ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နှင့် မိုးကောင်းမြို့များရှိ စစ်တပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယမန်နေ့ (ဇူလိုင်၂၉) ညပိုင်းမှစ၍ ယနေ့မနက်အစောပိုင်းအထိ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ည ၁၀ နာရီခွဲခန့်၌ ဝိုင်းမော်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း(၅၈)ကို KIA တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၃) က တစ်နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားသံများကို ဝိုင်းမော်မြို့တစ်မြို့လုံးမှ ကြားနေရပြီး ည ၁၂ နာရီခန့်တွင် သေနတ်သံများ ငြိမ်သက်သွားသည်ဟု ၎င်းခြေလျင်တပ်ရင်းအနီး နေထိုင်သည့် အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုက်ပွဲဖြစ်ပွားရာနေရာသို့ အမြောက်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဝိုင်းမော်မြို့ အရပ်သားများ ထိခိုက်ရသည်ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။
“ဝိုင်းမော်-ဝါရှောင်လမ်းမကြီးပေါ်မှာရှိတဲ့ ကချင်လုပ်ငန်းရှင်များအသင်းရဲ့ကုမ္ပဏီဝင်းလို့ပြောရမယ့် သူတို့ကားကြီးဝင်းလုပ်ထားတဲ့နေရာမှာ လက်နက်ကြီးကျပြီးတော့ လူနှစ်ယောက်ထိခိုက်ဒဏ်ရာရတယ် ။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်ကတော့ ဆုံးတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူမှာ ဝိုင်းမော်မြို့တွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်ရှိ ကိုအောင်းလီဆိုသူဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် ဝင်းအတွင်းရှိ ကုမ္ပဏီ၏ဝန်ထမ်းဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရသူနှင့် ပတ်သက်ပြီး အသေးစိတ်မသိရသေးပေ။
ထို့အပြင် ယနေ့မနက် ၃ နာရီခန့်ကလည်း မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နှင့် ကာမိုင်းမြို့ကြားရှိ စစ်တပ်တပ်စွဲထားသည့် မရန်ကထောင်စစ်ဆေးရေးဂိတ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဂိတ်ကို ဖျက်ဆီးလိုက်သည်ဟု မြို့ခံများက ဆိုသည်။
မိုးကောင်းမြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုရုံး စကခ (၃) စခန်းကိုလည်း မနက် ၃ နာရီခွဲခန့်တွင် KIA က လက်နက်ကြီးဖြင့် အချက်ပေါင်း ၃၀ ခန့် ပစ်ခတ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။
“ညဘက်ဆိုတော့ ဘယ်နေရာတွေ ပစ်နေမှန်းမသိဘူး။ အသံပဲကြားရတာ။ မနက်လင်းမှ အဲဒီနေရာတွေ ဝင်တိုက်တယ်ဆိုတာ သိရတာ။ မြို့ထဲမှာတော့ နည်းနည်းငြိမ်နေတယ်ပေါ့ဗျာ” ဟု အဆိုပါ အသက် ၅၀ အရွယ် မိုးကောင်းမြို့ခံ အမျိုးသားက ပြောသည်။
မိုးကောင်းနှင့် ဝိုင်းမော်မြို့တိုက်ပွဲစဉ်များနှင့် ပတ်သက်ပြီး KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
သို့သော် စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှုနှင့် အရပ်သားသေဆုံးမှုကို ကချင်အခြေစိုက် သတင်းဌာနတချို့ကို ဗိုလ်မှူးကြီးနော်ဘူက ယနေ့ အတည်ပြုဖြေကြားထားသည်။
ဝိုင်းမော်မြို့ရှိ ခလရ(၅၈) စခန်း ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် တစ်နာရီခန့်အကြာ လိုင်ဇာမြို့ အနောက်ဘက်တွင် ရှိသည့် စစ်တပ်စခန်းများက လိုင်ဇာမြို့အနီးသို့ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း အွန်လိုင်းမီဒီယာများတွင် ရေးသားဖော်ပြထားကြသည်။
KIA တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်ကြားရှိ စစ်ကောင်စီစခန်းနှစ်ခုကို KIA ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် KIA နှင့် စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာပြီး ယခင်က ငြိမ်သက်နေသည့် ကချင်ပြည်နယ်သို့လည်း တိုက်ပွဲများ ကူးစက်သွားခဲ့သည်။
ထို့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဒေသခံ PDF များနှင့် KIA တို့ ပူးပေါင်းပြီး ကောလင်း၊ ကသာ၊ ထီးချိုင့် စသည့် မြို့နယ်များတွင် စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်နေသည်။
ဇူလိုင် ၂၆ နေ့လယ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၇ စီးကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
KIA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘဲ စစ်တပ်နှင့် ပဏာမအပစ်အခတ်ရပ်စဲရေးဆွေးနွေးနေစဉ် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုက်ပွဲများဖြစ်ပွားလာခြင်း ဖြစ်သည်။
KIA အနေဖြင့် စစ်အာဏာသိမ်းမှုအပေါ် သဘောထားမှတ်ချက်ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကြိုဆိုကြောင်း၊ ကချင်ပြည်နယ်ရှိ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းပါက ကာကွယ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီအတွင်း ထုတ်ပြန်ထားသည်။



