အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဂျပန်ရှိ မြန်မာသံရုံးမှ CDM အရာရှိနှစ်ဦးအလုပ်ဖြုတ်ခံရ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သံတမန်နှစ်ဦးကို စစ်ကောင်စီက အလုပ်ထုတ်လိုက်ကြောင်း Kyodo News သတင်းတွင် ဖော်ပြသည်။ 

ထိုနှစ်ဦးမှာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသက် ၅၁ နှစ်အရွယ် ပထမအတွင်းဝန် ဦးအောင်စိုးမိုးနှင့် အမည်မဖော်လိုသူ ၂၇ နှစ်အရွယ် ဒုတိယအတွင်းဝန်ဖြစ်ပြီး ၎င်းတို့နေရာတွင် စစ်ကောင်စီက လူစားထိုးခန့်အပ်ခဲ့သည်ဟု ဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်ရှိ မြန်မာသံအရာရှိများ၏ သံတမန်ရာထူးများနှင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ခဲ့သည့်အပြင် မတ်လဆန်းပိုင်းအထိ နေထိုင်ခွင့် ရရှိခဲ့သည့် သံရုံးပရိဝုဏ်အတွင်း ဝင်ရောက်ခြင်းကိုလည်း ရုပ်သိမ်းခဲ့ကြောင်း သတင်းက ဆိုသည်။ 

ဖေဖော်ဝါရီလအတွင်း အလုပ်ဖြုတ်ခံခဲ့ရသူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် သံရုံးအတွင်း ဝင်ရောက်ခြင်းမှ ကန့်သတ်ခံခဲ့ရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့ပြီးနောက် ဂျပန်ရှိ မြန်မာသံအရာရှိများကို စစ်ကောင်စီက ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြောင်း မြန်မာသံအရာရှိနှစ်ဦးက ၎င်းတို့၏ Facebook စာမျက်နှာမှတဆင့် မတ် ၆ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ပြီး ၎င်းတို့သံရုံးလုပ်ငန်းတာဝန်များကို သပိတ်မှောက်ခဲ့သည်ဟု သိရသည်။ 

“မြန်မာစစ်တပ်က လက်နက်မဲ့ ဆန္ဒပြသူတွေ၊ အရပ်သားပြည်သူတွေ ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့အတွက် ကလေးတွေအပါအဝင် လူတွေအသတ်ခံနေရတယ်။ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း ထင်ထင်ရှားရှား ပြသနေပါတယ်” ဟု စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူ မြန်မာသံအရာရှိ ဦးအောင်စိုးမိုးက ပြောသည်။ 

စစ်အာဏာသိမ်းမှုကို ပြစ်တင်ပြောဆိုခဲ့သည့် ဂျပန်အစိုးရအနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် မည်သို့ကိုင်တွယ်မည်ကို လေ့လာသုံးသပ်သူများက စောင့်ကြည့်လျက်ရှိပြီး သံရုံးပထမအတွင်းဝန် ဦးအောင်စိုးမိုးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးထားသော ထောက်ခံချက်များမှာ ဂျူလိုင် ၁၅ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဟု Kyodo News သတင်းတွင် ဖော်ပြသည်။ 

ဂျပန်နိုင်ငံအနေဖြင့် သံတမန်အဆင့် ပြည်ဝင်ခွင့်နှင့် ထောက်ခံချက်များကို ဆက်လက်ထိန်းသိမ်းပေးထားရန် ဦးအောင်စိုးမိုးနှင့် ဒုတိယအတွင်းဝန်တို့က တောင်းဆိုထားကြောင်းလည်း သတင်းက ဆိုပြီး ၎င်းတို့နှစ်ဦးသည် မတ်လ ၁၁ ရက်တွင် သံရုံးကို စွန့်ခွာခဲ့ကြောင်း သိရသည်။ 

လက်ရှိ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း မရှိသော်လည်း “မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို စောင့်ကြည့်နေပြီး သူတို့ (မြန်မာသံအရာရှိနှစ်ဦး) ရဲ့ သံတမန်အနေအထားကို ဆုံးဖြတ်သွားမှာပါ” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန်၊ ဒီမိုကရေစီပြန်လည်အသက်သွင်းရန် ဂျပန်အစိုးရက အခိုင်အမာတိုက်တွန်းထားသည်။ 

သံရုံးအုပ်ချုပ်မှုနှင့် အထွေထွေကိစ္စရပ်များ ဦးစီးဆောင်ရွက်သူ ဦးအောင်စိုးမိုး၊ နိုင်ငံရေးနှင့် အလုပ်သမားအရေးကိစ္စများဆောင်ရွက်သူ ဒုတိယအတွင်းဝန်တို့နှင့် ပတ်သက်၍ တိုကျိုရှိ မြန်မာသံရုံးက တစ်စုံတစ်ရာ ပြောကြားခြင်း မရှိကြောင်းလည်း သတင်းက ဆိုသည်။ 

“ဒီမနှစ်မြို့ဖွယ်ရာ အခြေအနေတွေမှာ ကျွန်တော်တို့အနေနဲ့ တရားမဝင်စစ်အုပ်စုကို ဆက်ပြီး ကိုယ်စားမပြုနိုင်တော့ဘူး။ ဒါကြောင့် CDM မှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ” ဟု ဦးအောင်စိုးမိုးက Kyodo News ကို ပြောသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာသံအရာရှိနှစ်ဦးကို မြန်မာနိုင်ငံ ပြန်ပို့ခြင်းမျိုးနှင့် ပတ်သက်ပြီး အထူးသတိပြု ဆင်ခြင်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အာရှဒေသဆိုင်ရာအရာရှိ Teppei Kasai က Myanmar Now ကို ပြောသည်။ 

“တစ်ချိန်တည်းမှာပဲ စစ်အုပ်စုခန့်အပ်တဲ့ သံတမန်တွေကို ပြည်ဝင်ခွင့်ထုတ်ပေးခြင်းဟာလည်း စစ်ကောင်စီကို အကြောင်းမဲ့ လက်ခံသလို ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂ၏ အလွတ်သဘောညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာအနေဖြင့် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရန်၊ အပြင်းထန်ဆုံးအရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီးနောက် စစ်ကောင်စီက နိုင်ငံတကာရှိ ရာနှင့်ချီသော မြန်မာသံရုံးဝန်ထမ်းများကို ​ပြောင်းရွှေ့စေခဲ့သည်။

တရုတ်၊ အိန္ဒိယ၊ ကူဝိတ်၊ အီတလီ၊ ဩစတြီးယား၊ စင်ကာပူ၊ ပါကစ္စတန်၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ယူကေ၊ ဘရာဇီးလ်၊ တောင်ကိုရီးယား၊ နော်ဝေ စသည့်နိုင်ငံများရှိ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများရှိ ရာနှင့်ချီသော သံမှူးကြီး၊ သံမှူးနှင့် သံရုံးစာရေးဝန်ထမ်းများကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားကြောင်း စစ်ကောင်စီက အမိန့်ထုတ်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles