အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝိုင်းမော် လူနေရပ်ကွက်များကို ခလရ ၅၈ ပစ်ခတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ၅၈ က ယမန်နေ့ (ဩဂုတ် ၁၈) ည၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်သဖြင့် မြို့ပေါ်ရပ်ကွက် ၃ ခု ကျည်သင့်ပြီး လူနေအိမ်တစ်လုံး ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ည ၈ နာရီနှင့်  ၉ နာရီကြား ပစ်ခတ်ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းအနီး နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ခါ့ကွမ်ရပ်ကွက်ရှိ  ဦးတိန့်ဆောင်ဆိုသူ၏နေအိမ်အနီး သစ်ပင်ကို လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲခဲ့ပြီး နေအိမ်ခေါင်မိုးတွင် လက်နက်ကြီးအစများထိမှန်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“တော်တော်ကံကောင်းတယ် ပြောရမယ်။ အကုန်လုံး လဲနေလို့၊ ပြောရမယ်ဆိုရင် အိပ်နေကြတာပေါ့ဗျာ၊ သေနတ်သံကြားလို့ ထထိုင်ပြီး ဟိုသွားဒီသွားလုပ်ရင် ထိနိုင်တယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၆၀ (မမ) လက်နက်ကြီးကျည်တစ်ခု ခါ့ကွမ်ရပ်ကွက် လမ်းပေါ်တွင် မပေါက်ကွဲသေးဘဲ စိုက်ဝင်နေကြောင်း ၎င်းက ဆက်ပြောသည်။

ကျည်ကျသည့် အခြားရပ်ကွက် ၂ ခုမှာ  မဒိန်၊ ခတန်(ရှမ်းရွာ) တို့ ဖြစ်သည်။

ထို့သို့ ပစ်ခတ်နေချိန်တွင် တင့်ကား ၃ စီးနှင့် စစ်ကားများ မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့ဘက် ထွက်ခွာသွားသည်ကို တွေ့ရကြောင်း မြစ်ကြီးနားမြို့ခံတချို့ကလည်း ပြောသည်။

ယမန်နေ့ည ၈ နာရီခန့်က ခလရ ၅၈ တပ်ရင်းနှင့် ရွာနှစ်ရွာခြားသည့် လမြန်ကျေးရွာအနီးရှိ စစ်တပ်ကို KIA ကင်းထောက်အဖွဲ့က အနည်းငယ် ခြောက်လှန့်ပစ်ခတ်ပြီးနောက် တပ်ရင်းမှ ပြန်လည်ပစ်ခတ်သံများကြားရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးက ပြောသည်။

ထိုပြောဆိုချက်နှင့် ယမန်နေ့ည ဖြစ်ရပ်များအကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဇူလိုင် ၂၉ တွင် KIA က ဝိုင်းမော်နှင့် မိုးကောင်းမြို့ရှိ စစ်တပ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၅၈ လည်း အပါအဝင်ဖြစ်သည်။  

ယင်းနေ့တိုက်ခိုက်မှုတွင် ခလရ ၅၈ တပ်ရင်း အထိနာခဲ့ပြီး တပ်ရင်းမှူး အပြောင်းအလဲဖြစ်ကာ တပ်ရင်းတချို့ ထပ်မံအားဖြည့်ခဲ့သည်ဟု သတင်းများထွက်ခဲ့သော်လည်း Myanmar Now အနေဖြင့် စုံစမ်းနေဆဲသာဖြစ်သည်။

ထို့နောက် ဇူလိုင် ၂၉ နောက်ပိုင်း ခလရ ၅၈ မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် အနီးဝန်းကျင်ကျေးရွာများကို ညတိုင်းနီးပါး ပစ်ခတ်ခဲ့၍ လူနေရပ်ကွက်နှင့် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ မကြာခဏ ကျရောက်နေသည်။

ဩဂုတ် ၃ ညပိုင်းကလည်း ၎င်းတပ်ရင်းဘက်မှ ဝိုင်းမော်မြို့ဘက်သို့ ပစ်ခတ်ခဲ့မှုအပေါ် KIA နှင့် တိုက်ပွဲဖြစ်ခြင်းမဟုတ်ဘဲ စစ်တပ်၏ တစ်ဖက်သတ်ပစ်ခတ်နေခြင်းသာဖြစ်ကြောင်း KIA က တုံ့ပြန်ပြောဆိုထားသည်။

အဆိုပါပြောဆိုမှုများနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိနိုင်ရေး စစ်ကောင်စီပြန်ကြားရေးပုဂ္ဂိုလ်များကို ဆက်သွယ်မရသေးသလို ကချင်နှင့် အခြားဒေသတိုက်ပွဲများအကြောင်းကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

KIA ဘက်မှ လာရောက်တိုက်ခိုက်မှုများရှိနေသောကြောင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မည်ဖြစ်၍ တိုက်ပွဲများဖြစ်ပွားပါက ဘေးလွတ်ရာရှောင်ကြရန် အနီးရှိ မဒိန်ရွာနှင့် လဘန်ရွာများတွင် ခလရ ၅၈ က ဩဂုတ် ၁၅ တွင် အသံချဲ့စက်ဖြင့် လိုက်လံပြောဆိုခဲ့သည်။

သို့သော် ဇူလိုင် ၂၉ တိုက်ပွဲပြီးနောက်ပိုင်း အဆိုပါတပ်ရင်းကို KIA က ဝင်ရောက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ စစ်ကောင်စီဘက်မှသာ တိုက်ပွဲအတုဖော်ဆောင်ကာ ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button