လက်ဖက်ရည်တစ်ခွက် ကျပ်၂၀၀၀၊ မုန့်ဟင်းခါးအလွတ်တစ်ပွဲ ကျပ် ၂၅၀၀ အနည်းဆုံး ပေးနေရသည့်ခေတ်တွင် လစာ ကျပ် ၁၂၀,၀၀၀ မျှသာ တရားဝင်ရသည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် ထောင်သောင်းချီ လူအုပ်ကြီးက တန်းစီစောင့်ဆိုင်းနေသည်။
ထိုအခြေအနေမှာ ပြီးခဲ့သည့် ငါးနှစ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အလိုတူအလိုပါ စစ်ဗိုလ်ချုပ်များက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ပြည်သူလူထုကတရားဝင်ရွေးကောက်တင်မြှောက်ထားသော သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များကို မတရားဖမ်းဆီး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။
၁၀ရက်အကြာတွင် NLD အစိုးရလက်ထက် ရွေးကောက်တင်မြှောက်ခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို လည်း အနားပေးကြောင်း အမိန့်ထုတ်ခဲ့သည်။ ထို့နောက်စစ်တပ်ကို သစ္စာခံသူများနှင့် အစားထိုးသည်။
ထိုစစ်တပ်သစ္စာခံ အုပ်ချုပ်ရေးမှူးများသည် ဆန္ဒပြပြည်သူများ သတင်းကို လက်တို့ခြင်း၊ စစ်တပ်နှင့်ပေါင်း၍ ပြည်သူတို့ကို ဖိနှိပ်ခြင်း စသည်တို့ကြောင့် မြို့ပြနှင့်ကျေးလက် တော်လှန်ရေးတပ်များ၏ စစ်ရေးပစ်မှတ်များဖြစ်လာခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှုများကြောင့် စစ်အာဏာသိမ်းပြီး သုံးနှစ်ခွဲအတွင်း ၂၀၂၄ စက်တင်ဘာလ ၅ ရက်အထိ စာရင်းအရ အုပ်ချုပ်ရေးမှူးပေါင်း ၈၃၃ ဦး လုပ်ကြံသတ်ဖြတ်ခံရသည်ဟု စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။
ထိုအချိန်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး လုပ်ရမည်ဆိုလျှင် ခေါင်းရှောင်နေသူ အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် ကျင်းပခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများတွင်မူ ထိုရာထူးအတွက်ယှဉ်ပြိုင်လိုသူများ တန်းစီနေသည်။
စစ်မှုထမ်းဆင့်ခေါ်ခြင်းအစ အုပ်ကြီးက
အမေရိကန် စာရေးဆရာမ မာဂရက် မစ်ချယ်၏ ကမ္ဘာကျော် Gone with The Wind ဝတ္ထုကြီးထဲတွင် ဇာတ်ကောင် ရက်တ် ဘတ်တလာက ငွေအကြီးအကျယ် ပွပေါက်တိုးနိုင်သည့်ကာလ နှစ်မျိုးနှစ်စား ရှိကြောင်း၊ တချိန်မှာ တိုင်းပြည်တည်ဆောက်နေချိန်ဖြစ်ပြီး၊ နောက်တချိန်က တိုင်းပြည်ပျက်သည့်အချိန် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်ပျက်ချိန်တွင် ပိုက်ဆံကိုပို၍ လွယ်လွယ်နှင့် မြန်မြန်ရကြောင်း ဇာတ်ကောင် စကားလက် အိုဟာရာကို ပြောခဲ့ဖူးသည်။
ယခုလည်း ထိုစကားသည် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအတွက် မှန်နေသည်။ အကြောင်းမှာ
‘မည်သူ့ကိုဖြင့်ချက်ချင်း စစ်မှုထမ်းခိုင်းမည်’
‘မည်သူ့ကိုဖြင့် နောက်မှစစ်မှုထမ်းခိုင်းမည်’
‘မည်သူ့ကိုဖြင့် စစ်မှုထမ်းကင်းလွတ်ခွင့်ပေးမည်’ စသည့်ဆုံးဖြတ်ချက်များမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ လက်ထဲတွင်ရှိနေသည်။
မည်သည့်မိဘမျှ မိမိသားသမီးကို စစ်မှုထမ်းလိုက်စေရန် ဆန္ဒရှိကြမည်မဟုတ်သဖြင့် ယင်းသည် အကြီးအကျယ် အဂတိလိုက်စားရန် မဟာအခွင့်အလမ်းကြီးတစ်ခုဖြစ်လာသည်။
ထိုအခွင့်အရေးသည် အာဏာသိမ်းပြီးသုံးနှစ်အကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့၏ လက်ထဲရောက်လာခဲ့သည်။

၂၀၂၁ ခုနှစ်မှစ၍ လက်နက်ကိုင်နွေဦးတော်လှန်ရေးကြောင့် တစ်နိုင်ငံလုံး စစ်မျက်နှာများစွာဖွင့်ကာ တိုက်နေရသည့် စစ်တပ်သည် တပ်အင်အားချည့်နဲ့မှုနှင့် ကြုံတွေ့လာခဲ့သည်။ လူအင်အား အမြန်ပြန်လည်ဖြည့်တင်းရန် ထိုစဉ်က စစ်ခေါင်းဆောင်ဖြစ်သူ ယခု ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတဦးမင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို တစ်ဖက်သတ် လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့သည်။
“၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့မှစ၍ အာဏာတည်” ကြောင်း စစ်ခေါင်းဆောင်က ကြေညာသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရပ်ရွာထဲမှ စစ်မှုထမ်းစာရင်းကောက်ခံရန်အတွက် အခွင့်အာဏာသည် စစ်တပ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ချုပ်ကိုင်ခွင့်ပေးလိုက်သည်။
အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့အပိုင် နယ်မြေထဲတွင် စစ်မှုထမ်းရန်အသက်ပြည့်မီသူ မည်မျှရှိကြောင်း စာရင်းကောက်ပြီး မြို့နယ်သို့ အကြောင်းကြားရသည်။ အုပ်ချုပ်ရေးမှူးများပေးသည့် စာရင်းကိုမြို့နယ်က စိစစ်ပြီး စစ်မှုထမ်းဆင့်ခေါ်စာထုတ်ရသည်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈- ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈-၂၇ နှစ်အတွင်း အမျိုးသမီးများသည် အနည်းဆုံး နှစ်နှစ်ကြာ စစ်ထဲဝင်ရမည်။ ပညာရှင်ဟုစစ်တပ်ကသတ်မှတ်ပါက အမျိုးသားများသည် အသက် ၄၅ နှစ်နှင့် အမျိုးသမီးများသည် အသက် ၃၅ နှစ်အထိအကျုံးဝင်ပြီး စစ်မှုထမ်းကာလ အနည်းဆုံးသုံးနှစ်ဖြစ်သည်။
စစ်မှုထမ်း ဆင့်ခေါ်မှုသည် စစ်အာဏာသိမ်း၏နောက်ဆက်တွဲဆိုးကျိုးများကို ကျောကော့အောင် ခံစားနေရသော သာမန်ပြည်သူတို့အတွက် လဲရာသူခိုးထောင်းကဲ့သို့ နောက်ထပ် အိပ်မက်ဆိုးဖြစ်လာနေသော်လည်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များအတွက်မူ တစ်သက်မှာ တစ်ခါသာ ပေါက်နိုင်သည့် ထီဆုကြီးကဲ့သို့ဖြစ်နေသည်။
စစ်မှုထမ်းဆင့်ခေါ်ရေး အကျုံးဝင်သူ မိသားစုများအနေဖြင့် နေထိုင်ရာ အုပ်ချုပ်ရေးမှူးများထံ တစ်လလျှင် ကျပ်သုံးသောင်းမှ တစ်သိန်းထိပေး၍ မိမိသားသမီးများ စစ်မှုထမ်းတွင် မပါဝင်ရန် ဖြေရှင်းနေရကြောင်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အသက် ၂၇ နှစ်အရွယ် လူငယ်၏ ဖခင် ဖြစ်သူက ပြောသည်။
ထို့အပြင် စစ်မှုထမ်းဆင့်ခေါ်မည့်နာမည်စာရင်းတွင် မိမိနာမည် ပါနေပါက လူအစားထိုးသည့် ဈေးကွက်သည် လူတစ်ယောက်လျှင် ကျပ်သိန်းတစ်ရာမှ သိန်းသုံးရာကြားထိ ဈေးနှုန်းရှိသည်။ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးမှူးများ၏ ပေါ်တာဆွဲခြင်းခံရပြီး စစ်မှုထမ်းအဖြစ်စုဆောင်ခြင်းခံရလျှင်လည်း လူစားထိုးရန် ကျပ်သိန်းရာဂဏန်း ဈေးနှုန်းရှိကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ဆိုသည်။
ထိုငွေကြေးသည် အစားထိုးစစ်မှုထမ်းသူရရှိခြင်းမဟုတ်ဘဲ စာရင်းပြောင်းပေးသည့် အုပ်ချုပ်ရေးမှူးများ ရရှိခြင်းဖြစ်သည်။
“အုပ်ချုပ်ရေးမှူးလုပ်ရင် စစ်မှုထမ်းအတွက် ကိုယ့်သားသမီးနဲ့ ဆွေမျိုးသားချင်းတွေ ပါမှာကို တားဆီးပေးနိုင်ဖို့ ဝင်လုပ်တဲ့သူတွေလည်းရှိတယ်” ဟု အဆိုပါ တရားလွှတ်တော် ရှေ့နေကဆိုသည်။
အချိန်မရွေးဧည့်စာရင်းစစ်ခွင့်ပြန်ရခြင်း
စစ်တပ်သည်အာဏာသိမ်းပြီး သီတင်းနှစ်ပတ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ရုပ်သိမ်းပယ်ဖျက်စ်ခဲ့သည့် အချိန်မရွေးဧည့်စာရင်းစစ်ဆေးခွင့်ကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ပြန်လည်ပေးအပ်ခဲ့သည်။
ထိုအခွင့်အရေးအရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသည် ၎င်းအပိုင်နယ်မြေအတွင်းရှိ နေအိမ်များကို ဧည့်စာရင်းအကြောင်းပြပြီး မည်သည့်ဝရမ်းမျှမလိုဘဲ ဝင်ရောက်ရှာဖွေခွင့်ရှိလာသည်။

ဧည့်စာရင်းစနစ်သည် ပုန်ကန်သူများအားထိန်းချုပ်ရန်အတွက် အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၇ ခုနှစ်ကတည်းက ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ် တွင်လက်မှတ်ထိုးအတည်ပြုခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေတွင် ယင်းစနစ်ကိုဆက်လက်ကျင့်သုံးစေခဲ့သည်။
NLD အမတ်အများစုပါဝင်သည့် အမျိုးသားလွှတ်တော်က ၂၀၁၆ ခုနှစ်တွင် စစ်တပ်အမတ်များ ကန့်ကွက်နေသည့်ကြားမှ ဧည့်စာရင်းစနစ်ကို ဥပဒေပြင်ဆင်ပြီး ဖျက်သိမ်းခဲ့သည်။
သို့သော် ငါးနှစ်အကြာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧည့်စာရင်းစနစ်ကို ပြန်လည်ပြဋ္ဌာန်းပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှုများအား ဧည့်စာရင်းစစ်ခွင့်ပေးခဲ့သည်။
အခြားအခွင့်အရေးများ
“မသမာမှုနှင့် မလျော်ဩဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်” ဟု ဥပဒေကဆိုသော်လည်း မြေပြင်တွင် စစ်အာဏာရှင်ထောက်တိုင် ရဲများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် စစ်မှုထမ်းစုဆောင်းရန် လူငယ်များကို ပေါ်တာဆွဲခြင်း၊ နှစ်လုံးထီနှင့် လောင်းကစားဝိုင်းများကို လစဉ် ငွေကြေးကောက်ခံခြင်းများကို ပေါ်ပေါ်တင်တင်ပြုလုပ်လျက်ရှိသည်။
လောင်းကစားအမှုများကို ဖမ်းဆီးအရေးယူရမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲများသည် နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းအပါအဝင် မြို့နယ် ရှစ်မြို့နယ်တွင်လည်း ဂျင်ဝိုင်းများကို တစ်လလျှင် ကျပ်သိန်းတစ်ရာအထက် ငွေကြေးရယူ၍ မြို့နှင့် အလှမ်းဝေးရာ ဘုန်းကြီးကျောင်းအချို့နှင့် ခြံကွက်များထဲတွင် ဖွင့်လှစ်ခွင့်ပေးထားကြောင်း ပျဉ်းမနားမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုတွင် ငွေအတိုးချေးထားဖူးသူ အမျိုးသားတစ်ဦးက ဆိုသည်။
အများပြည်သူဆိုင်ရာနေရာတွင် လောင်းကစားခြင်းကို ဖမ်းဆီးခြင်း၊ အရေးယူနိုင်ရန် အကြောင်းကြားခြင်း၊ လောင်းကစားအိမ်ကို ဝင်ရောက်ရှာဖွေခြင်း (သို့မဟုတ်) ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်းတို့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လောင်းကစားလုပ်ငန်းများကို လာဘ်ငွေ (လိုင်းကြေး) တောင်းခံ၍ တရားဝင်ကဲ့သို့ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်ခွင့်ပေးထားနေကြသည်ဟု စုံစမ်းသိရှိရသည်။
“အခုတည်ဆဲအစိုးရက သူတို့အာဏာကို မနှောင့်ယှက်နဲ့၊ မတော်လှန်ရင်ရပြီ၊ အရေးမယူဘူး၊ အခုအွန်လိုင်းဂိမ်းတွေကြောင့် ဘဝတွေပျက်တာအများကြီးပဲ၊ ဘာမှထိထိရောက်ရောက်အရေးမယူဘူး၊ ဆိုလိုချင်တာက နိုင်ငံရေးမလုပ်နဲ့၊ ကျန်တာကြိုက်တာလုပ်ပဲ၊ သူတို့အာဏာမြဲရင်ရပြီ” ဟု နေပြည်တော် အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဦးအောင်(အမည်လွှဲ)က ပြောသည်။
ကိုယ်ကျိုးရှာလိုသူများသည် အုပ်ချုပ်ရေးမှူးတာဝန်များကို လျစ်လျူရှုပြီး အာဏာသိမ်းစစ်တပ်နှင့် တည်ဆဲအစိုးရတို့၏ သဘောအတိုင်းသာ ဆောင်ရွက်ပေးလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
ပြည်သူတို့၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးရပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ကူညီရန် တာဝန်ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ပြည်သူကရွေးကောက်တင်မြှောက်သည့် ပြည်သူ့အစိုးရစစ်စစ် တရပ် မအုပ်ချုပ်နိုင်သ၍ ပြည်သူလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်မည့်သူများ ဖြစ်လာရေးကို များစွာ သံသယရှိကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်လက်ထက် ပြန်လည်ရွေးချယ်လာသည့် အုပ်ချုပ်ရေးမှူးများကို ဥပဒေပြုရေး ရှေ့နေ ဦးအောင်က ထိုသို့လည်း မှတ်ချက်ပြုသေးသည်။
“အခုအုပ်ချုပ်ရေးမှူးတွေက စစ်တပ်အလိုတော်ရိနဲ့ ကိုယ်ကျိုးရှာသမားတွေများတယ်လေ”



