အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

MAPCO အများပိုင်ကုမ္ပဏီက စစ်တပ်ပိုင် Mytel နှင့် လက်တွဲဖြုတ်ခဲ့

မြန်မာစစ်တပ်က အဓိကထိန်းချုပ်ထားသည့် စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ Mytel တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ(MAPCO) က ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်လိုက်ပြီဖြစ်သည်။

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းနှင့် အကျိုးတူတွဲဖက်လုပ်ကိုင်နေသည့် မိတ်ဖက်ကုမ္ပဏီများကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် နိုင်ငံတကာ၏ ဖိအားပေးမှုများ ပြင်းထန်လာချိန်တွင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ခိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် MAPCO က Mytel နှင့် အဆက်ဖြတ်လိုက်ခြင်းဖြစ်သည်။ 

ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) သည် Mytel အော်ပရေတာတွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ထိုအများပိုင်ကုမ္ပဏီ ၁၁ တွင် MAPCO က ကျပ် ၁ ဒသမ ၀၈ ဘီလျံတန်ဖိုးရှိသည့် အစုရှယ်ယာတစ်သန်းကျော် ပိုင်ဆိုင်ထားသည်။

MAPCO ကုမ္ပဏီက ထိုရှယ်ယာအားလုံးကို ၂၀၂၀ ဇူလိုင်လကတည်းက ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုသို့ရောင်းချပြီးကြောင်း အတည်ပြုနိုင်ပြီးနောက် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူရန် လိုအပ်သည့်စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ရေးသားသည့် Justice for Myanmar အဖွဲ့က ယနေ့ (ဇွန် ၁၀) တွင် သတင်းထုတ်ပြန်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

MNTH ကို စတင်ထူထောင်သည့် ၂၀၁၅ ကတည်းက MAPCO ပါဝင်ခဲ့ပြီး ရှယ်ယာအားလုံးကို Myanmar Technology Gateway ကုမ္ပဏီကို ရောင်းချခဲ့ခြင်းဖြစ်သည်ဟု MAPCO ကုမ္ပဏီမှတ်တမ်းတွင် တွေ့ရသည်။

နိုင်ငံတကာစွမ်းအင်ထုတ်လုပ်ရေး (IPG) နှင့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး (GLAD) တို့က MNTH တွင် ရင်းနှီးမြှုပ်နှံသည့် မတ်လအတွင်းက အစုရှယ်ယာများကို ပြန်ရောင်းချခဲ့ရာ အများပိုင်ကုမ္ပဏီ ၁၁ ခုအနက် ကုမ္ပဏီ ၃ ခုက ရှယ်ယာများပြန်ရောင်းချထားပြီဖြစ်သည်။

“Mytel မှာရှိတဲ့ သူတို့ရဲ့ ရှယ်ယာတွေကို အလျင်အမြန်စွန့်ပစ်လိုက်ဖို့ သူတို့ကို တောင်းဆိုပါတယ်။ တခြား Mytel ရှယ်ယာပိုင်ရှင်တွေကလည်း IPG နောက်ကို လိုက်ရမှာဖြစ်ပြီး မြန်မာစစ်အုပ်စုရဲ့ စီးပွားရေးကို အဆုံးသတ်ရပါမယ်” ဟု မတ်လအတွင်းက ထုတ်ပြန်ချက်တစ်စောင်တွင် Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။ 

၂၀၁၂ တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင်ရင်းနှီးမြှုပ်နှံသူများဖြင့် တည်ထောင်ခဲ့ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးနှင့် စိုက်ပျိုးစီးပွားရေး၊ ကုန်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည်။

MAPCO အများပိုင်ကုမ္ပဏီကို စိုက်ပျိုးရေး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်သည့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဧဒင်အုပ်စု၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဦးဆောင်ပြီး ၎င်းသည်လည်း အမေရိကန်၏ အရေးယူပိတ်ဆို့မှုခံခဲ့ရဖူးသူဖြစ်သည်။

GLAD ကုမ္ပဏီဥက္ကဋ္ဌမှာ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌဟောင်း ဦးဝင်းအောင်ဖြစ်ပြီး MNTH တွင် အစုရှယ်ယာ ၃ ဒသမ ၅၅ ရာခိုင်နှုန်းပိုင်ဆိုင်ကာ Mytel အော်ပရေတာတစ်ခုလုံးတွင် သုည ဒသမ ၈၁၆၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

IPG အများပိုင်ကုမ္ပဏီသည် စက်မှုဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်ကြောင်း Justice For Myanmar က ဆိုသည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ Mytel တွင် တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ပူးပေါင်းထားသည့် MNTH ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။

ထို့ကြောင့် ပြည်တွင်းပြည်ပဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel ကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိကာ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် မြန်မာဘက်မှ ၆ ဦး၊ Viettel ဘက်မှ ၄ ဦးနေရာယူထားကြောင်း DICA ၏ မှတ်တမ်းများတွင် တွေ့ရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်သွင်းခဲ့သည့် Mytel ၏ အစီရင်ခံစာပေါက်ကြားပြီးနောက် Justice For Myanmar အဖွဲ့က လေ့လာခဲ့ရာ မြန်မာစစ်တပ်သည် Mytel မှနေ၍ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အမြတ်အစွန်းရနိုင်ကြောင်း တွေ့ရှိခဲ့သည်‌။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button