အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာမှ ပရဟိတသမား မီးရှို့တိုက်ခိုက်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ပရဟိတသမား ဦးစိန်ဝင်းသည် ယမန်နေ့ (မေ ၁၄) နံနက်ပိုင်းက ဓာတ်ဆီလောင်း မီးရှို့တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ ညပိုင်းတွင် ကွယ်လွန်ခဲ့သည်။

ဦးစိန်ဝင်းသည် စက်မှုဇုန်ရပ်ကွက် ခေါက်ဆွဲစက်ရုံရှိ သူငယ်ချင်းဖြစ်သူ စက်ရုံမန်နေဂျာနှင့် စကားပြောနေစဉ် စက်ရုံအလုပ်သမားတစ်ဦးက ခေါင်းပေါ်မှ ဓာတ်ဆီလောင်းပက်၍ ဦးစိန်ဝင်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီလို ပက်လိုက်မှပဲ ကျွန်တော်က မြင်လိုက်တာ။ ပက်ပြီးရှို့ပြေးတော့ ကျွန်တော်လည်း ပျာယီးပျာယာနဲ့အော်ပြီး ကိုစိန်ဝင်းကို မီးငြှိမ်းပေးတာ။ တာယာပုံးနဲ့ ဓာတ်ဆီထည့်ပြီး လူကို သင်္ကြန်ရေပက်သလို ပက်ပြီးတော့မှ ရှို့သွားတာ” ဟု စက်ရုံမန်နေဂျာ ဦးတိုင်းအောင်က ပြောသည်။

ဦးစိန်ဝင်းကို မုံရွာဆေးရုံကြီးသို့ ချက်ချင်းတင်ပို့ ကုသခဲ့သော်လည်း ည ၁၁ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ၎င်းကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“(မီးလောင်ဒဏ်ရာ) ခြေထောက်တွေ၊ လက်တွေ၊ ခေါင်းရောပေါ့၊ အကုန်လုံးပါပဲ၊ တစ်ကိုယ်လုံးနီးနီးပဲ။ မျက်နှာတွေဘာတွေ မဲသွားတယ်။ ခြေထောက်တွေလက်တွေက အရေပြားကွာကျသွားတယ်” ဟု ဦးတိုင်းအောင်က ဆက်ပြောသည်။

မီးရှို့သတ်သူမှာ မောင်အောင်ကိုဖြစ်ပြီး မုံရွာမြို့ မြဝတီရပ်ကွက်တွင်နေထိုင်ကြောင်း၊ ယခုထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။ 

ဦးစိန်ဝင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။ 

ကျန်ရစ်သည့် ရုပ်ကလာပ်ကို နက်ဖြန် (မေ ၁၆) မွန်းလွဲပိုင်းတွင် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

သမီးဖြစ်သူပြောသော ဦးစိန်ဝင်းအကြောင်း

နွေဦးတော်လှန်ရေးအောင်ပွဲရမည့်အချိန်ကို ဖခင် မြင်သွားစေချင်သည်ဟု သမီးဖြစ်သူ ဒေါ်သင်းသင်းနွယ်က ပြောသည်။

“သူကတော့ နိုင်မယ်ဆိုတာကို အမြဲတမ်း ယုံယုံကြည်ကြည်ရှိတယ်။ သူ့မှာ မျှော်လင့်ချက်ရောင်ခြည်တွေ အများကြီးရှိတယ်၊ ကျွန်မတို့မှာလည်းရှိတယ်။ ကျွန်မတို့နိုင်တဲ့အချိန်ကို အဖေမြင်မသွားရတဲ့အတွက် တော်တော့်ကိုစိတ်မကောင်းပါဘူး” ဟု ဒေါ်သင်းသင်းနွယ်က ပြောသည်။

၈ လေးလုံးလူထုလှုပ်ရှားမှုမှစ၍ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့သည့် ဦးစိန်ဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ NLD ပါတီစည်းရုံးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။

ချင်းတွင်းမြစ် အနောက်ဘက်တစ်ကြော ရွာများကို ရေကောင်းရေသန့်ရရှိရေး အကူအညီပေးနေသည့် ဖန်မီးအိမ်ပရဟိတအဖွဲ့၏ ဦးဆောင်သူလည်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ဦးစိန်ဝင်းလည်း ပါဝင်ခဲ့ပြီး မုံရွာ Gen Z များနှင့် နီးနီးကပ်ကပ်ရှိပြီး လူငယ်များ၏ လှုပ်ရှားမှုကို အားပေးထောက်ခံခဲ့သည်။ 

ဦးစိန်ဝင်းသည် နိုင်ငံရေးသမားဖြစ်သည့်အတွက် သားသမီးသုံးဦး အလုပ်အကိုင်ရရှိရေး ခက်ခဲခဲ့သည်ဟု ဒေါ်သင်းသင်းနွယ်က ပြောသည်။

“ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာပေးရတဲ့ အလုပ်မှန်သမျှ ကျွန်မတို့မောင်နှမတွေ ဘယ်တော့မှ မလျှောက်ဘူး” ဟု သမီးဖြစ်သူက ဆိုသည်။

သားသမီးများကိုလည်း စစ်အာဏာရှင်စနစ်ဆိုးနှင့် ၎င်း၏နိုင်ငံရေးခံယူချက်အကြောင်း ရှင်းပြခဲ့သည်ဟု သူက ဆက်ပြောသည်။

မုံရွာမြို့မှ ကဗျာဆရာတစ်ဦးဖြစ်သူ ဦးစိန်ဝင်းတွင် ပုဂ္ဂိုလ်ရေးအရ ရန်သူမရှိနိုင်ဟု ယူဆသည်။

“ကျွန်တော်သိသလောက်တော့ သူက ရိုးသားပြီး တက်ကြွတဲ့ ပရဟိတသမား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ပါ။ မုံရွာဖြစ်ဖြစ် အခြားမြို့ကဖြစ်ဖြစ် လူတစ်ယောက်ကို အကြမ်းဖက်သတ်ဖြတ်ခံရတာမျိုးကို ဆန့်ကျင်ပါတယ်” ဟု  အမည်မဖော်လိုသူ ကဗျာဆရာက ပြောသည်။

မတ်လ ၃ ရက်တွင် နိုင်ငံအနှံ့အပြားမှ ဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ရာတွင် မုံရွာမြို့၌ ကဗျာဆရာကေဇဝင်းနှင့် စာရေးဆရာမကြည်လင်အေး အပါအဝင် အနည်းဆုံး ၉ ဦး ပစ်သတ်ခံခဲ့ရသည်။ 

ထို့ပြင် မုံရွာသား ကဗျာဆရာခက်သီမှာ မေလ ၈ ရက်ညပိုင်းတွင် ဖမ်းဆီးခံရပြီး နှိပ်စက်ခံရမှုကြောင့် နောက်တစ်နေ့တွင် သေဆုံးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button