အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

လူသတ်ကောင် စစ်အာဏာရှင်များကို အသုံးတော်မခံလိုသည့် သဘင်သည်

ပြည်သူများ ဒုက္ခရောက်နေချိန်၊ ဗုံးခိုကျင်းအတွင်း တိမ်းရှောင်နေရချိန်၊ နေအိမ်များ မီးရှို့ခံနေရချိန် ရွှေရောင်ဝတ်စုံဝတ်ပြီး အာဏာရှင်များရှေ့၌ ပြုံးရွှင်ကာ ကပြမနေနိုင်ဟု မှတ်ယူသူ၊ တော်လှန်ရေးစင်မြင့်ထက်၌ လိပ်ပြာသန့်သန့်ဖြင့် ကပြရခြင်းသည်သာ အနုပညာရှင် စစ်စစ်တစ်ဦး၏ ဘဝဂုဏ်သိက္ခာ ဖြစ်သည်ဟု ယုံကြည်သူတစ်ဦး၏ ကောက်ကြောင်းဖြစ်သည်။

တချိန်က သူသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ဧည့်သည်တော်ကြီးများအား မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားထည်ဝါမှုကို ထင်ဟပ်စေသည့် ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သော သဘင်ပညာရှင်တစ်ဦး၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဦးစီးမှူးတစ်ဦး ဖြစ်ခဲ့သည်။

သဘင်အနုပညာကို ချစ်မြတ်နိုးစိတ်ဖြင့် သူသည် ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်တွင် တက်ရောက်ခဲ့သူ၊ သဘင်ပညာအထူးပြုဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာများ ရရှိခဲ့ကာ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းဘဝသို့ ဝင်ရောက်ခဲ့ပြီး သူမြတ်နိုးသည့် သဘင်အနုပညာဖြင့် နိုင်ငံအဆင့် အခမ်းအနားများတွင် အမျိုးသားယဉ်ကျေးမှုကို ထုတ်ဖော်ပြသခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့သည်။

နိုင်ငံတော်အဆင့် ဧည့်ခံဖျော်ဖြေပွဲကြီးများတွင် သူ အလွန်နှစ်ခြိုက်ပြီး အားပါးတရ အရှိဆုံး ဖြစ်သည့် ‘မကိုဋ် လေးကောက်ယိမ်းအက’ ကို ကပြရတိုင်း ပီတိ ဖြစ်ခဲ့ရသည်။ မကိုဋ်အကဆိုသည်မှာ အမျိုးသားအကအမျိုးအစားများ၌ ထူးထူးခြားခြား ငြိမ့်ညောင်းစွာ ကပြသောနန်းတွင်းအကဖြစ်သည်။ ထိုအကသည် မြန်မာမင်းညီမင်းသားတို့ ဝတ်ဆင်လေ့ရှိသည့် ကျောက်စီရွှေချ မကိုဋ်ခေါင်းဆောင်းကိုဆောင်း၊ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်၍ လေးအတတ်ကျွမ်းကျင်မှုနှင့် သိုင်းပညာထူးချွန်မှုတို့ကို သရုပ်ဖော်ပြသသည့် ကကွက်ဖြစ်သည်။

မြန်မာမင်းညီမင်းသားတို့၏ လန်းဆန်း ပျိုမြစ်မှုနှင့် အားမာန်တို့ကို တပြိုင်နက်တည်း ခံစားရစေသည့် သိမ်မွေ့သောထိုအကအား ကြည့်ရှုရသည့် ပရိသတ်ကို မဆိုထားနှင့် နိုင်ငံတကာမှ အစိုးရဧည့်သည်တော်ကြီးများကိုပင်  ဖမ်းစားနိုင်သည့် ထည်ဝါခမ်းနားသော တင်ဆက်မှုတစ်ခု ဖြစ်ခဲ့သည်။ နိုင်ငံတကာ ဧည့်သည်တော်ကြီးများရှေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု၏ အနုပညာစွမ်းပကားကို အကောင်းဆုံး သက်သေပြနိုင်ခဲ့သည့် ကကွက်လည်းဖြစ်သည်။

ထိုသို့ နိုင်ငံအဆင့် အခမ်းအနားများတွင် မကိုဋ် လေးကောက် ယိမ်းအက အပါအဝင် သူတတ်ကျွမ်းသည့် အကများဖြစ်သည့် တိုင်းရင်းသားရိုးရာအက (ကချင်၊ ကရင်၊ ရှမ်း စသည့် ရိုးရာစုံကကွက်ကို တစ်ပုဒ်တည်းပေါင်းထားသည့်အက)၊ နတ်ဒိုးအက၊ ယဉ်ကျေးမှုကို အရိုးပေါ် အရွက်မဖုံးစေဘဲ ထွင်ပြီးကသည့်စသည့် အကပေါင်း မြောက်မြားစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု၏ ထည်ဝါပုံကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ကပြ သက်သေထူခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုက ပြည်သူတင်မြှောက်သည့် အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်သည့်အခါ ရွှေရောင်မင်းသားဘဝကို ကျောခိုင်းရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့သည်။

နိုင်ငံ့အာဏာကို လက်နက်ပြလုယူပြီး ပြည်သူလက်မခံသည့် အယောင်ဆောင် ခေါင်းဆောင် ဖြစ်လာမည့်သူများ ပါဝင်တက်ရောက်မည့် နိုင်ငံအဆင့် အခမ်းအနားများတွင် သူ မဖျော်ဖြေလို၊ သွေးစွန်းထားသည့် လူသတ်လက်များဖြင့်တီးသည့် လက်ခုပ်သံများကိုလည်း မကြားလိုဟု Myanmar Now နှင့် တွေ့ဆုံစဉ် သူက ပြတ်ပြတ်သားသားပင် ပြောသည်။ ဤသို့ဖြင့် သူသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့သည်။

“သူတို့ကို တနေ့တနေ့ စိတ်ကျေနပ်အောင်၊ သူတို့ ဂုဏ်တက်အောင် ကျွန်တော်တို့က ဖျော်ဖြေပေးရတဲ့ အချိန်မှာ ပြည်သူတွေ လက်မခံတဲ့၊ သေနတ်ပြပြီးတော့ ပြည်သူတွေကို နှိပ်စက်နေတဲ့ လူတွေကို ကျွန်တော်တို့ (မကပြနိုင်) service မပေးနိုင်ဘူး” ဟု သူက ပြန်ပြောင်းပြောပြသည်။

၂၀၂၁ အာဏာသိမ်းမှုသည် မှောင်မိုက်သော အတိတ်ဆိုးကြီးထဲ ပြန်လည်နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု သူက နားလည်လိုက်သည်။

နေပြည်တော် ပြည်သူ့လွှတ်တော် သဘင်ဆောင်၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်က ဖျော်ဖြေခဲ့သည့် ဇာတ်မင်းသား အောင်ဇမ္ဗူ ကို ဆုငွေပေးနေသည့် ယခင် ရဲချုပ်ဟောင်း ဦးခင်ရီ ယခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း၊ ယခုပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ- Khin Yi Facebook)

လူကြီးမြင်ရင်ကြောက်ရ

ထိုသို့ CDM လှုပ်ရှားမှုတွင်ပါဝင်ရန် သူပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ခြင်းသည် အစိုးရအဆက်ဆက် ဝန်ထမ်းဘဝကို ဖြတ်သန်းရင်း လက်တွေ့ကြုံခဲ့ရသည့် ကွာခြားချက်များကြောင့်လည်း ဖြစ်သည်။ ယခင် စစ်အစိုးရ (နအဖ) လက်ထက်နှင့် ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားတပိုင်းအစိုးရ စသည့် မိုးကျရွှေကိုယ် အရပ်ဝတ်အရေခြုံစစ်ဗိုလ်များ ဦးဆောင်သည့် ကာလများတွင် ဝန်ထမ်းများထုံးစံ ကြောက်စိတ်က အရိုးစွဲနေခဲ့သည်ဟု သူကဆိုသည်။

“ဝန်ကြီး ရုံးပေါ်တက်လာပြီ ဆိုလို့ရှိရင် ကျွန်တော်တို့ နားရွက်တောင် မလှုပ်ရဲဘူးဗျာ။ လုံးဝ ငြိမ်ကုပ်ပြီးတော့မှ ငါတို့ကို ဘာပြောလိုက်မလဲဆိုတဲ့ ကြောက်စိတ်တွေနဲ့ ရှင်သန်ခဲ့ရတာ။ ဝန်ကြီးဆိုရင်ကို ကြောက်နေရတာ။ ဒုဝန်ကြီးဆိုတဲ့ အဆင့်နဲ့တင် ကျွန်တော်တို့က ခြေဖျားလက်ဖျား အေးရတဲ့ ဝန်ထမ်းတွေ ဖြစ်ခဲ့ရတာ” ဟု သူက ပြောသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သည့် အစိုးရလက်ထက် ရောက်သောအခါ ပိုမိုပွင့်လင်းလာပြီး နိုင်ငံတော်အဆင့် ပွဲများတွင်ပင် လူကြီးများနှင့် ဝန်ထမ်းကြား မိသားစုကဲ့သို့ ရင်းနှီးနွေးထွေးသည့် ဆက်ဆံရေးမျိုးကို ခံစားခဲ့ရသည်။ အနုပညာရှင်တစ်ဦးအတွက် အဓိပ္ပာယ်အရှိဆုံး ဖြစ်သည့် “မှန်တာကို ရဲရဲပြောနိုင်သော လွတ်လပ်မှု” ကို ထို ငါးနှစ်တာအတွင်း သူ မြည်းစမ်းခွင့်ရခဲ့သည်။

နိုင်ငံအဆင့် ဖျော်ဖြေပွဲများကျင်းပရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် အခမ်းအနားကျင်းပပြီးချိန်များတွင် နိုင်ငံတော်အကြီးအကဲများက “ထမင်းစားပြီးကြပြီလား” ဟု ဂရုတစိုက် မေးမြန်းတတ်မှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်တစ်ဦးအဖြစ် ဂုဏ်သိက္ခာရှိရှိ ဝံ့ကြွားနိုင်ခဲ့သည်ဟု သူက ဆိုသည်။

ထိုသို့ လွတ်လပ်မှုနှင့် လူသားဆန်မှုတို့ ပွင့်လန်းနေသည့် လမ်းကြောင်းမှန်ကြီးကို ဝုန်းခနဲ ပိတ်ဆို့ဖျက်ဆီးလိုက်သည့် စစ်အာဏာသိမ်းမှုကို လက်မခံနိုင်ဘဲ မိမိ၏ အနာဂတ်ကို စတေး၍ CDM လမ်းမထက်သို့ ခြေစုံပစ် ဝင်ရောက်ခဲ့သည်။ 

နိုင်ငံအဆင့် ဖျော်ဖြေပွဲများတွင် ကပြဖျော်ဖြေခဲ့သည့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဒေါ်အောင်ဆန်းစုကြည် အားပေးစကားပြောနေစဉ်။ (ဓာတ်ပုံ- ပေးပို့)

လွတ်လပ်မှု၏ အဖိုးအခ

စိတ်လွတ်လပ်မှုနှင့် လိပ်ပြာလုံမှုကို ရွေးချယ်လိုက်သည့် သူ့အတွက် ခယောင်းလမ်းက ရှေ့မှာ စောင့်ကြိုနေသည်။ နိုင်ငံတော်အဆင့် ဧည့်ခံပွဲကြီးများတွင် မီးရောင်စုံထွန်း စင်မြင့်ထက် ပြိုးပြိုးပြက်ပြက် ရွှေရောင်မင်းသားဝတ်စုံဝတ် ရွှေမင်းသားဘဝမှသည် ရုတ်ခြည်းပင် အိမ်နိမ့်စံ အရာကျသည့် ဘဝသို့ရောက်ကာ ထိတ်လန့်နေရသည့်ဘဝသို့ ရောက်ခဲ့ရသည်။ 

ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောသူသည် စစ်ကောင်စီလက်ကိုင်တုတ်များ၏ အငြိုးတကြီး လိုက်လံဖမ်းဆီးမှုရန်မှ လွတ်မြောက်ရန် ပုန်းရှောင်နေစဉ် မထင်မှတ်ဘဲ ဆိုင်ကယ်မှောက်၍ ညှပ်ရိုးကျိုးသွားခဲ့သည်။

ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရမှု၊ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ဖမ်းဆီးခံရမည့် အကြောက်တရားတို့ ဝိုင်းပတ်၍ ဖိအားအများဆုံးအချိန်သို့ ရောက်ရှိနေစဉ်တွင် သူ၏ အထက်လူကြီးအချို့က သူ့အား ဆက်သွယ်လာခဲ့သည်။ အရေးမယူဘဲ အလုပ်နှင့် ရာထူးနေရာကို ယခင်အတိုင်း ပြန်လည်ပေးအပ်မည် ဆိုကာ ကမ်းလှမ်းစည်းရုံးခဲ့သည်ဟု သူက ပြောသည်။

“(သူတို့ကပြောတာ) ‘မင်း CDM လုပ်သလိုပဲ ရုံးမှာ လာပြီးတော့ ထိုင်နေလိုက်။ လစာထုတ်နေလိုက်။ ဆေးခွင့်ပုံစံမျိုး သဘောထား ပေးမယ်ပေါ့နော်။ အဲ့ဒါ မင်း… CDM ဆိုတာ အလုပ်မလုပ်ရင် ပြီးရောလေ။ မင်းကိုလည်း လူမြင်မှာမှ မဟုတ်တာ။ ခြောက်လလောက် အေးဆေးပဲ လာနှပ်နေလိုက်၊ ရုံးလစာ ထုတ်ပြီး လာနေလိုက်’ လို့ပြောပြီး စည်းရုံးတာ” ဟု သူက ပြန်ပြောင်းပြောပြသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ထုတ်ပြန်ခဲ့သည့် CDMများနှင့်ပတ်သက်သော အစီရင်ခံစာပါ အဓိက အချက်အလက်များ။ 

၁။ CDM လှုပ်ရှားမှု အခြေခံ အချက်အလက်များနှင့် စတင်ပုံ

အကြောင်းအရာအသေးစိတ် အချက်အလက်များ
CDM စတင်သည့် ရက်စွဲ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်
စတင်ခဲ့သည့် နေရာ/အဖွဲ့မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ
ပါဝင်သူများကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ၊ ရဲနှင့် မီးသတ် အပါအဝင် ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူလူထုနှင့် Gen Z လူငယ်များ

၂။ CDM ပြုလုပ်သည့်ဝန်ထမ်းများနှင့် ဖိနှိပ်ခံရမှု အချက်အလက်များ (၂၀၂၁ ခုနှစ် ဩဂုတ်လ/စက်တင်ဘာလ အထိ)

ကဏ္ဍ / အမျိုးအစားအရေအတွက် / အချက်အလက် 
CDM ပါဝင်သည့် ဝန်ထမ်း အရေအတွက်၄၁၇,၀၆၀ ဦးနှင့် အထက်
CDM ပါဝင်သည့် စစ်သည် အရေအတွက်၂,၀၀၀ ဦးနှင့် အထက်
အလုပ်မှ ရပ်ဆိုင်း/ထုတ်ပယ်ခံရသည့် ဝန်ထမ်း အရေအတွက်၂၉၅,၈၀၂ ဦး
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရသူ အရေအတွက်အနည်းဆုံး ၃,၆၂၂ ဦး


ထိုအချိန်တွင် ဒုက္ခများမှ လွတ်မြောက်ရာ လမ်းစကို ရွေးချယ်မည့်အစား တော်လှန် ပြည်သူလူထုနှင့်အတူ ရပ်တည်ခြင်းဆိုသည့် “လိပ်ပြာလုံသော လမ်း” ကိုသာ သူဆက်လက်ရွေးချယ်ခဲ့သည်ဟုဆိုသည်။ စစ်အာဏာရှင်အောက်တွင် အလုပ်ပြန်ဝင်ခြင်းသည် ပြည်သူကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု သူခံယူသည်။ 

“ပြည်သူလူထုကို သတ်နေတဲ့လူတွေနဲ့ သွားပြီးတော့မှ ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ ပြည်သူကို သစ္စာဖောက်တာ” ဟု ပြတ်ပြတ်သားသားပြောသည်။

ပြည်တွင်းတွင် CDM ဝန်ထမ်းဘဝဖြင့် ပုန်းအောင်းလှည့်လည် နေထိုင်ခဲ့သော်လည်း လုံခြုံရေးအရ နေ၍မရတော့သည့်အဆုံး ပြည်ပရှိ နယ်စပ်မြို့လေးတစ်မြို့သို့ တိမ်းရှောင်ကာ စားဝတ်နေရေးအတွက် ရုန်းကန်ရသည်။

“အစိုးရ ဝန်ထမ်းဘဝမှာတုန်းကတော့ … မချမ်းသာရင်တောင် အချိန်တန်ရင် လကုန်ရင် လစာရနေမှာပဲ ဆိုပြီး စိတ်အေးလက်အေးနေလို့ရတယ်။ ဒီဘက်မှာကျတော့ လကုန်ခါနီးဆိုလို့ရှိရင် တစ်ခုခု အမြဲတမ်း ငါ ဘယ်ကနေ ဘယ်လို ရှာဖွေရမလဲ၊ ဘယ်လိုလုပ်ရမလဲ ရုန်းကန်နေရတယ်” ဟု သူက ပြောသည်။

စားဝတ်နေရး ပြဿနာနှင့် ညှပ်ရိုးကျိုးသည့် ထိခိုက်ဒဏ်ရာတို့ကြောင့် သူသည်လောက် မနာကျင်ရပါ။ ဝန်ထမ်းဘဝဖြင့် အေးအေးချမ်းချမ်း နေစေလိုသည့် မိသားစု၏ ဆန္ဒကို လျစ်လျူရှုခဲ့ခြင်းကြောင့် သံယောဇဉ်ကြီးမားခဲ့ရသည့် မိသားစုက အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းကိုခံရခြင်းသည် သူ့အတွက် အနာကျင်ရဆုံး ဖြစ်လာခဲ့သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် (CDM လုပ်လို့) သူတို့ မကြိုက်ဘူးပေါ့လေ။ မကြိုက်ဘူးဆိုတော့ လုံးဝ အဆက်အသွယ် မလုပ်ဘူး။ အချိန်တန်လို့ရှိရင်တော့ မိဘတွေ နားလည်သွားပါလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပဲ ဆက်ပြီးတော့ နေနေရတာ” ဟု ပြောသည်။

အာဏာရှင်တို့ရေးသည့် ဇာတ်ညွှန်းအတိုင်း ကပြဖျော်ဖြေရသည့် ဇာတ်ကောင် အဖြစ် မပါဝင်တော့သည့်သူသည် ယခု မိမိအနုပညာကို လွတ်လပ်စွာ ဖန်တီးခွင့်ရနေသည့်အတွက် “စစ်မှန်သည့် လွတ်လပ်မှု” ကို ခံစားနေရကြောင်း သူ၏ မျက်နှာအမူအရာနှင့် တောက်ပနေသော မျက်ဝန်းများက သက်သေထူနေသည်။

ယခင် စစ်အစိုးရ၊ NLD အစိုးရနှင့် ယခုအာဏာသိမ်း စစ်အစိုးရလက်ထက် ကွာခြားချက်များ

နှိုင်းယှဉ်ချက် ကဏ္ဍယခင် စစ်အစိုးရ (နအဖ) / ဦးသိန်းစိန် အစိုးရလက်ထက်NLD အစိုးရ လက်ထက် (၅နှစ်တာ ကာလ)လက်ရှိ စစ်အစိုးရ လက်ထက်
ဝန်ထမ်းများ၏ ခံစားချက်နှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာငြိမ်ကုပ်နေရ လောက်အောင် ကြောက်ရွံ့စိတ် အရိုးစွဲခဲ့ရဝန်ထမ်းနှင့် လူကြီးများ မိသားစုကဲ့သို့ ရင်းနှီးနွေးထွေးမှုရကြောက်ရွံ့စိတ် ပြန်လည်လွှမ်းမိုး
လွတ်လပ်ခွင့်နှင့် အနုပညာရှင် ဂုဏ်သိက္ခာကြောက်စိတ်ဖြင့် ယှဉ်ပြီးအမိန့်အတိုင်းလုပ်ရမှန်သည်ကို ရဲရဲပြောနိုင်သည့် လွတ်လပ်မှုရရှိ၊
အနုပညာ ဖန်တီးမှု လွတ်လပ်ခွင့်ရ
အာဏာရှင်များ ဂုဏ်တက်ရန်နှင့် ထားရာနေ၊ စေရာသွား
အသုံးတော်ခံ အဖြစ်ရောက်

ဖီးနစ်ငှက်ပမာ အနုပညာ

အာဏာရှင်တို့ကို ဖျော်ဖြေရန်ငြင်းဆန်ခဲ့သော်လည်း အနုပညာကိုမူ သူကျောခိုင်းမသွားခဲ့ပါ။ ယခုအခါ သူနေထိုင်သည့် နယ်စပ်မြို့လေးရှိ ရွှေ့ပြောင်းမြန်မာ ကလေးငယ်များကို တတ်မြောက်ထားသည့် ရိုးရာအက ပညာရပ်များ ပြန်လည်မျှဝေပေးနေသည်။

ထိုနယ်စပ်မြို့လေးတွင် ရံဖန်ရံခါ ကျင်းပလေ့ရှိသည့် တော်လှန်ရေး ရန်ပုံငွေပွဲများတွင်လည်း အခမဲ့ ပါဝင်ဖျော်ဖြေနေသည်။ လက်နက်ကိုင်မှ တော်လှန်ရေးမဟုတ်ဘဲ မိမိကျွမ်းကျင်သည့် အနုပညာစွမ်းပကားဖြင့် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီခြင်းသည်လည်း စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရာတွင် အားကောင်းသည့် လက်နက်တစ်ခုဟု သူ ယုံကြည်သည်။

“တော်လှန်ရေးပွဲတွေမှာ ကပြရတဲ့ဟာကျတော့ အခုအချိန်မှာ ဖိနှိပ်ခံထားရတဲ့ ပြည်သူလူထုက ကယ်ပေါက်မရှိသလိုမျိုး ဖြစ်နေတဲ့အချိန်မှာ၊ ပြည်သူ့ဘဏ္ဍာငွေကို စားခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျွန်တော်တို့ တစ်ဖက်တစ်လမ်းကနေ ပြန်ပြီးတော့မှ တာဝန်ကျေရာကျေကြောင်း တာဝန်ကို ဆက်ယူနေတယ်လို့ပဲ ကျွန်တော်ခံယူတယ်”ဟု သူက ပြောသည်။

တိတ်ဆိတ်သည့် ညဉ့်နက်သန်းခေါင်ယံအချိန်များတွင် တချိန်က သူ မြတ်နိုးခဲ့ရသည့် “မကိုဋ် လေးကောက်ယိမ်းအက”၏ တူရိယာသံစဉ်များကို သူ ဖျတ်ခနဲ ကြားယောင်မိတတ်သည်။ နိုင်ငံအဆင့် စင်မြင့်ထက်၌ သူတချိန်က ဝတ်ဆင်ခဲ့သည့် ကျောက်စီရွှေချ မကိုဋ်ခေါင်းဆောင်း၊ ရွှေရောင်ဝတ်စုံများ၏ ထည်ဝါမှုများကို လွမ်းဆွတ်မိသော်လည်း ထိုလွမ်းဆွတ်မှုသည် နောင်တရသည်ဟု မဆိုလိုကြောင်း  သူက ပြောသည်။

ပြည်သူများ ဒုက္ခရောက်နေချိန်၊ ဗုံးခိုကျင်းအတွင်း တိမ်းရှောင်နေရချိန်၊ နေအိမ်များ မီးရှို့ခံနေရချိန်  ရွှေရောင်ဝတ်စုံဝတ်ပြီး အာဏာရှင်များရှေ့၌  ပြုံးရွှင်ကာ ကပြမနေနိုင်ဟု သူ တွေးမိသည်။ တော်လှန်ရေးစင်မြင့်ထက်၌ လိပ်ပြာသန့်သန့်ဖြင့် ကပြရခြင်းကသာ အနုပညာရှင် စစ်စစ်တစ်ဦး၏ ဘဝဂုဏ်သိက္ခာ ဖြစ်သည်ဟု သူ ယုံကြည်သည်။

“ငါတို့က CDM လုပ်ခဲ့ရတာ၊ ဘာပွဲလုပ်ရင် ဘယ်လောက်ပေးမှာလဲ (ဆိုတာမျိုးမရှိဘူး။) No တစ်ပြားမှ မပေးချင်နေ၊ ကျွန်တော်တို့ တသက်လုံး စားလာခဲ့ရတဲ့ ထမင်းလုတ်တိုင်းက ပြည်သူတွေ ကျွေးတာလေ။ ကျွန်တော်တို့ ရှေ့တန်းထဲဝင်ပြီး စစ်လည်း သွားမတိုက်ပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘာလုပ်ပေးနိုင်လဲဆိုတဲ့ဟာကို အပြည့်အဝ လုပ်ပေးချင်တယ်။ အဲ့ဒါကို ဂုဏ်ယူစွာနဲ့ လုပ်ချင်တာ ဒါ အကြွေးဆပ်တာ” ဟု ယုံကြည်မှုအပြည့်ရှိသောမျက်နှာဖြင့် ပြတ်ပြတ်ပြောသည်။

သူသင်ကြားပြသပေးခဲ့သည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလူငယ်များ၏ ဖျော်ဖြေတင်ဆက်မှုကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

တော်လှန်ရေးအလွန် သူ၏ အိပ်မက်

စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားမည့် တော်လှန်ရေးအလွန်ကာလတွင် တိုင်းပြည်သစ်ကို မည်သို့ ပြန်လည်တည်ဆောက်ကြမည်နည်းဆိုသည့် အနာဂတ်အိပ်မက်မေးခွန်းအတွက်လည်း ရင့်ကျက်မြော်မြင်စွာဖြင့် သူ ကြိုတင်ပြင်ဆင်ထားသည်။

တော်လှန်ရေးအောင်မြင်ပြီးဆုံးချိန်တွင် အားလုံးက ဘဝကို အစကပြန်စကြရမည် ဖြစ်ရာ၊ ထိုအချိန်၌ ခေတ်နောက်ကျကျန်ရစ်ခဲ့သည့် အသိပညာ၊ အတွေ့အကြုံဟောင်းများဖြင့် တိုင်းပြည်ကို ပြန်လည်ထူထောင်၍ မရနိုင်တော့ဟု သူကအခိုင်အမာ တွေးဆထားသည်။

“ကျွန်တော်တို့ အခုအချိန်မှာ … ကိုယ့်ဘာသာကိုယ်ပဲ (အရည်အသွေး) ပြန်ဖြည့်နေမှပဲ ရမယ်။ ဖြည့်နေတယ် ဆိုတာ ကျွန်တော့်ရဲ့ လိုအပ်မယ့် ပညာရေးတွေ၊ လိုအပ်မယ့် အသိပညာ ဗဟုသုတကို အခုအချိန်မှာလည်း အားမွေးပြီးတော့ ဖြည့်နေတယ်။ ကျွန်တော်တို့ နဂိုကျန်ခဲ့တဲ့ ဟို … (အတိတ်က) အတွေ့အကြုံနဲ့ပဲ ပြန်ပြီးတော့ ထူထောင်ရေး လုပ်မယ်ဆိုရင် ကျွန်တော်တို့ နောက်ထပ် ဆယ်နှစ်လောက် နောက်ကျသွားမှာ” ဟု သူက ပြောသည်။

တနေ့ တော်လှန်ရေး အောင်မြင်သွားသည့်အခါ အာဏာရှင်များအတွက် မဟုတ်ဘဲ လွတ်လပ်သည့် တိုင်းပြည်သစ်တွင်နေထိုင်မည့် ပြည်သူလူထုတရပ်လုံးအတွက် ခေတ်မီဆန်းသစ်သော အနုပညာများဖြင့် ကပြရမည့် စင်မြင့်ထက်သို့ လိပ်ပြာသန့်သန့်ဖြင့် ပြန်လည်ခြေချနိုင်ရန် သူ မျှော်မှန်းထားသည်။

ထိုသို့ ပြန်လည်ခြေချခွင့်ရမည့် စင်မြင့်သစ်ထက်တွင် ကပြဖျော်ဖြေရန်အတွက်လည်း အာဏာရှင်စနစ်ဆိုး၏ ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ဖော်မှတ်တမ်းတင်မည့် ပြဇာတ်တစ်ခုကို ယခုကတည်းက သူစိတ်ကူးပုံဖော်နေသည်။

စစ်အာဏာရှင်တို့ကြောင့် တိုင်းပြည်နှင့် ပြည်သူတရပ်လုံး ကြုံတွေ့ခဲ့ရသည့် နာကျင်မှု အလုံးစုံကိုလည်း နောင်လာနောင်သားများ ဘယ်တော့မှ မမေ့လျော့စေရန် အနုပညာဖြင့် ကမ္ဘာသိ မှတ်တမ်းတင်ထား ရမည်ဟု သူက ယူဆသည်။ ထိုသို့ တင်ဆက်ခြင်းမှာ ကလဲ့စားချေလိုသည့် စိတ်ကြောင့်မဟုတ်ဘဲ အာဏာရှင်စနစ်၏ ဆိုးမွေကို မျိုးဆက်အလိုက် သတိထားမိစေရန် ဖြစ်သည်။

“အားလုံး ခံစားခဲ့ရတဲ့ ဒုက္ခ သုက္ခတွေအကုန်လုံးကို မှတ်တမ်းတင်ချင်တယ်၊ (ပြဇာတ်) လုပ်ချင်တယ်။ အဲ့ဒီ (ပြဇာတ်) သည် ပြည်သူလူထုရဲ့ ရင်ထဲနှလုံးထဲကိုစွဲပြီးတော့မှ ‘ဪ ဒီအာဏာရှင်တွေက ငါတို့တွေကို ဘယ်လို နှိပ်စက်ခဲ့ပါလား၊ ဘယ်လိုတွေ ဒုက္ခရောက်အောင် လုပ်ခဲ့ပါလား’ ဆိုတာကို (သိစေချင်တာ)” ဟု သူကဆိုသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့သည် ကလေးသူငယ်များပါမကျန် တွေ့သမျှအကုန်သတ်ပြီး တိုင်းပြည်ကို မီးလောင်တိုက်သွင်းရက်သူများဖြစ်သည် ဆိုသော သမိုင်းမှတ်တမ်းဆိုးကို ပြည်သူ့ရင်ထဲ စွဲထင်ကျန်ရစ်အောင် အနုပညာဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု သူ တွေးတောထားသည်။

အာဏာရှင်စနစ်ဆိုသည်မှာ အညှောက်ထွက်လာသည်နှင့် ချက်ချင်းသုတ်သင်ပစ်ရမည့် အမျိုးဖြစ်ပြီး၊ မည်သည့် အာဏာရှင်ကိုမျှ ကြီးထွားခွင့်မပေးသင့်ကြောင်း မျိုးဆက်သစ်တို့အား အသိပညာ ပေးလိုခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“နောင်လာနောက်သားတွေ ဘယ်တော့မှ အာဏာရှင်ဆိုတဲ့ဟာကို လုံးဝခွင့်မပြုနဲ့ (ဆိုတဲ့အသိ) စိတ်ထဲ၊ နှလုံးသားထဲ စွဲနေအောင် အာဏာသိမ်းနှစ်ပတ်လည်တိုင်း အသိပညာပေးရမယ်။ လုပ်ကိုလုပ်ရမယ်၊ မှတ်တမ်းတင်ရမယ်” ဟု အားမာန်ပါပါဖြင့်  ပြောလိုက်သည်။

မှတ်ချက် – ဤဆောင်းပါးပါ ကာယကံရှင်၏ လုံခြုံရေးအရ အမည် ဖော်ပြမထားပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button