အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပြည်နယ်ကို ပိုမိုထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) ၏ ဩဇာကြီးထွားလာရာ စစ်ကောင်စီက ကိုဗစ်နိုင်တင်း ကပ်ဘေးအကြောင်းပြကာ ဒေသတွင်း ပိုမိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဒေသခံများက ပြောသည်။ 

ပြည်နယ်အတွင်း AA က ကိုဗစ်ဆိုင်ရာ နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကြေညာမှု၊ မလိုက်နာသူများကို စစ်တွေမြို့ပေါ်တွင် နှစ်ရက်ဆက် အသံဗုံးဖောက်ခွဲ သတိပေးမှု၊ တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်မည်ဟု ကြေညာမှုများအပြီး စစ်ကောင်စီက ထိုသို့ ကြိုးပမ်းလာသည်ဟု စစ်တွေမြို့ခံများက ယူဆနေကြသည်။ 

ဩဂုတ် ၇ ညနေတွင် အုပ်ချုပ်ရေးယန္တရားရုံးစိုက်ရာမြို့ဖြစ်သည့် စစ်တွေမြို့အတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ကားဖြင့် လှည့်လည်ပြီး ဧည့်စာရင်းတိုင်ကြားရန် အသံချဲ့စက်ဖြင့် ဆော်ဩခဲ့သည်။ 

၎င်းရက်မှစ၍ စစ်တွေမြို့ပေါ် ရပ်ကွက်တချို့တွင် ဧည့်စာရင်းစစ်နေပြီဟု ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရပ်ကွက်အတွင်း အပိုင်းလိုက် ဧည့်စာရင်းစစ်တာတွေကို လုပ်နေပါပြီ။ ဧည့်စာရင်းလာတိုင်တဲ့သူတွေလည်း ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ 

ဧည့်စာရင်းစစ်သည့်အဖွဲ့တွင် စစ်သားများလိုက်ပါလာကြောင်း စစ်တွေမြို့ပေါ်ရပ်ကွက်နေသူတချို့က ပြောသည်။

“တိုင်ရမယ်၊ ဧည့်စာရင်း စစ်မယ်ဆိုလို့ ဧည့်စာရင်းတိုင်ကြရပါတယ်။ ကျွန်တော်တို့ စံပြရပ်ကွက်ကို သြဂုတ်လ ၇ ရက်နေ့ ညနေပိုင်းက ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်လာတာက စစ်သားတွေ လက်နက်ကြီးတွေနဲ့ ဝင်လာကြတယ်။ ဧည့်စာရင်းစစ်တယ်ဆိုတာက ရဲတစ်ယောက်၊ နှစ်ယောက် နဲ့ ရပ်ကွက်လူကြီးတွေ ပါရင် ရပြီပေါ့။ အခုဟာ ဧည့်စာရင်းကို အမည်ပြုပြီးတော့ အင်အားလာပြသလို ဖြစ်နေတယ်။ ပြည်သူတွေကို ခြိမ်းခြောက်တာလို့ပဲ မြင်တယ် ”ဟု စံပြရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ဆိုသည်။

ဩဂုတ် ၅ တွင် ရခိုင်ပြည်နယ်စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ လုံခြုံရေးနှင့် ကိုဗစ်ကာကွယ်ရေးအတွက် နေ့/ည ကင်းလှည့်မည်၊ ဧည့်စာရင်း စစ်မည်၊ မော်တော်ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်များကို စစ်ဆေးမည်ဟု ပြည်နယ်ပြန်ကြားရေးက ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၆ မှစ၍ စစ်တွေမြို့ညနေပိုင်း၌ လုံခြုံရေး ပိုမိုတင်းကျပ်လာပြီး စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့တို့က ဆိုင်ကယ်နှင့် သွားလာနေသည့် လမ်းသွား၊ လမ်းလာများကို ရပ်တန့်စစ်ဆေးနေကြောင်း သိရသည်။

ဇူလိုင် ၂၈၊ ည ၉ နာရီခန့်တွင် စစ်တွေမြို့အဝင်မုခ်ဝ၊ ကားဂိတ်အနီးရှိသော ဂိမ်းဆိုင်တစ်ဆိုင်ဘေး အသံဗုံး ၄ လုံး ပေါက်ကွဲခဲ့ပြီးနောက် နောက်တစ်နေ့ မနက်ပိုင်းမှစ၍ စစ်တွေမြို့ရှိ အသံဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည့် ရပ်ကွက်တချို့နှင့် မင်းဂံရပ်ကွက်တို့တွင် လက်နက်ကိုင်အင်အား ၃၀ ခန့်ဖြင့် စစ်ဆေးခဲ့သည်။

လမ်းခွဆုံတို့တွင် ဆိုင်ကယ်တူးဘောက်များ ဖွင့်စစ်ခြင်း၊ နှာခေါင်းစည်းတပ်ခိုင်းသည့် ရဲနှင့် စစ်သားတို့ကြောင့် လမ်းသွားလမ်းများ စိုးရိမ်ခဲ့ကြသည်။ 

ယခုရက်ပိုင်းအတွင်း ကျောက်ဖြူနှင့် အမ်းမြို့တို့တွင် အလားတူ စစ်ဆေးနေကြောင်း သိရသည်။

အမ်းမြို့တွင် ဆိုင်ကယ်အများအပြားကို တားဆီးစစ်ဆေးသည်ဟု ဒေသခံတစ်ဦးက ဩဂုတ် ၁၁ ရက်နေ့တွင် ပြောသည်။ 

“ မနေ့ ကတော့ အမ်းတရားရုံးရှေ့မှာ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို စစ်တပ်က ဖမ်းဆီးတယ်၊ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ဆိုင်ကယ်ကတော့ အစီး ၃၀ နီးပါးလောက်ရှိမယ်လို့ ပြောကြတယ်။ အမ်းမြို့နယ်က ထွက်ပေါက်၊ ဝင်ပေါက်တွေကို လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်။ သန်းခေါင်စာရင်း (ဧည့်စာရင်း) ကောက်တာကတော့ အခု ကြေညာချက်မထွက်ခင်ကတည်း အမ်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဆေးနေတာရှိတယ်။ လုံခြုံရေးအရ တစ်ခုခုကို အကြောင်းပြပြီး စစ်ဆေးနေကြတာပါ”

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) က ပြည်နယ်အတွင်း တရားစီရင်ရေးဌာနများ ဖွင့်လှစ်၍ ရာဇဝတ်မှုခင်းများကို အရေးယူစီရင်နေကြောင်း၊  မတရားခံရမှု၊ အကြမ်းဖက်မှု၊ မြေယာပြဿနာအမှုအခင်းများအပါအဝင် တရားဥပဒေအဆုံးအဖြတ်ကို ခံယူရမည့် အမှုအခင်းများအားလုံးကို တိုင်ကြားနိုင်ကြောင်း ကြေညာထားသည်။

ထိုကြေညာချက်ကို စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

မြောက်ဦးမြို့ခံတစ်ဦးက ULA/AA ကြေညာချက်ကို ကြိုဆိုလိုက်သည်။

 “အခုက အမှုကိစ္စတွေဖြစ်ရင် ရဲက ဘာမှ မလုပ်နိုင်ဘူး။ ပြည်သူတွေကလည်း ULA ကိုပဲ အားကိုးလာရတယ်။ သူတို့ကလည်း မြန်မြန်ဆန်ဆန် စနစ်တကျ စစ်ဆေးပြီးတော့ ဆုံးဖြတ်ပေးတဲ့အခါကျတော့ ကျေနပ်ကြတယ်။ ဒါကြောင့် မြေယာအငြင်းပွားမှုကိစ္စတွေ အပါအဝင် တခြားအမှုအခင်းတွေဆိုရင် ULA တရားရေးဌာနတွေကိုပဲ သွားရောက်တိုင်တန်းကြပြီ။ အခုက တိုင်ကြားဖို့ လိပ်စာတွေလည်း ထုတ်ပြန်လာတော့ ပိုကောင်းတာပေါ့။ အမှန်က မြေပြင်မှာ တရားစီရင်ရေးအပိုင်းကို လုပ်နေတာ နှစ်နဲ့ချီ ကြာပါပြီ ”ဟု အဆိုပါ မြောက်ဦးမြို့ခံက ပြောသည်။

ယင်းသို့ စစ်ကောင်စီက ကိုဗစ်ကိုအကြောင်းပြ လုံခြုံရေးချထားဆောင်ရွက်လာခြင်းမှာ ရခိုင်ပြည်နယ်၊ မြို့ရွာများတွင် အုပ်ချုပ်ရေး ၊ တရားစီရင်ရေးနှင့် လုံခြုံရေးကို ULA/AA က လူထုထောက်ခံမှုနှင့်အတူ ဆောင်ရွက်လာသည်ကို ချိန်ခွင်လျှာ ညှိရန် ကြိုးစားလာခြင်းသာဖြစ်ကြောင်း၊ ယင်းလုပ်ရပ်မှာ လူထုကို ခြိမ်းခြောက်ခြင်းသာ ဖြစ်ပြီး လုံခြုံရေးအတွက် အထောက်အကူမပြုသကဲ့သို့ စစ်ကောင်စီကိုလည်း ထောက်ခံမှုရရှိမည်မဟုတ်ကြောင်း ရခိုင်ဒေသခံအများစုက ဝေဖန်ပြောဆိုနေကြသည်။

ထို့ပြင် ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ် မြို့ရွာများအားလုံးကို Stay at Home အဖြစ် ULA က သတ်မှတ်လိုက်ခြင်းနှင့်အတူ လူထုလက်ခံမှုကြောင့် ဩဇာအာဏာသည် ပြင်ပတွင်ပါ သက်ရောက်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီအနေဖြင့် ဧည့်စာရင်းစစ်ခြင်းကို မြို့ပေါ်ရပ်ကွက်တွင်သာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ULA လွှမ်းမိုးမှု ရှိနေသည့် မြို့ရွာများတွင် လုပ်ဆောင်နိုင်မဟုတ်ကြောင်း၊ ထို့အပြင် ယခုကဲ့သို့ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် စစ်တပ်က အင်အားပြ လှည့်လည်စစ်ဆေးခြင်းမှာ တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်အခြေအနေကို ဆိုးရွားသွားစေနိုင်ကြောင်း စစ်တွေမြို့ခံများက ထောက်ပြပြောဆိုသည်။

ထို့အပြင် ကိုဗစ်ကာလအကျပ်အတည်းနှင့် ရင်ဆိုင်နေရသူများကို စားနပ်ရိက္ခာထောက်ပံ့ခြင်းများ၊ စစ်ဘေးရှောင်စခန်းများသို့ ရိက္ခာထောက်ပံ့ခြင်းကို မလုပ်ဆောင်ဘဲ ဧည့်စာရင်းစစ်ဆေးခြင်းများသည် လူထုကို  ပိုမိုစိုးရိမ်သောကဖြစ်စေကြောင်းနှင့် အုပ်ချုပ်ရေး ၊ တရားစီရင်ရေး၊ လုံခြုံရေးကို AA နှင့်အပြိုင် ကြိုးပမ်းနေရသည့် စစ်ကောင်စီ၏ အခြေအနေကို မြင်သာစေကြောင်း ဝေဖန်ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles