သတင်း

ပေါက်တောကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ ၁၇ ဦးထဲတွင် သုံ့ပန်းတချို့ ပါဝင်ဟုဆို

ဗုံးထိသည့်နေရာတွင် ဆယ်ကျော်သက် ၂ ဦး အပါအဝင် အရပ်သားများ၊ ဒဏ်ရာရ စစ်သုံ့ပန်းတချို့၊ စစ်တပ်သတင်းပေးသူတချို့၊ AA တာဝန်ရှိသူ တချို့ သေဆုံးသည်ဟု သိရသည်။

စက်တင်ဘာ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကို စစ်ကောင်စီ လေတပ် ဗုံးကြဲ တိုက်ခိုက်စဉ် ၁၇ ဦး သေဆုံးသွားရာ ထိုအထဲတွင် ဆယ်ကျော်သက်၂ ဦးနှင့် စစ်သုံ့ပန်း ၇ ဦး ပါဝင်ကြောင်း ဒေသခံများနှင့် အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တိုက်ပွဲအတွင်း ဖမ်းမိရသူများကို ကုသမှုပေးနေသည့် မြို့တောင်ဘက် အလယ်ဖရုံကာကျွန်း၊ ရှင်ရွာကျေးရွာရှိ စခန်းတစ်ခု မိနစ်ပိုင်းအတွင်း ၂ ကြိမ် တိုက်ခိုက်ခံရစဉ် သေဆုံးခြင်း ဖြစ်သည်ဟု   AA က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆယ်ကျော်သက် ၂ ဦးမှာ စစ်တွေမြို့မှ လာသည့် မောင်ဝေယံဖြိုး (၁၄ နှစ်) ၊  မောင်စိုးမင်းအောင် (၁၇ နှစ်) တို့ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သုံ့ပန်း ၇ ဦး၏ အမည်များကို ထုတ်ပြန်ချက်တွင် မတွေ့ရသော်လည်း ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော စစ်တပ်အရာရှိကြီးတချို့ဟု ဖော်ပြထားသည်။ 

“စစ်ကောင်စီ၏ သတင်းပေးများနှင့် မိမိတို့၏သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ မိမိတို့၏ ကျန်းမာရေးဝန်ထမ်းတချို့ နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ”တို့ သေဆုံးကြောင်း၊ ၁၀ ဦး ဒဏ်ရာရကြောင်း  AA ထုတ်ပြန်ချက်က ဆိုသည်။  

ရှင်ရွာအနီးမှ ဒေသခံတစ်ဦးက  ထိုနေ့ညနေပိုင်းတွင် ဗုံးကြဲသံများ အဆက်မပြတ် ကြားလိုက်ရကြောင်း Myanmar Now ကို ပြောသည်။

“ညနေ ၇ နာရီလောက်မှာ ဗုံးချသံကြားတယ်။ ပထမဆုံး နှစ်လုံးသုံးလုံးဆက်တိုက်ပေါ့။ ခဏကြာတော့  လေးငါး​ခြောက်လုံး ဆက်တိုက်ချခဲ့တယ်။ ကျွန်တော်လည်း ကြောက်သွားတယ်။ ခုလို အချိန်မရွေး ဗုံး ကြဲလာနိုင်လို့ စိုးရိမ်တယ်” ဟု သူက ပြောသည်။ 

AA က မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထားရာ  ပေါက်တောသည်  ရခိုင်ပြည်နယ်အတွင်း ပထမဆုံး သိမ်းပိုက်ခဲ့သည့်မြို့  ဖြစ်သည်။   စစ်ကောင်စီသည်  လက်လွှတ်လိုက်ရသည့် ပေါက်တောမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲသလို အနီးရှိ စစ်တွေမြို့ စစ်စခန်းများကလည်း လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်သည်ဟု ဒေသခံတို့က ပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့က  ပစ်ခတ်ခဲ့ရာ  တစ်မြို့လုံးနီးပါး ပျက်စီးထားသည့် ပေါက်တောမြို့အတွင်းရှိ ကျန်နေသည့် အဆောက်အဦများထဲမှ   လူနေအိမ်တချို့ပျက်စီးခဲ့သည်။

စစ်ကောင်စီက AA ၏ ထိုးစစ်ကို  ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး ခုခံခဲ့သည်။ 

စစ်မျက်နှာအသီးသီးတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များ ထိန်း ချုပ်ထားသော မြို့ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အရပ်သားများလည်း သေဆုံး လျက် ရှိသည်။

ရခိုင်ပြည်နယ်ရှိ  AA သိမ်းပိုက်ထားသည့် မြို့များတွင်လည်း ဆေးရုံ၊ ဆေးခန်းများ၊ စျေးများ၊ လူစည်ကားရာနေရာများ၊ အစိုးရအဆောက်အအုံများနှင့် ဘာသာရေးအဆောက်အဦများသည် လေတပ်၏ ပစ်မှတ် ဖြစ်လာနေသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် မေလအတွင်းက တွေ့ရသော AA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-Myanmar Now)

AA သည် သံတွဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

အလားတူ  မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်ရရှိရေး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေကာ ဂွမြို့နယ် ကျိန္တလီမြို့၊ တောင်ကုတ်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

AA ထိန်းချုပ်ထားသည့် ရသေ့တောင်နှင့်မြောက်ဦး၊ တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ် ကျိန္တိလီမြို့တို့ တွင် စက်တင်ဘာ ပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရသည်။

စက်တင်ဘာ ၇ ရက် ညနေတွင် သံတွဲမြို့  ဗုံးကြဲခံရသဖြင့်  အမှတ်( ၇ ) ဗောဓိကုန်းရပ်ကွက်နေ  ဗလီဆရာ ဦးမောင်ဆန်း အပါအဝင် ၅ ဦး ဒဏ်ရာရသွား သည်။ အလားတူ အံတော် (၈) ရပ်ကွက်မှ ကျောင်းဆရာ ဦးသိန်းဇံ သေဆုံးသွားသည်။


စစ်ကောင်စီက   AA အပါအဝင် အပြင်းအထန် ထိုးစစ်ဆင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် စက်တင်ဘာ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

ထိုကြေညာချက်အပြီး ယခင်ကတည်းက လေတပ်ကို အားပြုသည့် စစ်ကောင်စီသည် ထို ၃ ဖွဲ့ ထိန်းချုပ်သည့် နယ်မြေများနှင့် အခြား ဒေသများကို   ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေသည်။

စက်တင်ဘာ ၁ ရက်မှ  ၉ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကရင်နီ (ကယား)၊ ရခိုင်ဒေသတို့ကို လေတပ်က  ဗုံးကြဲခဲ့၍ လူဆယ်ချီ သေဆုံးခဲ့သည်။ 

လေတပ်က  မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့၊  ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ကို စက်တင်ဘာလဆန်းပိုင်းတွင် ဗုံးကြဲခဲ့ရာ ကလေးများအပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့သည်။

စစ်တွေနှင့် အနီးဆုံးဖြစ်သော ပေါက်တောမြို့ကို ၂၀၁၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

Show More

Related Articles

Back to top button