စစ်တပ်သည် ရခိုင်ပြည်နယ် စစ်တွေမြိုကို ခြေကုပ်ယူကာ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင် အပါအဝင် ကျောက်ဖြူစသောမြို့နယ်များကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး စစ်ရေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများလည်း ရှိနေကြောင်း ဒေသခံများထံက သိရသည်။
စစ်တွေမြို့အရှေ့ဘက် မြစ်တစ်ဖက်ကမ်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပေါက်တောမြို့နယ် (AA အခေါ် ဝီရဌာနီမြို့နယ်) ၏ အနောက်ဖရုံကာကျွန်း စိုးမဲကျီကျေးရွာအနီး၌ ယမန်နေ့ ( စက်တင်ဘာလ ၁၆ ရက်) တွင် စစ်သင်္ဘောနှစ်စီးက ငါးဖမ်းသမားများအား ဖမ်းဆီးပြီး စက်လှေနှစ်စီးကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စိုးမဲကျီရွာနှင့် ကုလားသိမ်းရွာအနီး ပင်လယ်ပြင်တွင် ငါးဖမ်းနေသော စက်လှေ နှစ်စီးကို စစ်သင်္ဘော နှစ်စီးက လိုက်လံဖမ်းဆီးပြီး အဆိုပါကျေးရွာများဘက်သို့ ပစ်ခတ်မှုများလုပ်ခဲ့သည်ဟု ပေါက်တော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ငါးဖမ်းစက်လှေတွေကို ဖမ်းမိသွားတယ်။ ပစ္စည်းတွေယူပြီး စက်လှေတွေကို မီးရှို့လိုက်တယ်လို့ သိရတယ်။ စက်လှေက ငါးဖမ်းသမားတွေကိုလည်း ဖမ်းသွားတယ်။ ရွာအနားတွေကို လက်နက်ကြီးတွေ ကျပေမယ့် ရွာသားတွေတော့ ဘာမှမဖြစ်လိုက်ဘူး”ဟု ၎င်းက ဆိုသည်။
၎င်းစက်လှေများမှာ အလယ်ဖရုံကာကျွန်း ဆင်တက်မော်ရွာမှ ရိုဟင်ဂျာ စက်လှေနှစ်စီးဖြစ်ပြီး ထိုစက်လှေများ သည် စက်တင်ဘာလ ၁၄ ရက်ကတည်းက ငါးဖမ်းနေကြခြင်းဖြစ်သည်။
ထိုစက်လှေများမှ ဦးကော်သိရ် အပါအဝင် ရိုဟင်ဂျာ ကိုးဦးကို ရိုက်နှက်ဖမ်းဆီးသွားပြီး ယနေ့ (စက်တင်ဘာလ ၁၇ ရက်) နံနက် ၁ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်ဘက်မှာ လွှတ်ပေးလိုက်ကြောင်း AA နှင့်နီးစပ်သူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ငါးဖမ်းပိုက် ၁၀၀၊ မြား ၁၀၀၀၊ ဆိုလာပြား ၊ဘက်ထရီအိုး၊ ဆန်၊ ဆီ၊ ဆား၊ ငါးဖမ်းပိုက်တွေကိုလည်း ယူသွားတယ်။ စက်လှေကိုလည်း မီးရှို့ခဲ့တယ်။ လူတွေကိုလည်း ကြိုးနဲ့တုပ်ဖမ်းသွားတယ်။ ကျောက်ဖြူအထိ ဖမ်းသွားပြီး ပြန်လွှတ်လိုက်တယ်။ အခု ရွာကိုရောက်နေကြပြီ” ဟု ၎င်းကဆိုသည်။
စစ်သင်္ဘောများသည် စစ်တွေ- ကျောက်ဖြူတလျှောက် သွားလာနေကြပြီး ငါးဖမ်းစက်လှေများကို မကြာခဏဖမ်းဆီးမှုများရှိနေသောကြောင့် ဒေသခံများ အရဲစွန့်ကာ ငါးဖမ်းနေကြရသည်ဟု ဆိုကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်ကလည်း မြေပုံမြို့နယ် ကျွန်းသာယာရွာမှ ငါးဖမ်းစက်လှေ တစ်စီးကို မြေပုံမြစ်တွင် မီးရှို့ခဲ့ပြီး ငါးဖမ်းသမားကို ဖမ်းဆီးသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြို့နယ်အများအပြားကို လက်လွှတ်ထားရသည့် စစ်တပ်သည် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရန်အတွက် ရေကြောင်း၊ ကုန်းကြောင်းဖြင့် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိတွင် စစ်တပ်သည် ပြည်နယ်မြို့တော် စစ်တွေ၏ အရှေ့မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်ကို သိမ်းပိုက်ရန်ကြိုးစားနေပြီး စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်နှစ်ခုအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် ကျောက်ဖြူမြို့နယ် စနဲမြို့ တောင်မော်ဦးရေတပ်ဝန်းကျင် အဝတောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စနဲမြို့သည် AA ထိန်းချုပ်သည့် ဒေသ ဖြစ်သည်။
ပြီးခဲ့သည့်ရက်များအတွင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ယနေ့တွင်လည်း မြောက်ဦးမြို့နယ်ကို လေယာဉ်များက ဗုံးကြဲနေပြီး အထိအခိုက် မသိရသေးပေ။
စစ်တွေမြို့နယ်အနီး ရသေ့တောင်မြို့နယ် မေယုမြစ်ကမ်းရှိ ကျေးရွာတို့ကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေသောကြောင့် အငူမော်၊ ကုန်တန်း၊ မကျည်းချောင်း စသည့် ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။
စစ်တပ်ဝါဒဖြန့်သူများကမူ “၄၉၂၆ စစ်ဆင်ရေး” အမည်ဖြင့် ကျောက်ဖြူနှင့် ပုဏ္ဏားကျွန်းတို့တွင် ဒရုန်းစစ်ဆင်ရေး ဆင်နွှဲနေကြောင်း၊ ကျောက်ဖြူမြို့နယ် စနဲတံတားကို ထိန်းချုပ်လိုက်ကြောင် ရုပ်သံဖိုင်များ ထုတ်ပြန်ဖော်ပြနေကြသော်လည်း စစ်တပ်ဘက်ကမူ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းတို့ကြောင့် ဒေသခံများ ထိခိုက်မှုရှိနေသဖြင့် အထူး သတိထားကြရန် AA က ၎င်းတို့အုပ်ချုပ်ရေးလည်ပတ်နေသည့် ရခိုင်ဒေသ မြို့၊ ရွာတို့တွင် သတိပေးထားသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။




