အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးပညာရေး

ကချင်သူပုန်အဖွဲ့စီစဉ်တဲ့ စစ်ရှောင်လူငယ်များအတွက် ပညာရေးစနစ်

မိုင်ဂျာယန် (Myanmar Now) – မိုင်ဂျာယန်မြို့ထဲက အထက်တန်းကျောင်းသားတွေနေတဲ့ ဘော်ဒါဆောင်မှာ ဆရာနဲ့ ဆရာမတွေကိုယ်တိုင် ဦးစီးပြီး ကျောင်းသားတွေအတွက် ညစာချက်ပြုတ်ရင်း အလုပ်များနေကြပါတယ်။ မီးဖိုဆောင်ဘေးက တန်းလျားဆောင်ကြီးထဲမှာတော့ ယောက်ျားလေးတချို့က အဆောင်အပြင် အပေါက်ဝနားက ခုတင်ပေါ်မှာလူစုပြီး သက်သောင့်သက်သာနေနေကြပါတယ်။

တချို့က အိပ်၊ တချို့က စာဖတ်နေချိန် ၁၆ နှစ်အရွယ် လဖိုင်က ဂီတာတီးနေပါတယ်။ သူက တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကြာခင်မှာ ဝင်ရောက်ဖြေဆိုတော့မှာဖြစ်ပေမယ့်၊ စာမေးပွဲ အောင်သွားလို့ အောင်လက်မှတ်ရရင်တောင်မှ မြန်မာအစိုးရအတွက် ဘာမှမဟုတ်တဲ့လက်မှတ်တစ်ခုသာ ဖြစ်လာမယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ လဖိုင်အပါအဝင် ရာနဲ့ချီတဲ့လူငယ်တွေဟာ KIA ရဲ့ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဦးစီးတဲ့ကျောင်းမှာ တက်ရောက်ပြီး ပညာသင်ယူနေကြတာကြောင့် ဖြစ်ပါတယ်။

“ကျွန်တော် မြစ်ကြီးနားက တက္ကသိုလ်မျိုးကို သိပ်တက်ချင်တာ။ အခု အခြေအနေကတော့ ဘယ်လိုမှ ဒီအခွင့်အရေးကို မရတော့ဘူး။ အဲ့ဒါကြောင့် ၁ဝ တန်းအောင်ရင် ကျောင်းဆက် မတက်တော့ဘဲ KIA တပ်ထဲကိုပဲ ဝင်တော့မယ်လို့ စဉ်းစားလိုက်တာ” လို့ မောင်လဖိုင်က ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်ကတော့ KIA ထဲမှာ ရာထူးခပ်ကြီးကြီး တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်”

သူ ၁၁ နှစ်အရွယ်မှာ လဖိုင်တို့မိသားစုဟာ ဝိုင်းမော်မြို့နယ်၊ နာဆိုင်းယံရွာကနေ စစ်ဘေးရှောင်လာတာဖြစ်ပြီး အဲဒီအချိန်ကစလို့ KIA ထိန်းချုပ်နယ်မြေထဲက အင်ခေါင်းပါ ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတာပါ။

မြန်မာအစိုးရဟာ KIO ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် KIO နယ်မြေထဲမှာ ၂ဝ၁၁ ခုနှစ် စစ်ပွဲတွေ ပြန်ဖြစ်ကတည်းက ခိုလှုံရောက်ရှိ နေထိုင်နေကြတဲ့ စစ်ပြေးအရပ်သားဒုက္ခသည် ၄ဝ,ဝဝဝ ခန့် အတွက် KIO စီစဉ်ပေးတဲ့ လူမှုဝန်ထမ်း၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အရပ်ဘက် လုပ်ငန်းတွေကို ထောက်ပံ့ကူညီတာ ဒါမှမဟုတ် အသိအမှတ်ပြုတာမျိုးတွေ မလုပ်ပါဘူး။

ဒီလိုမျိုးစိန်ခေါ်မှုတွေ၊ နှစ်နဲ့ချီရှည်ကြာနေတဲ့ စစ်ပွဲတွေ ရှိပေမယ့်လည်း KIO ဟာ နေရပ်စွန့်ခွာ ပြည်သူတွေအတွက် ပညာရေးအစီအစဉ်ကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ထဲမှာဆိုရင် ကချင်လူငယ်တွေကို ကောလိပ်အကြိုတန်းတွေ၊ အဆင့်မြင့်ပညာသင်တဲ့ကျောင်းတွေအပြင် နိုင်ငံရပ်ခြားမှာ သွားရောက် ပညာသင်နိုင်ဖို့အထိပါ ကူညီ ဆောင်ရွက်ပေးပါတယ်။

KIO ရဲ့ ပညာရေးဌာန ဒါရိုက်တာ ဦးခွန်နောင်က ဒီနှစ် သူတို့ အထက်တန်းကျောင်းကနေ စာမေးပွဲအောင်တဲ့ ကျောင်းသား ၃ဝဝ ရှိတယ်။ အဲဒီထဲက ၁၃ဝ ဟာ သူတို့ရဲ့ ကောလိပ်အကြို အစီအစဉ်တွေမှာ တက်နေကြတယ် လို့ Myanmar Now ကို ပြောပါတယ်။

စစ်ကြောင့် ပညာရေး ကစဉ့်ကလျားဖြစ်မှု

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကာလရှည်ကြာ တောင်းဆို တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ပညာရေး၊ မိခင်ဘာသာစကားနဲ့ ယဉ်ကျေးမှု သင်ကြားခွင့်တို့ကိုပါ တောင်းဆိုခဲ့ကြတာပါ။

KIO ဟာ သူ့ရဲ့ပထမဆုံးသောပညာသင်ကျောင်းကို ၁၉၆၄ မှာ ဖွင့်လှစ်ခဲ့ပြီး KIO ပညာရေးဌာနကို ၁၉၇၈ မှာ ဖွင့်လှစ်ခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပေးတဲ့ လူမှုရေးဝန်ဆောင်မှုများအကြောင်း ၂ဝ၁၄ ခုနှစ်ထုတ် အာရှဖောင်ဒေးရှင်းအစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ၂ဝ၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်မသွားခင် ၁၇ နှစ်တာ ကာလအတွင်း KIO ပညာရေးဌာနဟာ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ လက်တွဲ လုပ်ကိုင်ခဲ့ပါတယ်။ အခြေခံအဆင့်ပညာရေးကို အဓိကလုပ်ကိုင်တဲ့ KIO ဘက်က ထုတ်ပေးတဲ့ အောင်လက်မှတ်တွေကို အစိုးရက အသိအမှတ်ပြုခဲ့ပါတယ်။

တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီး ၂ နှစ်အကြာ ၂ဝ၁၃ အောက်တိုဘာလရောက်တဲ့အချိန်မှာတော့ KIO ပညာရေးဌာနအောက်မှာ အထက်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း ၃၂ ကျောင်း၊ မူလတန်းကျောင်း ၂၄၃ ကျောင်း ဖွင့်လှစ်ထားတယ်လို့ အဆိုပါအစီရင်ခံစာက ဆိုတယ်။ အဲဒီကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေဟာ နိုင်ငံပိုင်ကျောင်းတွေနဲ့အတူတူပဲ ဖြစ်ပေမယ့် ဂျိန်းဖောဘာသာနဲ့ပဲ သင်ကြားပါတယ်။ ဒါ့ပြင် ကချင်ယဉ်ကျေးမှုကိုအဓိကထားတဲ့ အတန်းတွေလည်း ရှိပါသေးတယ်။

မကြာသေးမီနှစ်များအတွင်းမှာတော့ အဆင့်မြင့်ပညာရေးအခွင့်အလမ်းတွေ မရှိတဲ့အချက်ကို KIO က ဖြေရှင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ KIO လက်အောက်က ကောလိပ်တွေပဲဖြစ်ဖြစ်၊ နိုင်ငံခြားတက္ကသိုလ်တွေပဲဖြစ်ဖြစ် မတက်ခင်မှာ အကြိုပြင်ဆင်ပေးတဲ့ ကောလိပ်ကြိုသင်တန်းအစီအစဉ်ကို တည်ထောင်ခဲ့တယ်လို့ ဦးခွန်နောင်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ပရီကောလိပ်မှာ အင်္ဂလိပ်၊ ကွန်ပျူတာသိပ္ပံနဲ့ အခြား နိုင်ငံခြားဘာသာစကားတွေကို အဓိကသင်ကြားပေးပါတယ်” လို့ ဦးခွန်နောင်က ရှင်းပြပါတယ်။

KIO လက်အောက်ခံ အထက်တန်းကျောင်းတွေဟာ ကချင်ပြည်နယ်အစွန်အဖျား ချို့ငဲ့တဲ့ အစိုးရကျောင်းတွေနဲ့ ယှဉ်ရင် နာမည်ကောင်းရပါတယ်၊ အထူးသဖြင့် အင်္ဂလိပ်စာဘာသာရပ် တန်းတွေမှာပါ။ ဒါပေမဲ့လည်း ကျောင်းသားမိဘတချို့ကတော့ သူတို့ရဲ့ကလေးတွေကို အစိုးရလက်အောက်ခံဒေသများမှာရှိတဲ့ နိုင်ငံပိုင်ကျောင်းတွေမှာထားဖို့ ပိုပြီး အာသီသရှိပါတယ်။

“ကျွန်မကတော့ ကလေး ၃ ယောက်လုံးကို မေမြို့(ပြင်ဦးလွင်)မှာ ကျောင်းသွားထားတယ်။ ဟိုမှာ ကျွန်မရဲ့ မိဘတွေလည်း ရှိနေတော့ သူတို့နဲ့ပဲ ပြန်ထားလိုက်တယ်။ ကိုယ်ကသာ ဒီမှာ စီးပွားရှာနေတာ” လို့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၁၄ နှစ် နီးပါး စီးပွားရေးလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ဇာတိ မမိငယ်က ဆိုပါတယ်။

“ဒီမှာက စစ်ပွဲနောက်ပိုင်းမှာ ကလေးတွေရဲ့ ပညာရေးက ခက်ခဲသွားရော။ ဒီကနေ ဘွဲ့တစ်ခုခု ရသွားရင်တောင်မှ မြန်မာနိုင်ငံထဲမှာ ဘယ်သူကမှ အသိအမှတ်မပြုတော့ ကိုယ့်ကလေးရဲ့ ရှေ့ရေး ခက်မှာကို စိုးရိမ်ရတယ်” လို့ သူက ဆက်ပြောတယ်။

လက်နက်ကိုင်အဖွဲ့ဖွင့်တဲ့ ကောလိပ်ကျောင်း

KIO ဟာ သူ့ကိုယ်ပိုင်အဆင့်မြင့်ပညာရေးဌာနကြီးတွေကိုလည်း ဖွင့်လှစ်ထားတဲ့ထဲမှာ မိုင်ဂျာယန် ပညာရေး တက္ကသိုလ်၊ Center for Intensive English Program, Federal Law Academy, Myen Ju College တို့လည်း ပါဝင်ပါတယ်။

Myen Ju College ကို ၂ဝ၁၅ စက်တင်ဘာလမှာ တည်ထောင်တယ်လို့ သိရပြီး နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာလေ့လာမှုများ၊ ကချင်ဘာသာစကား၊ အခြေခံအုပ်ချုပ်ရေး ဆိုတဲ့ ဘာသာရပ်ငါးခုကို တစ်နှစ်သင်တန်း အနေနဲ့ ဖွင့်လှစ်သင်ကြားပါတယ်။

“KIO အထက်တန်းကျောင်းကို အောင်တဲ့သူအားလုံး ကျွန်တော်တို့ဒေသက အဆင့်မြင့်ပညာရေးဌာနတွေမှာ တက်ရောက် သင်ယူနိုင်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကိုတော့ သူတို့ဘာသာ ပေးရတယ်။ ပညာသင်နှစ် တစ်နှစ်လုံးစာ အတွက်ဆိုရင် ကျပ် ရဝဝ,ဝဝဝ ကျသင့်ပါတယ်။ အဲဒီမှာ ဘော်ဒါဆောင်ခနဲ့ ထမင်းစရိတ် ပါပြီးသားပါ” လို့ ဦးခွန်နောင်က ပြောပါတယ်။

နိုင်ငံခြားက တက္ကသိုလ်တွေမှာ ကျောင်းပြီးခဲ့တဲ့ကချင်လူငယ်တွေကလည်း KIO ဒေသတွေကို ပြန်လာပြီး အဆင့်မြင့် ပညာရေးဌာနတွေဖွင့်လှစ်နိုင်ဖို့ ကူညီကြတယ်၊ နိုင်ငံခြားတက္ကသိုလ် တွေက ကထိကတချို့ကလည်း လာရောက် ကူညီကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့ပြင် KIO အနေနဲ့ သူတို့ရဲ့ ကောလိပ်အကြိုတန်းတွေ အောင်မြင်ပြီးထားတဲ့ ကျောင်းသူကျောင်းသားတွေ နိုင်ငံခြား တက္ကသိုလ်တွေမှာ သွားရောက်သင်ယူနိုင်ဖို့အတွက် အစီအစဉ်တွေ လုပ်ထားတယ်လို့ ဦးခွန်နောင်ကပြောပါတယ်။

“ဒီက အထက်တန်းအောင်တွေအနေနဲ့ KIO က ဖွင့်လှစ်တဲ့ ကောလိပ်အကြိုတန်းတွေ တက်ရမယ်၊ ပြီးရင် တရုတ်နဲ့ ထိုင်းမှာရှိတဲ့ တက္ကသိုလ်တွေမှာ ကျောင်းဆက်တက်နိုင်မယ်” လို့ သူက ပြောတယ်။ ချင်းမိုင်၊ ခွန်ကန် တို့ဟာဆိုရင် သူတို့ဆီကကျောင်းသားတွေကို လက်ခံတဲ့ တက္ကသိုလ်တွေထဲမှာပါတယ်လို့ ဦးခွန်နောင်က ဖြည့်စွက်ပြောပါတယ်။

အစိုးရကျောင်းတွေကနေ မိုင်ဂျာယန်မြို့က KIO ရဲ့ တက္ကသိုလ်/ကောလိပ်တွေမှာ တက်ဖို့ ပြောင်းရွှေ့လာကြသူတွေလည်း အနည်းအကျဉ်း ရှိပါတယ်။

၂၃ နှစ်အရွယ် နော်ဖန်းက လားရှိုးတက္ကသိုလ်မှာ ဥပဒေဘွဲ့ကို ရခဲ့ပြီးပေမယ့် ကိုယ့်လူမျိုးတွေမှာ ဥပဒေဆိုင်ရာ အကာအကွယ်မရတဲ့ကိစ္စရပ်တွေ အများကြီးရှိနေခဲ့တာကို မြင်တွေ့ရတဲ့ အတွက် ဖက်ဒရယ်ဥပဒေ အကယ်ဒမီမှာ ၂ နှစ် ဥပဒေသင်တန်းကို ထပ်မံတက်ရောက်ပြီး ကိုယ့်လူမျိုးတွေကို ဥပဒေရဲ့ အကာအကွယ်ရဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တွေစီစဉ်တဲ့ပညာရေးရဲ့အနာဂတ်

KIO ပညာရေးစနစ်ရဲ့အနာဂတ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မူတည်သလို ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ခြင်း ရှိမရှိ အပေါ်မှာ မူတည်တယ်လို့ ဦးခွန်နောင်က ပြောပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရင်တော့ တိုင်းရင်းသား လူနည်းစုတွေဟာ ပညာရေးဝန်ကြီးဌာနနဲ့လက်တွဲပြီး ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်လာနိုင်မယ်လို့ သူက ဆိုပါတယ်။

“ငြိမ်းချမ်းရေးရပြီးရင်တော့ ဒီမိုကရေစီပညာရေးစနစ် ပေါ်ထွန်းလာတာကို မြင်ကြရတော့မှာပါ” လို့ သူက ပြောပါတယ်။

မိုင်ဂျာယန်မှာ အခြေစိုက်ပြီး KIO အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေကို ကူညီထောက်ပံ့ နေတဲ့ ဝမ်ပေါင်နင်းတွဲ အမည်ရှိ ကချင်လူမှုအဖွဲ့မှ ဒေါ်မေရီတောင်က လက်နက်ကိုင်ထိန်းချုပ်ဒေသတွေမှာ ပညာသင်ကြားခဲ့ကြတဲ့ ကချင်လူငယ်များကို ကူညီနိုင်မယ့်နည်းလမ်းတစ်ခုကို ရှာတွေ့ပြီး သူတို့ရဲ့ပညာရေးအဆင့်အတန်းကို အသိအမှတ်ပြုနိုင်ဖို့ မျှော်လင့်တယ်လို့ပြောပါတယ်။

“အစိုးရအနေနဲ့ နိုင်ငံသားအားလုံးရဲ့ တာဝန်ကို ယူသင့်တယ်” လို့ ဒေါ်မေရီတောင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီဝင် ဆလိုင်းရီယန်းဗဲလ် (ခ) ဆလိုင်းရန်းဗယ်က အစိုးရသစ်အနေနဲ့ ကချင်ပြည်နယ်မှာ ပညာရေးကဏ္ဍ ပိုမိုအားကောင်းလာအောင် ဦးစားပေးပြီး ဒီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးရရှိအောင် ကြိုးပမ်းမှုမှာ မဖြစ်မနေပါဝင်ဖို့ လုပ်မယ်လို့ ပြောပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မသူသူမာက KIA နဲ့ အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်တာနဲ့ တစ်ပြိုင်နက်တည်း အစိုးရနဲ့ KIO ရဲ့ ပညာရေးဌာနတို့ ပေါင်းပြီး ပညာရေးကဏ္ဍအတွက် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးမရှိရင် စစ်ဒဏ်ခံဒေသက ကလေးတွေဟာ ပညာရေးမှာ နောက်ကျနေမှာပဲ။ ဒါဟာ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးရတာနဲ့ အတူတူပဲ” လို့ မသူသူမာက ပြောလိုက်ပါတယ်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles