အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဂံတဖက်ကမ်း မကွေးတိုင်းမှ ရေနံထွက်သည့်ရွာကို စစ်တပ် ထပ်မံထိုးစစ်ဆင် မီးရှို့ 

ပခုက္ကူမြို့နယ် မြစ်ခြေမြို့အနီးရှိ တပိုင်တနိုင်ရေနံလုပ်ငန်းများရှိရာ ရေနံချပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သည်။

တော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာငွေကိုဖြတ်တောက်ရန် ရေနံထွက်ရာနေရာများအား ပစ်မှတ်ထားနေသည့် စစ်တပ်က မကွေးတိုင်း ပခုက္ကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရေနံချပ်ရွာကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများကပြောသည်။ 

ပခုက္ကူခရိုင်အတွင်းရှိ မြိုင်နှင့်ပေါက်မြို့နယ်ရှိ ရေနံမြေများကို လနှင့်ချီစစ်ကြောင်းထိုးပြီး ရေနံတွင်းများကို ဖျက်ဆီးနေချိန် တပြိုင်နက်တည်းတွင် ပခုက္ကူမြို့နယ် မြစ်ခြေမြို့အနီး တပိုင်တနိုင်ရေနံလုပ်ငန်းများ ရှိရာ ရေနံချပ်ရွာကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။  

မြစ်အရှေ့ဘက်ကမ်း ပုဂံ ညောင်ဦးဘက်မှ စက်လှေ ငါးစီးဖြင့် စက်တင်ဘာလ ၁၈ ရက်တွင် မြစ်ကိုဖြတ်ကူး၍ ရေနံချပ်ရွာကို စစ်ကြောင်းထိုးလာသလို အနီးရှိ ပြည်သူ့စစ်များအားကောင်းရာ ဆိက္ခဝရွာတို့ တပ်ဖွဲ့ဝင်များပူးပေါင်းပြီး စက်တင်ဘာ ၂၁ ရက်ထိ မီးရှို့မှုများလုပ်ဆောင်နေသဖြင့် ရွာလုံးကျွတ် နီးပါးပျက်စီးခဲ့ကြောင်း သိရသည်။  

“ရေနံချပ်ကိုဘယ်လောက်မှ အိမ်ခြေမကျန်လောက်အောင်ရှို့တာ။ ရွာလုံးကျွတ် နီးပါးကိုရှို့တာ။ လက်ဆယ်ချောင်းမပြည့်တဲ့ အနေအထားလောက်ပဲ ကျန်တော့တာ”ဟု စစ်ရှောင်အရေးကူညီပေးနေသည့် အညာတောအိမ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ရေနံမြေထွက်ရှိရာနေရာများကို ထိုးစစ်ဆင်နေသဖြင့် စစ်ရေးတင်းမာမှုဖြစ်ပွားရာနေရာများကို ပြသသည့် မြေပုံ။

ရေနံချပ်ကျေးရွာသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံနှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ် အနောက်ဘက် ကမ်းနဖူးတွင်တည်ရှိပြီး စစ်တပ်နှင့် ပျူစောထီးများ အားကောင်းသည့် ဆိက္ခဝရွာမှာ မြောက်ဘက်  သုံးမိုင်ခန့် အကွာတွင်ရှိသည်။ 

စစ်အာဏာရှင်တပ်ဖွဲ့ဝင်များဆက်ရှိနေပြီး တော်လှန်ရေးအင်အားစုများနှင့်လည်းထိတွေ့မှုများရှိနေဆဲ ဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးသည့် အိမ်ခြေအရေအတွက်အတိအကျကို စာရင်းကောက်ယူနိုင်ခြင်း မရှိသေးဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများကဆိုသည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားရာ ရေနံချပ်ရွာသည် တပိုင်တနိုင် ရေနံကျင်းများလည်း  လုပ်ကိုင်လျက်ရှိပြီး ထိုလုပ်ငန်းများကိုပြန်လည်ထိန်းချုပ်လိုသည့်အတွက် စစ်ကြောင်းထိုးလာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတို့ကသုံးသပ်သည်။ 

 “ဒီလိုစစ်ကြောင်းထိုးတာကတော့ စစ်ကောင်စီက ဆိက္ခဝ- အရာတော်- ရေနံချပ်နယ်မြေကို သူတို့ပြန်လိုချင်တဲ့အနေနဲ့ထိုးတယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ လိုချင်တဲ့ကိစ္စက ကျတော့ တခြားနေရာတွေနဲ့အပြိုင် ရေနံမြေတွေအပါအဝင် သူတို့ resource (ရင်းမြစ်)တွေကို သူတို့ ထိန်းသိမ်းမယ်၊ နေရာယူမယ်လို့ မြင်ရပါတယ်”ဟု ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံ ကိုစိုးထွဋ်ဝင်းကပြောသည်။ 

ရေနံချပ်ရွာရှိ ရေနံလုပ်ငန်းများမှာ ဒေသခံအများစု တနိုင်တပိုင်လုပ်ကိုင်သည့် အနေအထားဖြစ်ကြောင်း သိရသည်။

“တနိုင်တပိုင်ကျင်းတွေက အဲ့ဒီနားလေးမှာရှိတာ။ ဒေသခံလေးတွေပဲ၊ အဲ့ဒီနားကရွာတွေကပဲ တူးတာ။ သိသလောက်တော့ ပြင်ပကနေ အရမ်းကြီး အုန်းအုန်းကြွက်ကြွက်တူးတဲ့ဒေသမဟုတ်ဘူး။ တနိုင်တပိုင် လောက်ပဲပေါ့”ဟု အညာတောအိမ်မှ အထက်ပါအဖွဲ့ဝင်ကပြောသည်။ 

စစ်ကောင်စီစစ်ကြောင်းစတင်မဝင်ရောက်မီ ပြီးခဲ့သည့်သီတင်းပတ်မှ စတင်၍ ရေနံချပ်ရွာကို နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူငါးဦးထက်မနည်းသေဆုံး၊ နှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ စစ်တပ်စစ်ကြောင်း အခြေအနေကြောင့် ထိခိုက်သေဆုံး သူများ၏ အသက်အရွယ်၊ ကျား၊ မ စသည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ 

စစ်တပ်လေကြောင်းရန်နှင့် မြေပြင်စစ်ကြောင်းရန်တို့ကြောင့် ရေနံချပ်နှင့် အနီးရှိ ရွာသစ်၊ ရွာရာ၊ အုတ်ကျောင်း စသည့်ကျေးရွာတို့မှ ဒေသခံနှစ်ထောင်ကျော် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။ 

စစ်ဘေးရှောင်ပြည်သူများမှာ စစ်တပ်၏ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ၊ တိုက်လေယာဉ်တို့၏ ရန်သာမက အသေခံဒရုန်းများ၏ ရန်ကိုပါ စိုးရွံ့နေရသလို အရေးပေါ်စစ်ရှောင်လာရသဖြင့် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေကြောင်း အညာတောအိမ်အဖွဲ့က ပြောသည်။ 

ရေနံချပ်ရွာနှင့် မိုင် ၅၀ ကျော်အကွာ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်စပ်ရှိ ရေနံမြေများကိုလည်း စစ်တပ်က ပြီးခဲ့သည့်မေလကတည်းက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိရာ တော်လှန်ရေးအင်အားစုများက “အညာတမာစစ်ဆင်ရေး”ဖြင့် စုပေါင်းခုခံ နေသည်။ 

စစ်တပ်က တဲကြီးရွာတွင် ခြေကုပ်ယူကာအနီးရှိ Well 1၊ Well 2 ရေနံမြေမှ ရေနံတွင်းများကို ဖျက်ဆီး မှုများလုပ်ဆောင်နေသည်ဟု အညာတမာ စစ်ဆင်ရေးပြောရေးဆိုခွင့်ရှိသူ ကိုပြည့်ဖြိုးကျော်က ပြောသည်။ 

“ရေနံမြေထဲကိုထွက်လာပြီး မိုင်းခွဲလိုက်၊ ရေနံမြေတဝိုက်ကို လှည့်ပတ်ပြီးတော့ ဖျက်ဆီးနေဆဲပါ။ Well 1၊ Well 2 တဝိုက်တိုးနေတာတော့ရှိပါတယ်။ ဒါပေမဲ့ ဖျက်ဆီးတာကတော့ရှေ့မှာရှိတဲ့ ဒေသခံတွေ ကျင်းတွေကိုပဲ လိုက်ပြီးတော့ မီးရှို့ဖျက်ဆီးတယ်။ … ရေနံမြေလည်ပတ်မှုကလည်း ရပ်တန့်သွားပြီပေါ့” ဟု ကိုပြည့်ဖြိုးကျော်ကပြောသည်။ 

လနှင့်ချီကြာမြင့်နေသည့် စစ်ကြောင်းရန်ကြောင့် တဲကြီးရွာအပါအဝင် အနီးရှိ တောင်ရိုး၊ နသတ်၊ ကြက်ဆူအိုင်၊ ကံသစ်စသည့် ကျေးရွာတို့မှ ရာနှင့်ချီသည့်ဒေသခံများလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ 

ပခုက္ကူခရိုင်အတွင်း ရေနံထွက်ရှိရာ ဒေသများကို စစ်ကြောင်းထိုး မီးရှို့နေသည့် အခြေအနေနှင့်  ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။ 

နိုင်ငံအလယ်ပိုင်း မကွေးတိုင်းသည် တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နှင့် ချိတ်ဆက်နေလျက်ရှိသည်။ ယင်းအပြင် ထောက်ပံ့ပို့ဆောင်ရေးတွင် အရေးပါသည့် လမ်းကြောင်းဖြစ်သည့်အတွက် ယခုနှစ်ဆန်းပိုင်းမှစတင်၍ မကွေးတိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပိုစိပ်လာခဲ့ရာ လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာသည်။ 

ထို့အပြင် စစ်တပ်၏အသက်သွေးကြောဖြစ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လက်နက်စက်ရုံ ၂၅ ခု အနက် ၁၅ ခုမှာ မကွေးတိုင်း၌ရှိရာ နယ်မြေစိုးမိုးထိန်းချုပ်ရေးသည် စစ်တပ်အတွက် အရေးပါသည်။ 

နယ်မြေအများအပြားလက်လွှတ်ထားရသည့် စစ်တပ်သည် ရခိုင်ပြည်နယ်ကို ထိုးဖောက်စစ်ဆင်ရန်အတွက် မင်းတုန်းမြို့နယ်ဘက်ခြမ်းမှ မေလကတည်းက အင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်နေပြီး ရခိုင်ဝင်ပေါက် တခုဖြစ်သည့် အမ်း- ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်စခန်းအနီးတွင်လည်း တိုက်ပွဲပြင်းထန်နေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည်။ 

ထို့အပြင် မကွေးတိုင်းအနောက်ဘက် ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ယောဒေသတို့မှတဆင့် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်သို့ စစ်ကြောင်းနှစ်ခုဖြင့် ထိုးဖောက်နေသည်မှာ ပြီးခဲ့သည့်မေလလယ် ကတည်းကဖြစ်သည်။ ချင်းတောင်ပိုင်းလမ်းကြောင်းမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့အထိပါ ချိတ်ဆက်ထားခြင်းကြောင့် နှစ်ဘက်လုံးအတွက် အချက်အချာကျရာ ဒေသလည်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဆောမြို့နယ် လောင်းရှည်အခြေစိုက် ကပစ ၂၅ သို့  ရိက္ခာနှင့် စစ်အင်အားများတင်ဆောင်လာသည့် စစ်ကား ၁၈၅ စီး ပို့ဆောင်ဖြည့်တင်းခဲ့ပြီး ချင်းတောင်ဘက်သို့ထိုးနေသည့် စစ်ကြောင်းကို အင်အား ဖြည့်တင်းလာနိုင်ခြေရှိကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ထားသည်။ 

ရခိုင်- ချင်းတို့ကို ထိုးဖောက်နိုင်ရေးအပြင် တော်လှန်ရေးအင်အားစုများအတွက် ဝင်ငွေအရင်းအမြစ် လမ်းကြောင်းတစ်ခုဖြစ်သည့် ရေနံမြေများကို စစ်တပ်က အပြင်းထန်ထိုးစစ်ဆင်နေသည်။ 

ပြီးခဲ့သည့် ဩဂုတ်လတွင် မကွေးဒေသရှိ မြို့နယ် ကိုးခုတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု၊ မီးရှို့မှုကြောင့် နေအိမ် ၇၀၀ ကျော် ပြာကျပျက်စီးခဲ့ရကြောင်း စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်ပြီး လစဉ်အစီရင်ခံစာထုတ်ပြန်နေသည့် တမာဖွံ့ဖြိုးရေးအင်စတီကျူ မှသိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles