ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှာ တရုတ်ရေတပ်ရဲ့ တာဝေးပစ် ဒုံးကျည်တစ်စင်း တနင်္လာနေ့က ပစ်ခတ်လိုက်တာကြောင့် ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းမှာရှိတဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းပေါ်ကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
၁၉၈၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ရာရိုတွန်ဂါစာချုပ်အရ တရုတ်ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ ဒီပင်လယ်ပြင်ဟာ နျူကလီးယားကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာဖြစ်ပါတယ်။ ဒီဒေသမှာ နျူကလီးယားထိပ်ဖူး စမ်းသပ်ပစ်ခတ်တာမလုပ်ဖို့ ရာရိုတွန်ဂါစာချုပ်မှာ ပါရှိပါတယ်။ ဒီစာချုပ်ကို သဘောတူတဲ့အကြောင်း ၁၉၈၇ ခုနှစ်မှာ တရုတ်နိုင်ငံကလည်း လက်မှတ်ထိုးထားခဲ့ပါတယ်။
ဒီလိုကန့်သတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်ပစ်ခတ်တဲ့လုပ်ရပ်ဟာ ဒေသတွင်းကို မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့ လုပ်ရပ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ဝေဖန်ထားပါတယ်။
ဒီလိုစစ်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ စိုးရိမ်နေတဲ့ကြားက တရုတ်နိုင်ငံဟာ စမ်းသပ်ပစ်ခတ်မှု လုပ်မယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားခဲ့အပြီး စမ်းသပ် ပစ်ခတ်မှုကို ချက်ချင်းလုပ်ခဲ့ပုံပါပဲလို့ နယူးဇီလန်နိုင်ငံရဲ့ ထိပ်တန်းသံတမန် ဝင်စတန် ပီတာက AP သတင်းဌာနကို ပြောပါတယ်။
ဒီဒုံးကျည်ဟာ မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု၊ နအူးရူးနဲ့ ကီရီဘာတီ နိုင်ငံများအပါအဝင် အနည်းဆုံး ပစိဖိတ်ကျွန်းနိုင်ငံ ၃နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) တွေပေါ်ကနေ ဖြတ်သန်းသွားပြီး ဆော်လမွန်ကျွန်းစုရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁,၀၀၀ ခန့်အကွာက ပစိဖိတ်ကျွန်းနိုင်ငံတွေဖြစ်တဲ့ တူဗာလူနဲ့ ကီရီဘာတီနိုင်ငံတို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေအနီးကို ကျရောက်ခဲ့ပုံရတယ်လို့လည်း ABC သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်ရဲ့ ဒီလုပ်ရပ်ကို ဂျပန်နဲ့ ထိုင်ဝမ်တို့ကလည်း စိုးရိမ်ကြောင်း ပြောဆိုထားသလို ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက် မားလ်စ်ကတော့ ဒုံးကျည် ပျံသန်းမှုလမ်းကြောင်းနဲ့ ကျရောက်ခဲ့တဲ့နေရာကို မပြောလိုပေမယ့် “တော်တော်လေးကို စိုးရိမ်ဖို့ကောင်းပြီး ဒေသတွင်းကို ပြင်းပြင်းထန်ထန် မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်” လို့ ပြောပါတယ်။
“ကျွန်တော်တို့ မျှော်မှန်းလုပ်ဆောင်နေတာကတော့ ငြိမ်းချမ်းတဲ့ ပစိဖိတ်ဒေသအဖြစ် တည်ဆောက်ဖို့ပါ၊ တရုတ်နိုင်ငံရဲ့ အခုလုပ်ရပ်ကတော့ ဒီငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာပါ” လို့လည်း ရစ်ချက် မားလ်စ်က ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကတော့ “တရုတ်နိုင်ငံဟာ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိသလို၊ ကိုယ်ကျိုးရှာ နိုင်ငံရေးကစားပွဲတွေလည်း လုပ်လေ့မရှိပါဘူး” လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ နောက်ပြီး ဒါဟာ တရုတ်ရေတပ်ရဲ့ ပုံမှန်လေ့ကျင့်မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ ဘယ်နိုင်ငံကိုမှ ဦးတည် ပစ်မှတ်ထားတာမျိုး မရှိဘူးလို့လည်း ပြောဆိုထားပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



