အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထားဝယ်တွင် ပျူစောထီးဟု သတင်းကြီးသူနှစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယမန်နေ့ (ဩဂုတ် ၃၀) ည၌ ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသူ နှစ်ဦး ပစ်သတ်ခံရပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံတချို့ထံမှ သိရသည်။ 

ယမန်နေ့ည ၁၀ နာရီခွဲအချိန်တွင် ရွာထိပ်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားဝင်းအတွင်း ၎င်းတို့ ကင်းစောင့်နေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်စဉ် အသက် ၄၀ အရွယ် ဦးလှိုင်ဝင်း၊ အသက် ၃၀ အရွယ် ဦးတောင်ဦးဆိုသူတို့ သေဆုံးသွားသည်ဟု ရွာခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဒဏ်ရာရသူ နှစ်ဦးမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးနှင့် ဦးဗုဒ္ဓေါတို့ဖြစ်ပြီး ထားဝယ်စစ်ဆေးရုံတွင် ရောက်နေသည်ဟု ကြားသိရကြောင်း၊ ပစ်ခတ်ခံရသော အဖွဲ့သည် ရွာအတွင်း အကြောင်းမဲ့ သေနတ်ဖောက်နေသူများဖြစ်ကြောင်း အဆိုပါရွာခံက ဆက်ပြောသည်။

“အဲဒီပျူစောထီးတွေက အုပ်ချုပ်ရေးမှူးက ဖွဲ့ပေးထားတဲ့အဖွဲ့။ ကိုးယောက်ရှိတယ်။ သူတို့မှာ သေနတ် ခြောက်လက်ရှိတယ်။ ညတိုင်း ကင်းလှည့်တယ်။ ၁၀ နာရီကနေ ၁၁ ကြားထဲမှာ ညတိုင်းပစ်တယ်။ ဘာအကြောင်းပြချက်မှမရှိဘူး၊ လျှောက်ပစ်တာ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေနတ်ကိုင်ဆောင်သူ ခြောက်ဦးမှာ စစ်ယူနီဖောင်းများ ဝတ်ဆင်ထားပြီး ကျန်အရပ်ဝတ်သုံးဦးမှာ ဆိုင်ကယ်ဖြင့် ညစဉ်ကင်းလှည့်လေ့ရှိကြောင်း၊ အဆိုပါ ပျူစောထီးအဖွဲ့ကို လွန်ခဲ့သော တစ်လခန့်က ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး မနက်တစ်နာရီခွဲခန့်တွင် ရွာထဲသို့ စစ်ကားရှစ်စီးရောက်လာကာ စစ်သားအင်အား သုံးဆယ်ခန့် ရွာတွင် တပ်စွဲကျန်ရစ်ခဲ့ကာ စစ်ကားငါးစီး ထားဝယ်မြို့ပေါ် ပြန်တက်သွားကြောင်း ကနက်သီရိရွာခံ နောက်တစ်ဦးက Myanmar Now ကို ပြောသည်။

“အခုကတော့ ကျွန်မတို့ရွာကနေ ထားဝယ်ကို လိုင်းဆွဲနေတဲ့ကားတွေ မနက်အစောကြီးမှာ ခေါ်ပြီး စစ်တယ်။ ဈေးရောင်းနေတဲ့ ဈေးသည်တွေလည်း ခေါ်ပြီးစစ်တယ်။ တော်တော်များများကို ခေါ်ပြီး စစ်တယ်။ လွှတ်ပေးတဲ့သူကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသူ အယောက် ၃၀ ခန့် ပြန်လွတ်လာသော်လည်း အခြားရွာမှ ရောက်ရှိနေသော လူငယ်နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးနေကြောင်း ထိုအမျိုးသမီးက ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးသည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ပြီး ၎င်းဦးဆောင်သည်ဆိုသော ပျူစောထီးအဖွဲ့သည် ကျေးရွာအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တံငါသည်များကို ဆက်ကြေးတောင်းတတ်ကြောင်း အထက်ပါရွာခံများထံမှ သိရသည်။

ရပ်ဝေးလှေများ တစ်ခါရပ်နားလျှင် သုံးသောင်းကျပ်၊ တစ်နိုင်တစ်ပိုင် ငါးပိကောင်ဖမ်းသည့် တံငါသည်များကို လစဉ်ကြေး တစ်သောင်းကျပ်နှင့် ရွာခံတံငါလှေများကို လစဉ်ကြေး တစ်သောင်းမှ တစ်သောင်းခွဲကျပ်အထိ ကောက်ခံလေ့ရှိပြီး အခြားစီးပွားရေးလုပ်ငန်းရှင်များထံမှလည်း အခွန်ကောက်ခံကြောင်း ရွာခံများက ဆိုသည်။

စစ်အာဏာသိမ်းပြီးကတည်းက ယနေ့အထိ ကနက်သီရိရွာတွင် NLD ပါတီဝင် ဦးဝင်းဇော်အပါအဝင် ရွာသားလေးဦး ဖမ်းဆီးထောင်ချခံရပြီး အခြားဖမ်းဆီးခံရသူ ၆၀ ခန့် ကို ဒဏ်ရိုက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ရွာခံများ၏ ပြောပြချက်အရ သိရသည်။

လူဦးရေ ၁,၉၀၀ ခန့်ရှိသော ကနက်သီရိရွာသည် ရွာကြီးတစ်ရွာဖြစ်ပြီး ထားဝယ်မြစ်ဝတွင် တည်ရှိသည်။

ထားဝယ်ခရိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ဒေသဖြစ်ပြီး လက်ရှိအချိန်အထိ ပြောက်ကျားဆန္ဒပြနေကြသော ဒေသဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသော ပျူစောထီးအဖွဲ့ကို ဒေသတချို့တွင် တွေ့ရတတ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles