အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောရှိ AA အကျဥ်းစခန်း ဗုံးကြဲခံရမှု စစ်ဆရာဝန်အပါအဝင် သုံ့ပန်း ၄ ဦးသေဆုံး

ယမန်နေ့ မွန်းလွဲက ဗုံးကြဲမှုအတွင်း AA ၏ စစ်သုံ့ပန်း လေးဦး သေဆုံးသွားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အာရက္ခတပ်တော် (AA) ၏အကျဉ်းစခန်းတစ်ခု ဇူလိုင်လ ၂ ရက်က ဗုံးကြဲ ခံရပြီး သုံ့ပန်းများဖြစ်ကြသော အာဏာသိမ်းစစ်တပ်မှ စစ်ဆရာဝန် ဗိုလ်ကြီးတစ်ဦး၊ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားကြောင်း သိရသည်။ 

အဆိုပါ အကျဉ်းစခန်းမှာ ကြိမ်ချောင်းရွာ စစ်တပ်၏ အမှတ် (၇) နယ်ခြားစောင့်တပ်ခွဲ (နခခ-၇) ဟောင်း အနီးတွင် ရှိသည်။ မွန်းလွဲ ၃ နာရီခန့်မှစတင်၍ တိုက်လေယာဉ်နှစ်စီး၊ Y-12 လေယာဥ်တစ်စီးတို့ဖြင့် နာရီဝက်နီးပါး ကြဲခဲ့ခြင်းဖြစ်ပြီး ဗုံးအလုံး ၃၀ ကျော် ဆက်တိုက်ကြဲခဲ့သည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။ 

စစ်သုံ့ပန်များ ထားရှိရာ အကျဥ်းထောင်ကို ဗုံးများထိမှန်ကာ စစ်သုံ့ပန်း ဗိုလ်ကြီး နှင့် အခြားသုံ့ပန်းများ ဖြစ်သော “အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) များမှ သုံ့ပန်း သုံးဦး သေဆုံးသွားသည်ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“သုံ့ပန်းအကျဥ်းထောင်မှာ ဆေးကုပေးနေတဲ့ စစ်သုံ့ပန်းဗိုလ်ကြီးတစ်ယောက်နဲ့တခြားသုံ့ပန်းသုံးယောက် ပွဲချင်းပြီးသေဆုံးသွားတယ် “ဟု ၎င်းက ဆိုသည်။

ယင်းမတိုင်မီ ဇူလိုင်လ ၁ ရက် တစ်နေ့တည်းတွင် စစ်တပ်စခန်းဟောင်းများဖြစ်သော မောင်တောမြို့ မြို့သူကြီးရပ်ကွက် အခြေစိုက် အမှတ်(၅) နယ်ခြားစောင့်စခန်းအနီးနှင့် ဘူးသီးတောင်မြို့နယ် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စခန်းဟောင်းအနီး ဗုံးကြဲခဲ့ရာ ဘူးသီးတောင် မြို့နယ်မှ  ဒေသခံ ရိုဟင်ဂျာများဖြစ်သော အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားသည်။

ARSA နှင့် RSO တို့သည် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်မြို့တို့တွင် လှုပ်ရှားပြီး AA ကို တိုက်ခိုက်နေသော ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကာ အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်း မှုများ ရှိနေသည်ဟု စွပ်စွဲချက်များ ရှိနေသည်။ 

ထိုကဲ့သို့ နယ်စပ်မြို့များကို နှစ်ရက်ဆက် ဗုံးကြဲမှုသည်  AA နှင့်ရင်ဆိုင်နေရသည့် စစ်မျက်နှာများတွင် စစ်တပ်ဘက်မှ အကျအဆုံးများနေသောကြောင့် လက်တုံ့ပြန်ဗုံးကြဲခြင်းဖြစ်ကြောင်း အထက်ပါ AA နှင့် နီးစပ်သူ သတင်းရင်းမြစ်အမျိုးသားက မှတ်ချက်ပေးသည်။

“သူတို့ ဗုံးကြဲတာက မြေပြင်တပ်ဖွဲ့တွေကလည်း လာလို့မရတော့ဘူး။ သူတို့မှာ ကြီးကြီးမားမား ထိခိုက် ကျဆုံးမှုတွေများတဲ့အခါတိုင်း ဗုံးကြဲတာတွေအမြဲတမ်းလုပ်နေတာ “ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ပတ်နေသောကြောင့် မနာလို မရှုစိမ့်သောကြောင့် ပြည်သူများအကျပ်အတည်းဖြစ်အောင် ဗုံးကြဲခြင်းသဘောမျိုး တွေ့ရသည်ဟု ၎င်းက သုံးသပ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော မောင်တောမြို့ကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင်လည်း ဗုံးကြဲချခဲ့ရာ ၁၂ တန်းကျောင်းသူ နှစ်ဦးဒဏ်ရာရရှိသွားကာ လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့သည်။

စစ်တပ်သည် AA စစ်သုံ့ပန်းစခန်းများကို ဗုံးကြဲလေ့ရှိပြီး မတ်လ ၈ ရက်ကလည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ အကျဉ်းစခန်းကို ဗုံးကြဲရာ ၁၁၆ ဦး သေဆုံး၊ ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထိုအထဲတွင် အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) မှ အကျဉ်းသားအများစုပါဝင်ကာ ဗိုလ်မှူးချုပ်မြင့်ရွှေ အပြင် ဗိုလ်မှူးအဆင့်များ၊ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်များ စစ်သုံ့ပန်း စစ်တပ်ဆရာဝန်အချို့လည်း သေဆုံးရာတွင် ပါဝင်ခဲ့သည်။ 

ပြီးခဲ့သည့်  ဇန်နဝါရီလ ၂၀ ရက်ကလည်း ကျောက်တော်မြို့နယ်ရှိ အကျဥ်းစခန်းတစ်ခု ဗုံးကြဲခံရပြီး လသားကလေးအပါအဝင် စစ်တပ် မိသားစုဝင်များ၊ စစ်သုံ့ပန်း ၂၁ ဦး သေဆုံး၊  ၃၀ ဒဏ်ရာရခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ပေါက်တောမြို့ အကျဉ်းစခန်း၊၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် မြောက်ဦးမြို့နယ်ရှိ အကျဥ်းစခန်းများ  ဗုံးကြဲခံရပြီး  သေဆုံးမှု ဆယ်ဂဏန်းရှိခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်ကလည်း မောင်တောမြို့နယ် လေးမိုင်အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်တပ်ခွဲတွင် ရှိသော AA ၏ အကျဉ်းစခန်းကို  ဗုံးကြဲရာ စစ်သုံ့ပန်းနှင့်အကျဥ်းသား ၅၀ ကျော်သေဆုံး၊ အများအပြားဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသော AA ထံတွင် ဗိုလ်မှူးချုပ်များအပါအဝင် စစ်သုံ့ပန်းများ၊ စစ်တပ်မိသားစုဝင် အကျဉ်းသားထောင်နှင့်ချီ ရှိသည်။ ယင်းတို့အနက် အချို့ကို ထိန်းသိမ်းထားသလို ပြန်လွှတ်ပေးခြင်းများလည်း ရှိနေသည်။ ထို့အပြင် ရိုဟင်ဂျာတပ်ဖွဲ့ဝင်များ၊ အရပ်သားအကျဉ်းသားများလည်း ရှိနေသည်။ 

၂၀၂၅ ခုနှစ် ဧပြီလနှင့် မေလတို့တွင် မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းနှင့်မိသားစုဝင် ၁၂၀၀ နီးပါးကို အာရက္ခတပ်တော် (AA)က ပြန်လွှတ်ပေးခဲ့သည်။

AA သည် ရခိုင်ပြည်နယ်၌ စစ်တွေ၊ ကျောက်ဖြူ၊ ချင်းပြည်နယ်၌ မင်းတပ်နှင့် ကန်ပက်လက်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့တွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button