ခွဲခြားထား သည်။ ပထမအလွှာတွင် လူဦးရေ ၁၇ ဒသမ ၉ သန်းသည် ဆင်းရဲမှုတွင်းထဲ ကျရောက်နေပြီ ဖြစ်ပြီး၊ ယင်းတို့ ထဲမှာ လူဦးရေ ၅ ဒသမ ၂ သန်းခန့် သည် အပြင်းအထန်ဆင်းရဲမွဲတေမှု (Acute Poverty) ကြုံတွေ့နေရပြီ ဖြစ်သည်။ ဒုတိယအလွှာတွင် လူဦးရေ ၁၉ ဒသမ ၅ သန်းသည် ဆင်းရဲမွဲတေမှုတွင်း၏ နှုတ်ခမ်းဝသို့ ရောက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ 

UNDP ၏ အစီရင်ခံစာသည် ၂၀၂၅ ခုနှစ်အတွင်း ကောက်ယူခဲ့သော ကိန်းဂဏန်းအချက်အလက်များကို အခြေခံထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် တိုင်းပြည်၏ စီးပွားရေးအခြေအနေ ပို၍ဆိုးရွားလာ သည့် သတင်းများ ဆက်တိုက်ထွက်ပေါ်လျက်ရှိရာ ဆင်းရဲမွဲတေမှုတွင်းနက်ထဲ ထပ်မံ ကျဆင်းမည့် လူဦးရေ သေချာပေါက် တိုးပွားလာဖွယ်ရှိသည်။ ဆင်းရဲမွဲတေမှုနှုန်း အရှိန်ကို လျှော့ချမည့် သို့မဟုတ် ရပ်တန့်စေမည့် အကြောင်းတရားများကို ဖန်တီးနိုင်ခြင်း မရှိပါက ၂၀၂၇ ခုနှစ်တွင် အခြေအနေ  ပို၍ဆိုးရွားရန်သာရှိကြောင်း သုံးသပ်တွေ့ရှိရသည်။ 

တိုင်းပြည် ရင်ဆိုင်နေရသော ထိုအခြေအနေကို စစ်ဝန်ကြီးသစ် ရာပြည့်၏ ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေခြင်းဟူသော စစ်သွေးကြွစကားလုံးနှင့် ချိတ်ဆက်တွေးဆလျှင် နိုင်ငံတကာအဖွဲ့ အစည်းများ အကြိမ်ကြိမ် သတိပေးနေသော ပြန်လည်ကုစားရန် ခက်ခဲသည့် ဆင်းရဲမွဲတေမှု ဘေးဆိုးကြီးမှ ဆယ်စုနှစ်နှင့်ချီ ရုန်းမထွက်နိုင်ဘဲ ခံစားရတော့မည့် လမ်းကြောင်းဆီ စစ်အုပ်စု မိုက်မိုက်မဲမဲ ဆက်လက်ဦးတည်နေသည်ကို တွေ့မြင်နေပြီ ဖြစ်သည်။ ထိုအချင်းအရာကို ၂၀၂၆ ခုနှစ် အရပ်သား ပြည်သူများနေထိုင်ရာ ရပ်ရွာများကို စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်နေမှုများ နေ့စဉ် တိုးမြှင့်ကျူးလွန်နေခြင်းက သက်သေခံနေသည်။  

မင်းအောင်လှိုင် မဖြေရှင်းနိုင်တော့သည့် နိုင်ငံတော်ပြဿနာကြီးများ

၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းရောက်ရှိလာချိန်တွင် လွန်ခဲ့သော ငါးနှစ်ကျော် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရင်ဆိုင်ခဲ့ရသော လူမှုဒုက္ခအဖုံဖုံသည် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှု ဆိုးကျိုးများအဖြစ် ယခုအခါ အထွေထွေ အကျပ်အတည်းကြီးဆီသို့ အရှိန်အဟုန်နှင့် ဦးတည်နေပြီ ဖြစ်သည်။ 

ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုကြီးသည် နိုင်ငံတော်ပြဿနာကြီး ဖြစ်လာပြီး၊ မင်းအောင်လှိုင်တွင် ဖြေရှင်းနိုင်သော အရည်အချင်းမရှိသည်မှာ အလွန်ထင်ရှားနေပြီ ဖြစ်သည်။ လွန်ခဲ့သောငါးနှစ်ကျော်လုံးလုံး မင်းအောင်လှိုင်ကို စောင့်ကြည့်လေ့လာမှုများအရ တိုင်းပြည်ခေါင်းဆောင် တစ်ဦးတွင် ရှိရမည့် တိုင်းပြုပြည်ပြုအရည်အချင်းများ လုံးဝမတွေ့မရှိရဘဲ၊ ကာကက်စ်တိုကရေစီ သို့မဟုတ် အဆိုးရွာဆုံး အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့ကြောင်း ယခုအခါ အထောက်အထား မြောက်မြားစွာဖြင့် သက်သေပြသနိုင်နေပြီ ဖြစ်သည်။  

လွန်ခဲ့သော ငါးနှစ်အတွင်း မင်းအောင်လှိုင် ဖျက်ဆီးခဲ့သော လူမှုစီးပွားအခြေခံအဆောက်အဦများမှာ လက်ညှိုးထိုးမလွဲ တွေ့မြင်နိုင်ပါသည်။ အထင်ရှားဆုံးနယ်ပယ်မှာ အာဏာမသိမ်းမီ ဆယ်စုနှစ် (2010 – 2020) အတွင်း ဂျပန်နိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့တို့၏ အကူအညီဖြင့် တိုင်းပြည်၏ပြည်ပကြွေးမြီများကို Paris Club မြီရှင်နိုင်ငံများနှင့် စာရင်းရှင်းလင်းနိုင်ခဲ့ပြီး၊ နိုင်ငံတကာအဆင့်အတန်းနှင့် လျော်ညီစွာ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ခဲ့သော်လည်း၊ အာဏာသိမ်းပြီးနောက် ထိုအရင်းအမြစ်များအားလုံးကို မင်းအောင်လှိုင် ဖျက်ဆီးလိုက်သည်။ 

အထင်ရှားဆုံး ဥပမာတစ်ခုမှာ နိုင်ငံခြားငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း ကျင့်သုံးသည့်စနစ်နှင့် နိုင်ငံခြားကုမ္ပဏီများ၏ အမြတ်ငွေများကို မူရင်းနိုင်ငံသို့ လွတ်လပ်စွာ ပြန်လည်ပေးပို့ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှု အာမခံချက်များကို မင်းအောင်လှိုင်၏ သဘောဆန္ဒအတိုင်း အတင်းအကျပ်သတ်မှတ်သည့် ငွေလဲနှုန်းအမျိုးမျိုးဖြင့် ငွေကြေးဈေးကွက် ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်၊  အကျိုးဆက်အားဖြင့် တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ယုံကြည်မှုပျက်ပြားသွားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တိုင်းပြည်မှ ထွက်ခွာသွား ကြပြီး၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မလာတော့ပါ။ 

ငွေကြေးဈေးကွက်တည်ငြိမ်ရန် ထိန်းကြောင်းနိုင်သည့် အရည်အချင်း မင်းအောင်လှိုင်တွင် မရှိခြင်းက ထင်ရှားသော ဥပမာတစ်ခုသာ ဖြစ်ပြီး၊ လူမှုစီးပွားအခြေခံအဆောက်အဦများ မျက်နှာစာအသီးသီးတွင် ၎င်းဖျက်ဆီးခဲ့သော နယ်ပယ်အများအပြား ရှိပါသည်။ လူမှုစီးပွားအခြေခံအဆောက်အဦများသည် နယ်ပယ်တစ်ခုနှင့် တစ်ခု အပြန်အလှန်အမှီပြု အကျိုးသက်ရောက်မှုများရှိနေသဖြင့် တိုးတက်ဖြစ်ထွန်းခြင်းနှင့် ပျက်စီးကျဆုံးခြင်း ဖြစ်စဉ်များသည် သီးခြားသဘောမဆောင်ဘဲ၊ ယှဉ်တွဲဖြစ်ပေါ်တတ်ပါသည်။

  ထို့ကဲ့သို့ ဖျက်ဆီးမှုများကြောင့် ငွေလဲနှုန်းမတည်ငြိမ်ခြင်းနှင့် ငွေကြေးဖောင်းပွလာခြင်း၊ ကုန်ဈေးနှုန်း မတည်ငြိမ်ခြင်းနှင့် ကြီးမြင့်လာခြင်း၊ နိုင်ငံခြားမှ စက်မှုကုန်ကြမ်းများ တင်သွင်း၍ ကုန်ချောထုတ်လုပ်ရသော စက်မှု ထုတ်ကုန်များ၏ ကုန်ထုတ်လုပ်မှု ကွင်းဆက်များကို ဖျက်ဆီးပစ်ခြင်း၊ လုပ်ငန်းများပိတ်သိမ်းမှု များပြားလာခြင်း၊ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်မားလာခြင်း၊ လုပ်သားအင်အားရင်းမြစ်များ  ပြည်ပသို့ နည်းလမ်းအမျိုးမျိုး အရှိန်အဟုန်ပြင်းပြင်း ထွက်ခွာနေခြင်း၊ တိုင်းပြည်စီးပွားရေး ကျဆင်းမှု နှစ်စဉ်ဆက်တိုက်ဖြစ်ပေါ် နေခြင်း စသည့် ကွင်းဆက်သက်ရောက်မှုများ (Chained Effects) ကို မင်းအောင်လှိုင်သည် မည်ကဲ့သို့ ဖြေရှင်းရမှန်းမသိဘဲ ၎င်းအကျွမ်းကျင်ဆုံးဖြစ်သော အမိန့်အာဏာဖြင့် ဖမ်းဆီး၊ ဖိနှိပ်၊ အကြမ်းဖက်၊ အကျဉ်းချ (Arrest-Oppress-Violent-Detention) နည်းလမ်းများဖြင့်သာ ဖြေရှင်းနေသည်ကို တွေ့ရှိရသည်။ 

အစိုးရတစ်ခု၏ သက်တမ်းကာလတခုနှင့်ညီမျှသော ငါးနှစ်အတွင်း နိုင်ငံတော်ပြဿနာကြီးများအဖြစ် အရှိန်အဟုန်နှင့် ကြီးထွားလာသော ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုပြဿနာကြီးကို ဖြေရှင်းရေးထက်၊ မင်းအောင်လှိုင်သည် ၎င်း၏အာဏာခိုင်မြဲရေးအတွက် ၎င်းကိုဆန့်ကျင်သော ပြည်သူများကို ဖြိုခွင်းရန် နိုင်ငံတော်ကာကွယ်ရေး အတွက် ရည်ရွယ်တည်ထောင်ခဲ့သော စစ်တပ်ကို ကိုယ်ပိုင်လက်နက်ကိုင်တပ် သဖွယ် အစွမ်းကုန် အသုံးချပြီး၊ လူအဖွဲ့အစည်းတစ်ခု ပုံမှန်ရှင်သန်ရပ်တည်နိုင်ရန် မရှိမဖြစ် လိုအပ်သော လူမှုစီးပွားအခြေခံအဆောက်အဦများ မလည်ပတ်နိုင်စေရန် စနစ်တကျဖျက်ဆီးရေး မဟာဗျူဟာ (Systematic, Destructive Strategy against Socio-Economic Infrastructures) ကို ကျင့်သုံးနေခြင်း သည် လူသားမျိုးနွယ်ကို ကျူးလွန်သော ကြီးလေးသည့် ရာဇဝတ်မှုကြီး ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက် ရပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။