သတင်း

ပေါက်တောမြို့ကို AA သိမ်းလိုက်ပြီဟု ဒေသခံများဆို

နှစ်လကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ရခိုင်ပြည်နယ် ပေါက်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး သုံ့ပန်းတချို့လည်း ဖမ်းဆီးရမိထားကြောင်း ဒေသခံများက ဆိုကြသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနှင့် အနီးဆုံးမြို့တစ်မြို့ဖြစ်သော ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဇန်နဝါရီ ၁၉) တွင် သိမ်းယူလိုက်ကြောင်း ဒေသခံများက ပြောသည်။

မြို့တော်စစ်တွေ၏ အရှေ့ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ အမြန်ရေယာဉ်ဖြင့် တစ်နာရီခန့်သာ ဝေးသော ပေါက်တောမြို့တွင် ၂၀၂၃ နိုဝင်ဘာ ၁၅ ညက ရဲစခန်းကို AA က တိုက်ခိုက်ခဲ့ပြီးနောက် ထိုဒေသတွင် တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး မွန်းလွဲပိုင်းတွင် စစ်ကောင်စီ လေတပ်နှင့် ရေတပ်က ပစ်ကူများဖြင့် ခုခံခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် စစ်ရေယာဉ်ဖြင့် ပေါက်တောမြို့ပေါ်မှ စစ်သားများကို လာရောက်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

“မနေ့က လေးနာရီလောက်မှာ စစ်သားတွေကို နေဗီ (စစ်ရေယာဉ်) နဲ့ တင်သွားပါတယ်တဲ့။ AA ကတော့ (စစ်သား) ဆယ်ယောက်လောက် အရှင်ဖမ်းမိလိုက်တယ်လို့ သိရပါတယ်” ဟု ပေါက်တောမြို့အနီးမှ ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က သုံးလေးနာရီကစပြီးတော့ သိပ်ပစ်ကြတယ်။ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေပါ သိပ်ပစ်ကြတယ်။ လေးနာရီခွဲလောက်ဆိုတာနဲ့ လေယာဉ်တစ်စီးနဲ့ လာပစ်ပါတယ်။ အဲဒီလေယာဉ်ဟာ တစ်နာရီနီးပါးလောက် ပတ်ပြီးနေခဲ့တယ်။ နေဗီကလည်း လက်နက်ကြီးနဲ့ပစ်ပါတယ်။ ကျွန်တော်တို့နေတဲ့ရွာကိုတောင် တစ်လုံးနှစ်လုံး ကျပါတယ်။ လေယာဉ်က ငါးနာရီကျော်လောက် ပြန်သွားပါတယ်” ဟု ထိုသူက ယမန်နေ့ အခြေအနေကို ပြောပြသည်။

စစ်တွေမြို့နယ်အရှေ့ဘက် ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံရာနေရာရှိ တောင်းဖူးရွာအနီးသို့ စစ်ကောင်စီတပ် ဒရုန်းများဖြင့် ယနေ့ နံနက်က လာရောက်ပစ်ခတ်သည်ဟု ကြားသိရကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

“မိုးလင်းအာရုံမှာတော့ ဒရုန်းတွေ ဝီ– ဝီ နဲ့သွားပြီး ပစ်တယ်။ တောင်းဖူးဘက်တွေကိုလည်း သွားပြီးပစ်ပါတယ်”

ထိုအကြောင်း သီးခြားအတည်ပြုနိုင်ရန် AA ကို ဆက်သွယ်မေးမြန်း၍ မရသေးသလို ရခိုင်ဒေသတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် ဒေသခံအများစုကို ဆက်သွယ်မရသေးပေ။

ပေါက်တောမြို့ကို AA သိမ်းနိုင်ကြောင်း သတင်းကြား၍ ပြန်လာသော မြို့ခံအမျိုးသမီးတစ်ဦးက မြို့ပေါ်တွင် စစ်သားများမရှိတော့ဘဲ လတ်တလောတွင် AA က နယ်မြေရှင်းလင်းရေးလုပ်နေသဖြင့် ဝင်ခွင့်မပြုသေးသောကြောင့် ပြန်လာကြောင်း ပြောသည်။

“မြို့မှာ စစ်သားတွေ မရှိတော့ဘူး။ မနေ့က ညနေကတော့ လေယာဉ်နဲ့ လာပစ်တယ်။ ပန်းသီးရပ်ကွက် မီးလောင်နေတာတော့ မြင်ရတယ်။ ညဉ့် ၁၂ နာရီ လောက်မှာလာပြီးတော့ ဂျက်နဲ့ပစ်ပါတယ်။ ညဉ့် ၁ နာရီလောက်မှာတော့ သိမ်းလို့ရပြီလို့ ပြောသံကြားပါတယ်။ (AA) အလံတွေလည်း ထောင်ထားပါပြီတဲ့”

“အခုတော့ မြို့ကို ဝင်ခွင့်မပြုသေးဘူး။ ကျွန်မတော့ ဝင်ခွင့်မရခဲ့လို့ ပြန်လာချိန်ထိ နေဗီတွေလည်း မတွေ့ခဲ့တော့ဘူး” ဟု ပေါက်တောမြို့ခံအမျိုးသမီးက ဆိုသည်။

၂၀၂၃ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်စီးနင်းခဲ့ပြီး ပြန်ဆုတ်ခွာသွားရာ နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက်မှ စတင်ပြီး ပေါက်တောမြို့ကို စစ်တပ်က ထိန်းချုပ်လိုက်ကာ ဒေသခံအများအပြား ဖမ်းဆီးခဲ့သလို အများစုမှာ ပိတ်မိခဲ့သည်။

ယမန်နှစ် နိုဝင်ဘာ နောက်ဆုံးပတ်က ပေါက်တောမြို့တွင်း AA ဝင်ရောက်တိုက်ခိုက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-AA Info Desk)

မြို့တွင်း တိုက်ပွဲများဖြစ်ပြီး ဒေသခံများကို ၃ ကြိမ်ထက်မနည်း ကယ်ထုတ်ခဲ့ရသည်ဟု AA ထုတ်ပြန်ချက်များအရ သိရပြီး စစ်တပ်ကလည်း မြို့ကို မီးရှို့ခဲ့သလို မြို့ခံအများစုမှာ မြို့လုံးကျွတ် စွန့်ခွာထွက်ပြေးနေရသည်မှာ နှစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။

စစ်ကောင်စီကလည်း စစ်တွေမြို့နယ်အတွင်း ၎င်းတို့ခြေကုပ်ရယူနိုင်ရန် ယခုနှစ် ဇန်နဝါရီလဆန်းမှ စတင်ကာ မြို့နယ်အစွန် ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှ ကျေးရွာများရှိ ဒေသခံများကို ထွက်ခွာခိုင်းသလို ရွာတချို့ကို ဝင်ရောက်စစ်ဆေးကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ ရွာမီးရှို့ခြင်းများ ဆက်တိုက်လုပ်နေသည်။

ထို့နောက် ကုလားတန်မြစ်အထက် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပလက်ဝတောင်ဘက် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့တွင် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လာခဲ့ကာ စစ်တပ်က ကြည်း၊ ရေ၊ လေ အပြင် လက်နက်ကြီးပစ်ကူအများအပြား သုံးကာ ပြန်လည်တုံ့ပြန်နေသည်။

ထိုအချိန်တွင် စစ်တွေနှင့် အနီးဆုံးဖြစ်သော ပေါက်တောမြို့ကို AA က သိမ်းယူရရှိပြီးဖြစ်ကြောင်း ဒေသခံများကို ကိုးကား၍ သိရခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ရခိုင်တစ်ပြည်နယ်လုံးကို ရစေချင်ပါတယ်။ ပေါက်တောတစ်မြို့တည်းကို ရတာနဲ့ သိပ်အများကြီးထူးခြားမှာမဟုတ်။ အားလုံးရမှ အဆင်ပြေနိုင်မယ်လို့ မြင်မိတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

“အကောင်းဆုံးကတော့ လွတ်လပ်တဲ့ပြည်ပေါ့။ အရင်တုန်းကလို အချုပ်အချည် အကန့်အသတ်နဲ့မဟုတ်ဘဲ လွတ်လပ်တဲ့ ကိုယ်တို့ဖန်တီးနိုင်တာတွေကို လွတ်လွတ်လပ်လပ်ဖန်တီးနိုင်တဲ့ တိုင်းပြည်မျိုးပေါ့။ ပြောရမယ်ဆိုရင် ရခိုင်ပြည်၊ ရခိုင်နိုင်ငံကို မျှော်မှန်းပါတယ်”

ပေါက်တောမြို့နယ်၏ အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်ကာ အနောက်ဘက်တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။

မြို့အနောက်ဘက်တွင် ကုလားတန်မြစ်နှင့် အရှေ့ဘက်တွင် ကျွဲကူးမြစ်တို့ ရှိသည်။

မြောက်ပိုင်းညီနောင်အဖွဲ့ ၏ ယမန်နေ့ညထုတ်ပြန်ချက်အရ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ အမ်းနှင့် ရမ်းဗြဲ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

ပေါက်တောမြို့တွင်းနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်းနှင့် ရေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အသည်းအသန်ခုခံကာကွယ်နေရကြောင်း ပါရှိသည်။

AA ထိန်းချုပ်ထားသော မင်းပြားမြို့တွင် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက်တို့တွင် စစ်ကောင်စီလေတပ်နှင့် ရေတပ်က မြို့ပေါ်ရပ်ကွက်များကို လက်နက်ကြီး၊ လေကြောင်း အပြင်းအထန်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ယမန်နေ့ နံနက် ၁၀ နာရီခွဲက မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်အတွင်း ဗုံးသီးများကျရောက်ပေါက်ကွဲကာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

ရသေ့တောင်မြို့နယ်တွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ ရသေ့တောင်မြို့နှင့် အနီးအနားရှိကျေးရွာများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်လျက်ရှိကြောင်း ပါရှိသည်။

စစ်တွေနှင့် အနီးဆုံးဖြစ်သော ပေါက်တောမြို့ကို ၂၀၁၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

Show More

Related Articles

Back to top button