ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် ရှိသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကျဉ်းထောင်တစ်ခုမှ ထောင်ဖောက်ပြေးသော အကျဉ်းသား ခြောက်ဦးအနက် ငါးဦးကို ပြန်လည်ဖမ်းမိထားပြီဖြစ်ကြောင်း ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ထံက သိရသည်။
နယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူမြို့တွင် KNU က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကာ စစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် BGF၊ မွန်ပြည်သစ်ပါတီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ အများအပြား အခြေချလှုပ်ရှားသောမြို့လည်းဖြစ်သည်။ သို့သော် ထိုဒေသတွင် ဩဇာကြီးသည့်အဖွဲ့မှာ ဗိုလ်မှူးကြီး စောအေဝမ်း ဦးဆောင်သည့် DKBA ဖြစ်သည်။
“လက်ရှိတော့ ထောင်ဖောက်ပြေးသူ ခြောက်ယောက်မှာ ငါးယောက်မိပါပြီ။ တစ်ယောက်တော့ မမိသေးဘူး။ ပြန်လည်ဖမ်းမိသူတွေကိုတော့ စစ်ဆေးနေပါတယ်” ဟု DKBA အမှတ် (၂) နည်းဗျူဟာမှ ဗိုလ်မှူး စောကဘလူထူးက Myanmar Now ကို အွန်လိုင်းမှတဆင့် စာဖြင့်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် အကျဉ်းသားခြောက်ဦးသည် KNU ထောင်စောင့်ရဲများထံက သေနတ် နှစ်လက်ကို လုယူကာ ဘုရားသုံးဆူ- ကြာအင်းဆိပ်ကြီးလမ်းမကြီးပေါ်သို့ ထွက်ပြေးခဲ့ကြသည်။ ထို့နောက် DKBA ကားတစ်စီးကို ပစ်ခတ်တားဆီး၍ ကားပေါ်ပါ တပ်ဖွဲ့ဝင်များထံက သေနတ်သုံးလက်နှင့် ကားအား လုယူသွားခဲ့ကြခြင်းဖြစ်သည်။
ထိုခြောက်ဦးတွင် မူးယစ်ဆေးမှုဖြင့် သုံးဦး၊ လူသတ်မှုနှစ်ဦး၊ ခိုးမှုဖြင့်တစ်ဦးတို့ပါဝင်သည်။
ထွက်ပြေးသွားသော အကျဉ်းသားများကို မည်ကဲ့သို့ဖမ်းမိသည်၊ မည်ကဲ့သို့ စစ်ဆေးအရေးယူမည်ကိုမူ DKBA ဗိုလ်မှူးက အသေးစိတ် မပြောပေ။
သို့ရာတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လှုပ်ရှားသည့် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က KNU ထောင် ဖောက်ပြေးသော အကျဉ်းသားနှစ်ဦးကို ဖမ်းမိထားကြောင်း ခုနစ်စက္ကန့်ကြာ ရုပ်သံဖိုင်တစ်ခု ဇူလိုင်လ ၃ ရက်က ၎င်း၏ Facebook ၌ တင်ထားသည်။
အဆိုပါရုပ်သံဖိုင်တွင် KNU အကျဉ်းသားခြောက်ဦးအနက် အသက် ၂၉ နှစ်အရွယ် ကိုထွန်းစောဦး (လူသတ်မှု) နှင့် အသက် ၂၆ နှစ်အရွယ် ကိုရဲထက် (ရွှေခိုးမှု) တို့ကို ဖမ်းမိထားကြောင်း ပြောထားသည်။ ဖမ်းမိသူ နှစ်ဦးသည် မြေပြင်တွင် ထိုင်နေပြီး ခန္ဓာကိုယ်မှာ ကြိုးဖြင့်ချည်ခံထားရကာ ၎င်းတို့နောက်တွင် အရပ်ဝတ်တစ်ဦး ၊ ယူနီဖောင်းဝတ်လက်နက်ကိုင်တစ်ဦးတို့ တွေ့ရသည်။
ထောင်ဖောက်ပြေးသူများ ပြန်လည်ဖမ်းမိသည့် အခြေအနေ ပိုမိုသိနိုင်ရန် KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား Myanmar Now က ဇူလိုင်လ ၈ ရက်က Signal မှတဆင့် မေးမြန်းထားသော်လည်း ယနေ့ ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းအထိ ပြန်မဖြေသေးပေ။ အလားတူ ရေးဘီလူးအဖွဲ့ကို မေးမြန်းထား သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။
လက်ရှိတွင် ဘုရားသုံးဆူမြို့၌ လူအများ ပုံမှန်သွားလာလှုပ်ရှားနေကြောင်း၊ ဈေးနှင့် စာသင်ကျောင်းများလည်း ဖွင့်ထားဆဲဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က ပြန်တောင်းနေသည့် ဘုရားသုံးဆူမြို့
ဘုရားသုံးဆူမြို့ကို ပြန်ပေးရန် စစ်တပ်က DKBA ၏ အမှတ် (၂) စစ်ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောအေဝမ်းထံ တောင်းဆိုထားကြောင်း ဇွန်လ တတိယပတ်မှစတင်၍ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေသော်လည်း DKBA က ငြင်းဆန်ထားသည်။
ဗိုလ်မှူးစောကဘလူထူးက လူထုအနေဖြင့် သတင်းမှားများကို မယုံကြည်ကြရန်၊ မြို့၏ ကိစ္စရပ်များအား DKBA က တာဝန်ယူဆောင်ရွက်နေကြောင်း ပြောသည်။
“ မြို့နေပြည်သူတွေကလည်း ပုံမှန်အတိုင်းပဲ သွားလာနေကြတာပါပဲ။ ပြည်သူတွေကိုလည်း သတင်းမှားတွေကို မယုံကြည်ကြဖို့၊ အထိတ်တလန့် မဖြစ်ကြဖို့ ကျွန်တော်တို့ ပြောထားတာ ရှိပါတယ်။ ကျွန်တော်တို့ လည်း မြိုနေပြည်သူတွေရဲ့ လုံခြုံရေးအတွက် အရင်ကထက် ပိုပြီး ဂရုစိုက်ပေးနေတယ်။ အခုဆို မြိုနေ ပြည်သူတွေ ခြင်အန္တရာယ်ကင်းစင်ရေးအတွက် ကျွန်တော်တို့ DKBA က တစ်မြို့လုံး ခြင်ဆေးလိုက်ဖျန်း ပေးနေပါတယ်” ဟု ဗိုလ်မှူးစောကဘလူထူးက ဆိုသည်။
PDF နှင့် နီးစပ်သော သတင်းရင်းမြစ်အမျိုးသားတစ်ဦးကမူ ဘုရားသုံးဆူမြို့သည် လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ထက်မနည်း လှုပ်ရှားသည့်ဒေသဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက တိတိပပ သတင်းထုတ် ပြန်လေ့မရှိသဖြင့် အခြေအနေမှန်သိရန် ခက်ခဲသော ဒေသဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“မြို့ကို တကယ်တမ်းထိန်းချုပ်ထားတာက ဗိုလ်မှူးကြီးစောအေဝမ်းတို့ရဲ့ DKBA ဖြစ်တယ်။ မြို့အဝင် နဂါးတောင်မှာက အာဏာသိမ်းမှုဖြစ်ကတည်းက စစ်တပ်က ရှိတယ်။ မြို့ရဲ့အရှေ့တောင်ဘက် ဂျပန် ရေတွင်းဘက်မှာ မွန်ပြည်သစ်ပါတီ (NMSP) ရှိတယ်။ KNU က ဒေသတွင်းမှာ DKBA ကို ဩဇာလွှမ်းမိုး ထားတယ်။ တစ်ခုခုဆို ဗိုလ်အေဝမ်းတို့က ရှေ့ထွက်ပြီးနာမည်ခံပေါ့။ KNU က နောက်ကွယ်မှာရှိတယ်” ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးကာ စစ်တပ်နှင့် ဆွေးနွေးမှုများ ရှိသော်လည်း ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ၎င်းတို့ နယ်မြေတွင် အကာအကွယ်ပေးထားသည်ဆိုသည့် စွပ်စွဲချက်များ ရင်ဆိုင်နေရသည်။
ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီ၊ ဘုရားသုံးဆူဒေသတို့သည့် ကရင်လက်နက်ကိုင်တပ်များဖြစ်သော နယ်ခြားစောင့်တပ် (BGF)နှင့် DKBAတို့ ထိန်းချုပ်ထားသည့်နယ်မြေများဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထိုဒေသများ၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများအပါအဝင် ရာဇဝတ်လုပ်ငန်းများ ပိုမိုလုပ်ကိုင် လာကြသည်။
ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ CSNHTV က ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တစ်ဝိုက်ရှိ ကျားဖြန့် စခန်းများတွင် နိုင်ငံခြားသား ၅,၃၀၀ ကျော် ပိတ်မိနေပြီး အများစုမှာ DKBA ထိန်းချုပ်ထားသည့် စခန်းကြီး လေးခုတွင်ဖြစ်ကြောင်း ၎င်းတို့ကို အရေးပေါ်ကယ်တင်ပေးရန် တောင်းဆိုကြောင်း ဇွန်လ ၂၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားထားသည်။
ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (CSNHTV) ၏ တောင်းဆိုချက်နှင့်ပတ်သက်၍ DKBA အမှတ် (၂) နည်းဗျူဟာမှ ၊ ဗိုလ်မှူးစောကဘလူထူးက ၎င်းအနေဖြင့် အသေးစိတ်မသိကြောင်းပြောသည်။
“ကျွန်တော်တို့ဘက် မဟုတ်လို့ အသေးစိတ်တော့ သေချာ မသိပါဘူး။ ဒါပေမဲ့ အဲဒီမှာ ပိတ်မိနေသူက အခုပြောတဲ့ အရေအတွက်လောက်ထိတော့ မရှိလောက်ဘူး ထင်တယ်။ တစ်ထောင်ဝန်းကျင်လောက် တော့ ရှိနိုင်မယ် ထင်တယ်။ သူတို့ ပိတ်မိနေတယ်ဆိုတာက အဲဒီဘက် လမ်းကြောင်းတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်” ဟု မှတ်ချက်ပေးသည်။



