အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်တပ်မွှေနေ၊ နေအိမ်နှစ်လုံး မီးရှို့ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်နှင့် ရဲက လိုက်လံရှာဖွေစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် တိုက်ပွဲဖြစ်ပွားပြီး နေအိမ်နှစ်လုံးလည်း မီးရှို့ခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် အခြားဒေသခံနှစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင်၃၁) နံနက် ၇ နာရီခန့်တွင် ပေါက်မြို့နယ်တောင်ပိုင်းရှိ ပင်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် စစ်တပ်နှင့် ရဲက လိုက်လံရှာဖွေစဉ် နံနက် ၁၁ နာရီခန့်က ပင်တောင်ရွာနှင့် ကပ်လျက်ရှိ ဝန်ခြုံးရွာအနီးတွင် နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပင်တောင်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့ကလေးတွေက ရှင်းလိုက်တယ်။ စစ်ကားနှစ်စီး၊ ပျူစောထီး၊ ကိုင်းလယ် (ရွာ) က ရဲတွေလာတယ်။ လိုက်ပစ်တော့ ဝန်ခြုံးရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ကာကွယ်ရေးအဖွဲ့က နောက်ဆုတ်တော့ ရွာထဲဝင်ပြီး မီးရှို့တယ်”ဟု ၎င်းက ပြောသည်။

ဝန်ခြုံးရွာရှိ နေအိမ်နှစ်လုံးကို စစ်တပ်နှင့် ရဲက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံရွာသားတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပင်တောင်က ဟာတွေ (ရွာသား) က လှမ်းခေါ်လိုက်ပုံရပါတယ်။ ရဲတွေ စစ်သားတွေ ဝင်လာပြီး ကျွန်တော်တို့ရွာထဲ ဝင်မီးရှို့သွားတာပဲ။ ရွာသားတွေကတော့ သူတို့မလာခင်ကတည်းက အကုန်လုံးထွက်ပြေးနေတော့ ဖမ်းမိတာတော့ မရှိသေးဘူး”ဟု တိမ်းရှောင်နေရသူ အထက်ပါ ဝန်ခြုံးရွာသားက ပြောသည်။ 

ဝန်ခြုံးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သော ပင်တောင်ရွာမှ ပျူစောထီးအဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု ကြားသိရကြောင်းလည်း ၎င်းက ပြောသည်။

ပင်‌တောင်ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၃၀ အရွယ် ဦးထီမြိုမှာ သေနတ်ဖြင့် နှစ်ချက်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ၎င်းသည် ဇွန် ၁၅ ရက်က စစ်ကောင်စီတပ်က မီးတင်ရှို့ခံရသည့် ကင်းမရွာသားများကို မကူညီရန် အမိန့်ထုတ်သူဖြစ်ကြောင်း အထက်ပါ PDF အဖွဲ့ဝင်က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့ပြင် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနှင် ဖမ်းဆီးခံရမှုရှိမရှိ အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီကလည်း တစ်တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ပင်တောင်ရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရခြင်းနှင့် ဝန်ခြုံးရွာရှိ နေအိမ်နှစ်လုံး မီးရှို့ခံရခြင်းကို အခြားပေါက်ဒေသခံတစ်ဦးကလည်း Myanmar Now ကို အတည်ပြုထားပြီး ထိုဖြစ်စဉ်ကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ 

“အရင် မီးလောင်တဲ့ ကင်းမရွာဆိုတာ ယောချောင်း အနောက်ပိုင်းခြမ်း၊ အခုမီးရှို့ခံရတဲ့ရွာ (ဝန်ခြုံး) က အရှေ့ဘက်ခြမ်း၊ (ကင်းမနဲ့) လေးရွာလောက်ဝေးပြီး ချောင်းခြားတယ်”ဟု ၎င်းက ပြောသည်။

ယနေ့မွန်းလွဲ သုံးနာရီဝန်းကျင်အထိ ဝန်ခြုံးရွာမှ မီးရှို့ခံရသည့် နေအိမ်နှစ်လုံးမှာ လောင်ကျွမ်းနေဆဲဖြစ်ကာ အခြားအိမ်များသို့ ကူးစက်ခြင်းမရှိသေးကြောင်း၊ အနီးပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်က ရှာဖွေမှုများပြုလုပ်နေပြီး ပင်တောင်ရွာဘက်သို့ ဦးတည်နေသည်ဟု ယူဆရကြောင်းလည်း ဝန်ခြုံးရွာသားက ဆိုသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ရက်စက်စွာဖြိုခွင်းခံနေရချိန်တွင် ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေသည့် နိုင်ငံအနှံ့မြို့များတွင် ပေါက်မြို့နယ်လည်း ပါဝင်ပြီး စစ်ကောင်စီ၏ အညှာအတာမဲ့ နှိမ်နင်းမှုများကို ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့် တစ်လကျော် (ဇွန်၁၅)က ပေါက်မြို့နယ်အတွင်း၌ပင်ရှိပြီး လူဦးရေ တစ်ထောင်ကျော်နေထိုင်သည့် ကင်းမရွာမှာ စစ်ကောင်စီလက်ချက်ဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ရပြီး အသက် ၈၀ ကျော် ဇနီးမောင်နှံနှစ်ဦးပင် မီးထဲပါ၍ သေဆုံးခဲ့ရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button