အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် ဥပဒေအကြံပေးခေါ်ယူ

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဥပဒေဆိုင်ရာ အကြံပေးနိုင်ရန် ပြည်တွင်းပြည်ပ ဥပဒေအကြံပေးကုမ္ပဏီနှင့် အဖွဲ့အစည်းများကို စစ်ကောင်စီက ခေါ်ယူလျက်ရှိသည်။

မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအနက် အရေးပါဆုံးသော ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါရှိသည့် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းနှစ်ခုအတွက် ဥပဒေဝန်ဆောင်မှုပေးရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) တင်သွင်းနိုင်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၉ ရက်တွင် Global New Light of Myanmar သတင်းစာတွင် ကြေညာထားသည်။

အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စာချုပ်ပါ အချက်အလက်များပြင်ဆင်ခဲ့သည်ကို အလိုမကျသဖြင့် စာချုပ်ကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီလက်ထက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

အကြံပေးကုမ္ပဏီကို လူသိရှင်ကြားခေါ်ယူသော်လည်း ရွေးချယ်မည့်ကုမ္ပဏီကို သတ်မှတ်ပြီးသားဖြစ်နိုင်ပြီး နိုင်ငံရေးအရ တရုတ်၏ ထောက်ခံမှုပိုရလာရန် အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်၍ အလျှော့ပေးပေးပြောင်းလဲမှုများရှိနိုင်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စောင့်ကြည်သူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပြောင်းနိုင်တယ်။ မက်လုံးပေးနိုင်တယ်။ သူတို့ကတော့ နည်းမျိုးစုံသုံးမှာပဲ။ နိုင်ငံနစ်နာတာတွေဘာတွေ သိပ်ပြီးတော့ ဂရုစိုက်တဲ့သဘောတော့ မရှိဘူး” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုပါအမျိုးသားက ဆိုသည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်သုံးခု၏ စီမံခန့်ခွဲမှုကော်မတီများကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စီမံကိန်းလုပ်ကိုင်ခွင့်ရ တရုတ်နိုင်ငံပိုင် CITC ကော်ပိုရေးရှင်းကို ရွေးချယ်ရာတွင် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူးဖြစ် တာဝန်ယူခဲ့သူ ဦးမြင့်သိန်းကို စစ်ကောင်စီက ပြန်လည်ခန့်အပ်ထားသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်သူ ဦးမြင့်သိန်းမှာ ရဲမှူးချုပ်ဟောင်းတစ်ဦးဖြစ်ကာ ဦးသိန်းစိန်လက်ထက်တွင် အလုပ်သမားနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနများတွင် ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ခြယ်လှယ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသော ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ကိုင်ခွင့်အတွက် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီကို ရွေးချယ်ကာ ရေနက်ဆိပ်ကမ်းအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံရင်းနှီးမြှုပ်နှံရန်၊ ရှယ်ယာအချိုးကို တရုတ်မှ ၈၅ ရာခိုင်နှုန်း၊ မြန်မာမှ ၁၅ ရာခိုင်နှုန်း ထည့်ဝင်ရန် သတ်မှတ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားလွန်းသည့်အပြင် တရုတ်ဘက်က ရှယ်ယာပိုင်ဆိုင်မှု အလေးသာလွန်းသည်ဟူသော ဝေဖန်မှုများကြောင့် NLD အစိုးရက ရင်းနှီးမြှုပ်နှံမှုကို ၁ ဒသမ ၄ ဘီလျံဖြင့် စတင်ရန် လျှော့ချကာ ရင်းနှီးမြှုပ်နှံမှုအချိုးကိုလည်း တရုတ်က ၇၀ နှင့် မြန်မာက ၃၀ ရာခိုင်နှုန်းထည့်ဝင်ရန် ပြင်ဆင်သတ်မှတ်ခဲ့သည်။  

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံရင်းနှီးမြှုပ်နှံခြင်းမှာ မဆီလျော်ကြောင်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသာ မစ္စတာရှောင်တာနဲက ဝေဖန်ခဲ့ဖူးသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း စတင်မည်ကို သဘောမတူကြောင်း၊ စစ်ကောင်စီက မည်သို့အကောင်အထည်ဖော်မည်ကို စောင့်ကြည့်နေကြောင်း ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဦးမျိုးမင်းအောင်က ဆိုသည်။

“ဒေသခံပြည်သူတွေရဲ့ သဘောထားနဲ့ အခွင့်အရေးတွေကို ဦးစားပေးပြီး လုပ်ဆောင်ရမယ်။အဲဒီလိုပြောထားတာတွေရှိတယ်။ ပြီးတော့ အရင်အစိုးရ (NLD) လက်ထက်မှာလုပ်ခဲ့တာလည်း ဒေသခံပြည်သူတွေက အလုံးစုံတော့ သဘောမတူဘူး” ဟု ၎င်းက ပြောသည်။ 

သီရိလင်္ကာနိုင်ငံတွင် ဟန်ဘာတိုတာဆိပ်ကမ်းစီမံကိန်းကို တရုတ်ချေးငွေဖြင့် အကောင်အထည်ဖော်ခဲ့ရာတွင် စီးပွားရေးတွက်ခြေမကိုက်ဘဲ အကြွေးနွံနစ်ခဲ့သောကြောင့် ဆိပ်ကမ်းတစ်ခုလုံး တရုတ်လက် ထိုးအပ်ရမည့်အခြေအနေဖြစ်ပေါ်ခဲ့ရာ တရုတ်က ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် ကျောက်ဖြူစီမံကိန်းအပေါ် ဝေဖန်မှုများရှိခဲ့သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ကို ရေနံတင်ပို့ရာတွင် မလက္ကာရေလက်ကြားကို အသုံးပြုရန် မလိုဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရမည်ဖြစ်ပြီး ကုန်တွင်းပိတ် ယူနန်ပြည်နယ်အတွက် အရေးပါသည့် စီမံကိန်းဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP) က ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ စက်မှုဇုန်စီမံကိန်းမှာ မြေဧက ၁၄၄၆ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ် ၂ ဒသမ ၄ ဘီလျံရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ဆိုင်သော နိုင်ငံတော်အဆင့်အဖွဲ့အစည်းများတွင် စစ်ဗိုလ်ချုပ်ကြီးများနေရာယူထားပြီး အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌမှာ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဖြစ်သည်။

ထို့ပြင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌအဖြစ်လည်း စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို နေရာပေးထားသည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှာ ကတိကဝတ်များကျဆင်းသွားသွားသဖြင့် အရင်းအနှီးပမာဏ ကျဆင်းသွားသည့်နည်းတူ ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အရေးပါသော ပြည်ပကျွမ်းကျင်မှုနှင့် နည်းပညာချိတ်ဆက်သုံးစွဲနိုင်မှုကို ထိခိုက်စေနိုင်သည်ဟု ဇူလိုင် ၂၆ က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button