ကရင်ပြည်နယ်အတွင်း ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြိမ်းနှင့် ကော့ကရိတ်မြို့များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရက တည်ဆောက်ခဲ့သည့် အာဇာနည်ဗိမာန်များကို အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ (ဇွန် ၆) ညပိုင်းတွင် တစ်ပြိုင်နက်တည်း ဖြိုဖျက်ခဲ့သည်။
မြဝတီမြို့ ရပ်ကွက်(၁)ရှိ အာဇာနည်ဗိမာန်ကို ဖြိုဖျက်ရန် စစ်ကောင်စီက လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကာ ဗိမာန်ကို ဘူဒိုဇာများဖြင့် ဖြိုဖျက်နေစဉ် ရပ်ကွက်အတွင်း မီးဖြတ်တောက်ထားသည်ဟု မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
“မဖြိုခင်နှစ်ရက်မှာ ည ၈ နာရီကျော်လို့ရှိရင် လမ်းပေါ်မှာရှိတဲ့သူတွေကို လှည့်ကင်းနဲ့တွေ့ရင် အကုန်ဖမ်းသွားတယ်။ အဲ့တော့ ည ၈ နာရီကျော်ရင် ကျနော်တို့က အပြင်မထွက်ရဲကြတော့ဘူး။ မနေ့ညက ဘယ်သူမှ အပြင်မထွက်ရဲတဲ့ အနေအထားမှာ ဖြိုသွားတာ” ဟု ၎င်းက ပြောသည်။
လွန်းခဲ့သည့်နှစ်ရက်အတွင်း မြဝတီမြို့တွင် ဖမ်းဆီးခံရသူပေါင်း ၁၃၀ ကျော်ရှိသည်ဟုလည်း အဆိုပါ မြို့ခံက ပြောသည်။
“အရင်က ပေါက်ကွဲမှုတွေဘာတွေဖြစ်ရင်တော့ ဖမ်းတယ်။ ကျန်တဲ့အချိန်တွေတော့ မဖမ်းဘူး။ ရဲစခန်းရှေ့မှာ ဖြတ်လို့ရှိရင် စစ်ဆေးတာလောက်ပဲ ခံရတယ်။ ကောင်းကောင်းမွန်မွန်ပြောရင်တော့ မဖမ်းဘူး။ မဖြိုခင်နှစ်ရက်မှာတော့ လမ်းပေါ်တွေ့တာနဲ့ ကားပေါ်ကောက်တင်ပြီးဖမ်းတော့ လူတွေက သိပ်မထွက်ရဲတော့ဘူး” ဟုလည်း ၎င်းက ပြောသည်။
ထို့အတူ အာဏာသိမ်းစစ်ကောင်စီက ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့များရှိ လွတ်လပ်ရေးရအောင် ကြိုးပမ်းရင်း ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးတည်ဆောက်ထားသည့် ဗိမာန်များကို ယနေ့ညပိုင်း၌ ဖြိုချဖျက်ဆီးခဲ့သည်။
ကော့ကရိတ်တွင် ဖြိုဖျက်ပြီးသည့် အုတ်ပုံအပိုင်းအစများကို စစ်ကောင်စီတပ်များက ညတွင်းချင်း မြေသယ်ကားများဖြင့် သိမ်းဆည်းသွားသည်ဟု ဒေသခံများက အတည်ပြုပြောကြားခဲ့ပြီး အခြားမြို့များတွင်မူ သိမ်းဆည်းသွားခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။
ထိုသို့ အာဇာနည်ဗိမာန်များ ဖြိုဖျက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးက “စိတ်မကောင်းဘူး။ မြို့ခံတွေအားလုံးကတော့ မကျေမနပ်ဖြစ်ကြတယ်။ စိတ်မကောင်းဘူးပေါ့။ ပြင်ပရုပ်ဝတ္ထုတွေကိုပဲ ဖြိုလို့ရမယ်၊ လူတွေရဲ့ ရင်ထဲမှာရှိတဲ့ သူရဲကောင်းတွေကိုတော့ ဘယ်လိုမှ ဖြိုဖျက်လို့မရဘူး” ဟု မြဝတီမြို့ခံက ပြောသည်။



