မန္တလေးဟုဆိုလိုက်သည်နှင့် ရွှေရောင်တဝင်းဝင်းတောက်ပကာ သပ္ပါယ်သည့် မဟာမုနိ၊ မင်းနေပြည်တော် အငွေ့အသက်များ ကျန်ရှိနေသည့်ကျုံးရေပြင်၊ စည်ကားသက်ဝင်လှသည့် ဈေးချိုတော်နှင့် ပူပြင်းသည့် နေရောင်ခြည်အောက်တွင် မယိမ်းမယိုင် ရပ်တည်နေကြသည့် ကုသိုလ်တော် စေတီပုထိုးများကို မြင်ယောင်ကြမည်ဖြစ်သည်။
သို့သော်မန္တလေးသူ၊ မန္တလေးသားတို့၏ မန္တလေးသည် စာအုပ်ထဲမှဖွဲ့နွဲ့ခံ အလှတရားများသာမဟုတ်တော့ဘဲ ယခုအခါ နေ့စဉ်လူနေမှုဘဝအခက်အခဲများဖြင့် အသက်မဝတဝ ရှူရင်း ရုန်းကန်နေကြရသည့် မြို့တော်တစ်ခုဖြစ်လာခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ပြောင်းလဲလာသော စီးပွားရေး၊ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လူနေမှုစရိတ်မြင့်တက်မှုများသည် ပြည်သူများ၏ဘဝကို သက်ရောက်မှုကြီးမားနေကြောင်း မန္တလေးဒေသခံတို့၏ နေ့စဉ်ရုန်းကန်နေရမှုများကမီးမောင်းထိုးပြနေသည်။

နေရောင်ခြည်ကောင်းစွာ မထိုးဖောက်မီ နံနက်ခြောက်နာရီကတည်းက အိမ်ရှင်မ ဒေါ်နု၏ စက်ချုပ်သံ သို့မဟုတ် အဝတ်လျှော်ပုံး ထဲမှ ရေကို ပက်ထုတ်လိုက်သံကျယ်ကျယ်လောင်လောင်ဖြင့် အိမ်သားများ၏ တနေ့တာကိုစတင်လိုက်ပြီဖြစ်သည်။ ဒေါ်နု၏လက်များသည် ရပ်တန့်ခြင်းမရှိ။ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ရမည့်အလုပ်များက သူ့တနေ့တာကို ပုံဖော်ပေးနေသည်။
ဤမိသားစု၏ ငွေကြေးစီးဆင်းမှုမှာ ကျပ်တည်းလှသည်။ အိမ်ထောင်ဦးစီးဖြစ်သူ ကိုအေး(အမည်လွှဲ)မှာ မီနီအိုးဝေ(သုံးဘီးဆိုင်ကယ်)မောင်းသူဖြစ်သည်။ နေပူမရှောင်၊မိုးရွာမရှောင် လုပ်ကိုင်သော်လည်း တစ်ရက်လျှင်အုံနာခ နုတ်ကာ သုံးသောင်းကျပ်မျှသာ ပုံမှန်ရရှိသည်။ သားသမီး သုံးယောက်ရှိသည့်အနက် သမီးကြီးမှာ ဘွဲ့ရအရောင်းစာရေးမတစ်ဦးဖြစ်ပြီး တစ်လလျှင် ဝင်ငွေ ကျပ်ခုနစ်သိန်းရရှိသည်။
ဦးအေးသည် စစ်အာဏာမသိမ်းမီကမူ မန္တလေးမြို့ မြန်မာ့မီးရထားဌာနမှ လုပ်သက်နှစ်၂၀ ကျော်ခန့် ရှိသည့် စက်ခေါင်းမှူးတစ်ယောက်ဖြစ်ခဲ့သည်။
ဝင်ငွေသင့်တင့်ပြီး ထိုစဉ်က ကုန်ဈေးနှုန်းဖြင့် မိသားစုကိုဝမ်းဝ၊ ခါးလှအောင်ထားနိုင်ခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းပြည်သူများ ဆန့်ကျင်ဆန္ဒပြမှုများတွင် ဦးအေးတို့မီးရထားဌာန တစ်ခုလုံးနီးပါးနှင့်အတူ ဦးအေးလည်း အားတက်သရော ပါဝင်ခဲ့သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပူးပေါင်းခဲ့သည်။ ဌာနတူဝန်ထမ်းများ ရုံးပြန်တက်ကြသော်လည်း ယနေ့အထိ ဦးအေးက သပိတ်မလှန်သေးပါ။
မိသားစု၏တစ်လတာစုပေါင်းဝင်ငွေသည် ဇနီးသည်၏အဝတ်လျှော်ခ၊ စက်ချုပ်ခများအပါအဝင် သိန်း၂၀ ဝန်းကျင်ဖြစ်သည်။ သို့သော်ယနေ့ခေတ်ကုန်ဈေးနှုန်းများအရ ဤပမာဏသည် မလုံလောက်နိုင်သည့် ပမာဏတစ်ခုဖြစ်လာပြီး၊ ကျန်းမာရေးအတွက် စုဆောင်းငွေမရှိ၊ အကြွေးမတင်ရန်ပင် ရုန်းကန်နေရသည်ဟု ဦးအေးကပြောသည်။
“အရင်က ကိုယ့်တစ်ယောက်တည်းဝင်ငွေနဲ့မိသားစုကဝမ်းဝ၊ ခါးလှတယ်။ ဒါက အများကြီး ဝင်ငွေရနေလို့မဟုတ်ဘူး။ ကုန်ဈေးနှုန်းကြောင့် စားလောက်ခဲ့တာ။အခုက မိသားစုဝင်သုံးဦးလုံး တက်ညီလက်ညီရုန်းနေတာတောင် အပိုဝင်ငွေမရှိဘူး”ဟု ၎င်းကပြောသည်။
ကျောင်းနေအရွယ် သားသမီးသုံးယောက်၏ကျောင်းစရိတ်၊ ဝန်ထမ်းလိုင်းခန်းမှဆင်းပေးထားရသည့်အတွက် အိမ်ငှားနေရသည့် အိမ်ငှားရမ်းခ၊ စားသောက်စရိတ် စသည်တို့မှာ မိသားစုဝင်ငွေ၏ ကြီးမားသောအပိုင်းကို သိမ်းပိုက်ထားသည်။
နေ့စဉ်နှင့်အမျှမြင့်တက်နေသည့် ကုန်ဈေးနှုန်းကြောင့် ဦးအေးတို့ ထမင်းစားပွဲဝိုင်းသည် ဟင်းခွက်များ နည်းနည်းလာသည်။
“အခုဈေးတစ်ခါသွားရင် ဟိုဟာလေး တို့ကနန်း ဆိတ်ကနန်းဝယ်လိုက်ရင်ကို ပိုက်ဆံတွေက ကျပျောက်ခဲ့သလိုပဲ။ အသားဟင်းတစ်ပွဲနဲ့ ထမင်းဝိုင်းဖြစ်လာဖို့က ၃၀,၀၀၀ အနည်းဆုံးရှိတယ်။ ဒါက ဟင်းစရိတ်ပဲရှိသေးတယ်နော်” ဟု ၎င်းကဆိုသည်။

စက်ချုပ်သည့်ဇနီးသည်က အိမ်နီးချင်းများ၏ အဝတ်များကို လျှော်ဖွပ် မီးပူတိုက်ခြင်းလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်သည်။ ဘွဲ့ရသမီးကြီးဖြစ်သူကလည်း မိဘများ၏ဝန်ကို အနည်းငယ်သက်သာရန်အလို့ငှာ ထမ်းပိုးပေးနေရှာသည်ဟု ဦးအေးက စိတ်မကောင်းစွာပြောပြသည်။
မိသားစုကျန်းမာရေးအတွက်အပိုဝင်ငွေမရှိ၊ လက်လှုပ်မှပါးစပ်လှုပ်ရမည့် ဦးအေးတို့မိသားစု၏ပုံရိပ်သည် လက်ရှိစီးပွားရေးအကျပ်အတည်းကို ပြသနေသည်။ ယနေ့အချိန်အခါတွင် အခြေခံလူတန်းစားအသီးသီး၏ မြေပြင်ရုန်းကန်ရမှုများသည် ပိုမိုဆိုးရွား လာနေသည်။
ထိုသို့သောအခြေအနေများအပြင် မန္တလေးမြို့၌ လက်ရှိအချိန်တွင် ပိုမိုကြီးမားသော စိုးရိမ်ပူပန်မှုတစ်ခုလည်း ရှိနေသေးသည်။
စစ်မှုထမ်းအရေး ရတက်မအေး
ဒေါ်ကြင်ကြင်တစ်ယောက် စစ်မှုထမ်းမဲနံပါတ် ၅၀ ကျော်ပေါက်ထားသည့်သားဖြစ်သူအတွက် ရတက်မအေးဘဲ စိုးရိမ်ပူပန်နေရသည်။
အိမ်၏အဓိကဝင်ငွေ ရှာပေးသူလည်းဖြစ်၊ အိမ်တွင်အားကိုးရသူလည်းဖြစ်သည့် သားကြီးဖြစ်သူ အသက် ၃၀ အရွယ်ကိုစိုး၏ စစ်မှုထမ်းဆင့်ခေါ်ရန်ကာလနီးလာသည်နှင့်အမျှ စိတ်ပူပန်နေရသည်ဆိုသည်။
“လောလောဆယ်တော့ သားကို ခေါင်းပြောင်း (အိမ်ပြောင်း) အိပ်ခိုင်းတယ်။ ရပ်ကွက်ထဲကို အတတ်နိုင်ဆုံး မလာခိုင်းဘူး။ မိဘဆိုတော့ ဖြစ်လာသမျှကိုတော့ ခါးစည်းရင်ဆိုင်ရမှာပဲ။ သားကိုမတွေ့လို့ မိဘဖမ်းဆိုလည်း လိုက်သွားရုံပါပဲ”ဟု ဒေါ်ကြင်ကြင်ကဆိုသည်။
ဒေါ်ကြင်ကြင်၏မိသားစုသာမကဘဲ ယခုကဲ့သို့ စစ်မှုထမ်းခေါ်ယူခြင်း၏ အကျိုးဆက်ကိုရင်ဆိုင်နေရသည်မှာ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်ပြီးသည့် သားရှိသော မိသားစုတိုင်း၏ဘဝပင်ဖြစ်သည်။ အိမ်တိုင်းတွင် အနာဂတ်အတွက် ရည်မှန်းချက်များရှိကြသော်လည်း ဆင့်ခေါ်စာသာ ရောက်လာခဲ့မည်ဆိုပါက ထို အနာဂတ်ရည်မှန်းချက်များအားလုံး ရုတ်ခြည်းပျောက်ကွယ်သွားမည်သာဖြစ်သည်။
စစ်မှုထမ်းရန်အတွက်မဲစနစ်ဖြင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်သည့်အပြင်၊ နည်းလမ်းမျိုးစုံသုံးပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။ ညအချိန်မတော်သွားလာသူများကို စစ်သားသစ်စုဆောင်းခြင်း ၊ လမ်းဘေးတွင် ဝိုင်းဖွဲ့သောက်စားစကားပြောနေကြသူများကို ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခရီးသွားပြည်သူများကိုပါ စစ်ဆေးဖမ်းဆီးခြင်းများကြောင့် မြို့နေလူထုမှာ ကြောက်ရွံ့မှုများဖြင့် နေထိုင်နေကြရသည်။
ယခင်က လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဖြင့် အသက်ဝင်ကာ ညဉ့်နက်သည်အထိ စည်ကားခဲ့သည့်မန္တလေးမြို့၏ ညခင်းများမှာ ယခုအခါပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
စစ်မှုထမ်း ဥပဒေ၏ခြိမ်းခြောက်မှုကြောင့် ည ၉ နာရီကျော်သည်နှင့် မြို့တွင်းရှိလက်ဖက်ရည်ဆိုင်များမှာ ခြောက်ကပ်သွားတတ်ပြီး လမ်းမများပေါ်တွင်လည်း လူခြေတိတ်သွားတော့သည်။ မန္တလေး၏ ညသည်ယခင်ကဲ့သို့ပျော်ရွှင်စရာမကောင်းတော့ဘဲ ကြောက်ရွံ့မှုနှင့်မသေချာမှုများသာ ပြည့်နှက်နေသည်။
မြို့တွင်းလမ်းမများခြောက်ကပ်ပြီး ပြည်သူများကြောက်ရွံ့တုန်လှုပ်နေချိန် မြို့၏အခြားတစ်ဖက်တွင်မူ ပုံစံမျိုးစုံဖြင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။ စစ်တပ်ထံသို့ ငွေကြေးအမြောက်အမြားလာဘ်ထိုးကာ ဖွင့်လှစ်ထားသည့် နိုက်ကလပ်များနှင့် ကေတီဗီများတွင်မူ လူကုံထံအသိုင်းအဝိုင်းမှ လူငယ်များ၊ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများနှင့် ညဉ့်နက်သန်းခေါင်ကျော်အထိ တရုန်းရုန်းဖြစ်နေသည်။
အဆိုပါနေရာများတွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင်ရောင်းချသုံးစွဲနေကြသော်လည်း စစ်တပ်ကမူ မျက်ကွယ်ပြုလျက် ဥပဒေမဲ့မှုများကို ခွင့်ပြုပေးထားသည်။
အာဏာသိမ်းပြီးနောက် ကြီးထွားလာသည့် မူးယစ်ဆေးနှင့်လောင်းကစားဝိုင်းများ
ပြီးခဲ့သည့်ဇွန်လ ၁၉ ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သော ရုပ်သံတစ်ခုတွင်လည်း မန္တလေးမြို့ရှိ မူးယစ်ဆေးဝါးရောင်းချရာနေရာတခုတွင် လူအများအပြားက ပျံကျဈေးကြီးတစ်ခုသဖွယ်စည်ကားစွာဖြင့် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင် အရောင်းအဝယ်ပြုလုပ်ကာ ထိုးသွင်းသုံးစွဲနေကြသည့် မြင်ကွင်းများကို အံ့ဩဖွယ်ရာ မြင်တွေ့ခဲ့ရသည်။ သုံးစွဲပြီးသား ဆေးထိုးပိုက်များ ပြန့်ကျဲနေသည့်ထိုနေရာသည် အာဏာပိုင်တို့၏ တရားဝင်ခွင့်ပြုထားသည့် နိုက်ကလပ်များ၊ ကေတီဗွီများနည်းတူ မူးယစ်ဆေးဝါးများကို ပွင့်လင်းစွာအရောင်းအဝယ်ပြုလုပ်၍ လွပ်လပ်စွာ သုံးစွဲနေကြသောနေရာတစ်ခုအဖြစ် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။
ထို့အပြင် ရပ်ကွက်များထဲတွင်လည်း လောင်းကစားဒုစရိုက်များမှာ အဖမ်းအဆီးမရှိ ပေါ်ပေါ်တင်တင်ဖြစ်ထွန်းလာခဲ့သည်။
အထူးသဖြင့် အနောက်ပိုင်းဆင်ခြေဖုံးရပ်ကွက်များဖြစ်သော စိန်ပန်း၊ သံနောက်၊ အရာတော်၊ ပတ္တာ၊ သပြေညွန့်၊ လန်ဒန်ဝင်း စသည့်ရပ်ကွက်များတွင် လမ်းမများပေါ်အထိ “ပုံဝိုင်း” များ၊ “တန်ပိုလာ” ဟုခေါ်သော ကတ်ထူကတ်ပြားများဖြင့် မဲနံပါတ်များကို ဒိုင်လုပ်သူက အော်ဟစ်ပေးကာ အိမ်ရှင်မများအပါအဝင် ရပ်ကွက်နေပြည်သူများက အလောင်းအစားပြုလုပ်နေကြသည့် မြင်ကွင်းများသည် အဆန်းတကြယ် မဟုတ်တော့ပေ။
“အိမ်ရှင်မတွေအတွက်က ဒါအဆင်မပြေမှုရဲ့ထွက်ပေါက်သဘောလိုပေါ့။ ကျွန်မလေ့လာကြည့်တာ သူတို့ဈေးဖိုးလေးတွေရအောင်လောင်းကြတယ်။ ရှုံးတဲ့အခါရှိတယ်။ နိုင်တဲ့အခါရှိတယ်။ ၂၀၀၊ ၃၀၀ ချင်းထိုးရပြီး တနေကုန်ထိုင်ဆော့၊ ၁၀,၀၀၀ ကျော်ရတဲ့အခါရတယ်။ ရှုံးပြီးပြန်ရတဲ့အခါရှိတယ်”ဟု စိန်ပန်းရပ်ကွက်မှ အသက် ၄၀ အရွယ် ကျောင်းဆရာမတစ်ဦးက ပြောပြသည်။
ဤကဲ့သို့လောင်းကစားဝိုင်းများ၊ ဖဲဝိုင်း၊ ကြက်ဝိုင်းများသည် ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့သားများ၏ အခွန်သဖွယ်ဝင်ငွေရစရာနေရာဖြစ်လာပြီး ရုံးအဖွဲ့သား ပျူစောထီးများက အခွန်လှည့်လည်ကောက်လေ့ရှိသည်ဟု ပြောဆိုသည်။ ပုံမှန်လုပ်ငန်းတစ်ခုသဖွယ် စည်ကားနေပြီး စာရိတ္တပျက်ပြားမှုကို အားပေးလျက်ရှိသည်ဟု ၎င်းကဆိုသည်။
ထို့အပြင် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားများမှာလည်း ရှေးယခင်ကကဲ့သို့ တိုးတိုးတိတ်တိတ် လုပ်ဆောင်နေရခြင်းမျိုးမဟုတ်တော့ဘဲ လက်ကိုင်ဖုန်းများနှင့်အွန်လိုင်းစနစ်များကို အသုံးပြုကာ အာဏာပိုင်တို့၏မျက်ကွယ်တွင် အဖမ်းအဆီးမရှိ လောင်းကစားပြုလုပ်နေကြသည်မှာ မြို့၏ယဉ်ကျေးမှုနှင့် သီလတရားကို လုံးဝဥဿုံ ပျက်ပြားစေသည့် အခြေအနေသို့ရောက်ရှိနေပြီဟု မြို့ခံအထက်ပါကျောင်းဆရာမက သုံးသပ်သည်။
အသက်ကိုရန်ရှာသည့် မန္တလေးမြို့မှ လုယက်မှုများ
ထို့အပြင် မြို့၏လုံခြုံရေးအခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ကောင်းသည့် အနေအထားသို့ရောက်ရှိနေပြီး ဓားကိုင်ဆောင် အုပ်စုဖွဲ့၍ ဆိုင်ကယ်နှင့်ဖုန်းများကို လုယက်ခြင်း၊ ပြည်သူတို့၏အသက်အန္တရာယ်ကို ပေါ်ပေါ်တင်တင် ရန်ရှာခြင်းများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည်။
ဤသို့သောအကြမ်းဖက်လုယက်မှုများကြောင့် မြို့နေလူထုမှာ ညအချိန်မတော်မဆိုထားနှင့် နေ့လယ်ခင်းများတွင်ပင် လမ်းမများပေါ်တွင် သွားလာရန်စိုးရိမ်ထိတ်လန့်နေရပြီး ဥပဒေစိုးမိုးမှုပျက်ပြားနေသည်။
စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်တပ် တပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများနှင့် စစ်တပ်ဆန့်ကျင်သူများကို ရှာဖွေဖမ်းဆီးရာတွင် CCTV မှတ်တမ်းများကို ခြေရာခံ၍ အပူတပြင်းလိုက်လံစုံစမ်းခြင်းများ ပြုလုပ်လေ့ရှိသော်လည်း လုယက်မှုကျူးလွန်သူများကိုမူ စုံစမ်းဖော်ထုတ်ဖမ်းဆီးရန်မူ အလွန်ပင်နှေးကွေးလျက်ရှိသည်။ မှုခင်းများကိုနှိမ်နင်းရေးထက် နိုင်ငံရေးသမားများကို ဖိနှိပ်ရန်သာ အဓိကထားနေကြသည်။
ငလျင်ဒဏ်မှ အသက်ရှူမဝတဝ ရုန်းထနေရသည့်မြို့
၂၀၂၅ ခုနှစ် မတ်လ ၂၈ နေ့က စစ်ကိုင်းနှင့်မန္တလေးအနီးတွင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့သည့်ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တွင်လူပေါင်း ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။ တိုက်တာအိုးအိမ်များစွာ ပြိုကျပျက်စီးခဲ့ရပြီး လူပေါင်းများစွာမှာ လမ်းဘေးနေရာများတွင် လပေါင်းများစွာ နေထိုင်အိပ်စက်ကြရသည်။
ယခုအခါငလျင်ကြီးလှုပ်ခတ်ပြီး တစ်နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း မန္တလေးမြို့တွင် ငလျင်ကယ်ဆယ်ရေးစခန်းအချို့ ရှိနေဆဲဖြစ်သည်။
ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ခဲ့သည့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက “အချိန်မီမကယ်ဆယ်နိုင်လို့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်” ဟုပြောဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာမြင့်သော်လည်း ထိုကာလကရခဲ့သည့် စိတ်ဒဏ်ရာများကို ယနေ့တိုင်ခံစားနေရဆဲဖြစ်သည်ဟုဆိုသည်။
“ … တွေးလိုက်တိုင်း အဲဒီရက်ကို ပြန်ရောက်သွားသလိုပဲခံစားရတယ်။ ကိုယ့်မျက်စိရှေ့မှာပဲ လူတွေသေကျေခဲ့တာလေ။ လတစ်လရဲ့ ၂၈ နေ့ရောက်တိုင်း ဪ.. ဆိုပြီး ခဏငြိမ်သွားတယ်”
မန္တလေးမြို့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားစေတီပုထိုးများနှင့် အဆောက်အအုံများကို ပြန်လည်ပြင်ဆင်တည်ဆောက်ရင်း သက်ဝင်လှုပ်ရှားလာပြီဖြစ်သော်လည်း မြို့၏နှလုံးသားတွင်မူ ငလျင်ကပေးသော ဒဏ်ရာများကျက်ရန် ခဲယဉ်းနေသေးသည်။ ယခုအခါမန္တလေး၏ညခင်းများမှာ ယခင်ကထက်တိတ်ဆိတ်ခြောက်ကပ်နေပြီး၊ သတင်းစကားဖလှယ်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်များတွင်လည်း လုံခြုံရေးအရစကားပြောဆိုမှုများကို ကန့်သတ်ထားရသည်အထိ စိုးရိမ်စိတ်တို့လွှမ်းမိုးလျက်ရှိသည်။
နေပူပူအောက်တွင် ချွေးတလုံးလုံးနှင့်ရုန်းကန်လှုပ်ရှားနေကြရသည့် အခြေခံလူတန်းစား ဒေသခံတို့ကို တွေ့နိုင်သလို၊ ဈေးချိုတော်နှင့်ကျောက်ဝိုင်းတွင်လည်း ကုန်ဈေးနှုန်းဖိအားကြောင့် ပုံမှန်ထက် အေးစက်နေသည့် အရောင်းအဝယ်အခြေအနေများက မြို့၏စီးပွားရေးကို အရိပ်မည်းသဖွယ်ဖုံးလွှမ်းထားသည်။
ကုန်ပစ္စည်းဈေးနှုန်းများတက်လာမှုကြောင့် စားဝတ်နေရေးအတွက် သက်ပြင်းချနေရသည့် အိမ်ရှင်မများ၏နေ့စဉ်ဘဝများသည် မန္တလေးမြို့၏ငလျင်လွန်ကာလ ဖြတ်သန်းမှုများကို ပိုမိုခက်ခဲစေသည်။
သို့သော်လည်း မန္တလေးသူ၊မန္တလေးသားများသည် အခက်အခဲများကြားမှပင် အသက်ဆက်ရှင်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေကြဆဲဖြစ်သည်။



