အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နေပြည်တော်သို့ ဖိတ်ခေါ်ထားသည့် တွေ့ဆုံပွဲကို တက်ရောက်မည်မဟုတ်ဟု နိုင်ငံရေးအစဉ်အလာရှိပါတီများက Myanmar Now ကို အတည်ပြုသည်။
အဆိုပါ တွေ့ဆုံပွဲနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီခေါင်းဆောင်တစ်ဦးက “အာဏာသိမ်းတဲ့သူက ရွေးကောက်ပွဲပြန်လုပ်ပေးမယ်။ ဒီအတွက် သူတို့ဖွဲ့ပေးထားတဲ့ ကော်မရှင်က မျှမျှတတကြီးကြပ်ပေးမယ်ဆိုတာ ဘယ်လိုမျိုးယုံကြည်ရမလဲ” ဟု မေးခွန်းထုတ်သည်။
စစ်ကောင်စီက ပါတီရပ်တည်ခွင့်နှင့် တာဝန်ရှိသူများ၏ လုံခြုံရေးအပေါ် ရန်ရှာမည်စိုး၍ အမည်နာမ ထုတ်ဖော်ပြောဆိုခြင်းမပြုသည့် အဆိုပါတိုင်းရင်းသားပါတီခေါင်းဆောင်မှာ မြန်မာ့ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးကိစ္စများတွင် ကာလရှည် အစဉ်တစိုက်ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ထားသည့် UEC က မနက်ဖြန် (မေ ၂၁)ရက်တွင် နိုင်ငံရေးပါတီများနှင့် ဒုတိယအကြိမ်တွေ့ဆုံရန် ဖိတ်ကြားထားသည်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှာမူ ပါတီဥက္ကဋ္ဌနှင့် ထိပ်တန်းခေါင်းဆောင်များအပါအဝင် ပါတီဝင်အများအပြား ဖမ်းဆီးထိန်းသိမ်းခံထားရသဖြင့် ပုံမှန်ပါတီလုပ်ငန်းများကိုပင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။
နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံရှိသည့် သက်တမ်းရင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်ပြည်နယ်အတွင်းအင်အားကြီး ရခိုင်အမျိုးသားပါတီ(ANP)၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါ တီများစုပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) တို့သည်လည်း စစ်ကောင်စီ၏ UEC နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန်မရှိဟု အတည်ပြုသည်။
“ကိုဗစ်ကြောင့်ရယ်၊ ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်ရယ် စတဲ့ကိစ္စတွေရှိနေလို့ UEC နဲ့ကိစ္စ ပါတီတွင်း ဆွေးကိုမဆွေးနွေးဖြစ်သေးဘူး”ဟု SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က Myanmar Now ကို ပြောသည်။
SNLD သည် ဖေဖော်ဝါရီ ၂၆ ရက်က စစ်ကောင်စီ၏ UEC က ဖိတ်ခေါ်သော ပထမအကြိမ်တွေ့ဆုံမှုတွင်လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
ANP နှင့် KSPP တို့မှာမူ UEC နှင့် ပထမအကြိမ်တွေ့ဆုံမှုတွင် ပါဝင်သော်လည်း ယခုတစ်ကြိမ်တွင် ငြင်းပယ်ခဲ့သည့်ပါတီများဖြစ်သည်။
“ကိုဗစ်ကြောင့်ရယ်၊ ပါတီရုံးချုပ်နေရာပြောင်းဖို့ လုံးပန်းနေတဲ့အတွက် UEC နဲ့တွေ့မတွေ့ ပါတီတွင်း အစည်းအဝေးမလုပ်ဖြစ်ဘူး” ဟု KSPP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဂျန်ခုန်က ပြောသည်။
ANP ကမူ UEC ၏ ဒုတိယအကြိမ်ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ ပါတီတွင်းဆွေးနွေးခဲ့ပြီးနောက် မတက်ရောက်တော့ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီ၏ တွဲဖက်အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
“အခုက အားလုံးသိတဲ့အတိုင်းပဲ။ အုပ်ချုပ်ရေးမှူးတွေတောင်မှ နဖူးတေ့ပြီး အပစ်ခံရတဲ့အခြေအနေတွေ၊ ဗုံးကွဲတာတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးအစဉ်အလာရှိသူ နော်အုန်းလှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီသည်လည်း UEC နှင့် တွေ့ဆုံပွဲကို ပထမအကြိမ်ကနည်းတူ မတက်ရန် ဆုံးဖြတ်ထားသည်။
“မတက်ဘူး။ ပါတီက ဆုံးဖြတ်ထားတယ် ဒီအစည်းအဝေးကို မတက်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒီလောက်ပဲနော် ” ဟု နော်အုန်းလှက ပြောသည်။
အစဉ်အလာရှိနိုင်ငံရေးပါတီများထဲတွင် UEC ၏ ဖိတ်ခေါ်မှုနှစ်ကြိမ်စလုံးကို ငြင်းပယ်ထားသည့် ပါတီများရှိသလို ပထမတစ်ကြိမ်တက်ရောက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သွားရောက်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်များလည်းရှိသည်။
သို့သော် ပထမအကြိမ်က မတက်ရောက်ခဲ့သော်လည်း မနက်ဖြန်(မေ ၂၁)တွင် နေပြည်တော်၌ ပြုလုပ်မည့် UEC နှင့် တွေ့ဆုံပွဲသို့ တက်မည်ဟု ထုတ်ပြောထားသည့် နိုင်ငံရေးအစဉ်အလာရှိ လူပုဂ္ဂိုလ်များဦးဆောင်သော နိုင်ငံရေးပါတီတစ်ခုလည်း ရှိနေသည်။
မြန်မာ့ဒီမိုကရေစီအရေးတော်ပုံခရီးအစ ၁၉၈၈ လူထုလှုပ်ရှားမှုမှစ၍ နိုင်ငံရေးသမားအဖြစ်ထင်ရှားသူ ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီဖြစ်ပြီး UEC နှင့် တွေ့ဆုံပွဲတက်ရန် မည်သည့်အတွက်ကြောင့် ဆုံးဖြတ်ခဲ့ကြောင်း Myanmar Now ၏ မေးမြန်းမှုကို မှတ်ချက်ပေးရန် ဦးကိုကိုကြီးက ငြင်းဆန်သည်။
BBC သတင်းဌာနနှင့် အင်တာဗျူးတွင်မူ “(ပါတီတွင်း)အများစုရဲ့သဘောထားက ဒီအချိန်မှာ ကော်မရှင်နဲ့ ဆက်သွယ်ရေးကို ဆက်ပြီး ထိန်းသိမ်းထားသင့်တယ်။ ပါတီရဲ့နိုင်ငံရေးရပ်တည်ချက်၊ သဘောထားတွေကို တရားဝင်ပြောဆိုဖို့အတွက် အစည်းအဝေးတက်ရောက်သင့်တယ်လို့ အများစုဆုံးဖြတ်ကြပါတယ်ခင်ဗျ” ဟု ဦးကိုကိုကြီးက ပြောထားသည်။
အဆိုပါကိစ္စကြောင့် ပြည်သူ့ပါတီကို ဦးကိုကိုကြီးနှင့်အတူ ဦးဆောင်ထူထောင်သူလည်းဖြစ်၊ ကာလရှည် နိုင်ငံရေးရဲဘော်ရဲဘက်များလည်းဖြစ်သည့် ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျနှင့် အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်တို့ နုတ်ထွက်ခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ UEC နှင့် ဒုတိယအကြိမ်တွေ့ဆုံပွဲသို့ ပါတီအရေအတွက် မည်မျှတက်ရောက်မည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပထမအကြိမ်တွေ့ဆုံစဉ်ကမူ နိုင်ငံရေးပါတီ ၅၃ ခု တက်ရောက်ခဲ့ပြီး ထိုနိုင်ငံရေးပါတီများအနက် ၂၀၂၀ ရွေးကောက်ပွဲတွင် နေရာအနည်းငယ်အနိုင်ရသည့် ပါတီ ၁၀ ခုသာ ပါဝင်ကာ အများစုမှာ ရွေးကောက်ပွဲ တစ်ကြိမ်မျှမနိုင်ဖူးသည့် ပါတီများဖြစ်သည်။



