အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချောင်းဆုံမြို့နယ်တွင် လူငယ်တစ်ဦး စစ်ကားဖြင့် တိုက်သတ်ခံရဟု ဒေသခံများပြော

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် မေလ ၆ ရက်ညပိုင်းက ဆိုင်ကယ်စီးလာသော လူငယ်တစ်ဦး စစ်ကားဖြင့် တိုက်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ 

သေဆုံးခဲ့သူမှာ ချောင်းဆုံမြို့နယ် ဝယ်လမ်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် ကိုစိုးလင်းကျော်ဆိုသူဖြစ်ပြီး ည ၈ နာရီခန့်အချိန်တွင် အဘွားဖြစ်သူအိမ်၌ ထမင်းစားရန် သူငယ်ချင်းတစ်ဦးနှင့် ဆိုင်ကယ်စီးလာစဉ် ကင်းလှည့်နေသော စစ်ကားက တိုက်သတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ 

“ဆိုင်ကယ်ရဲ့ခေါင်းပိုင်းကို တိုက်ထားတာ တွေ့ရတယ်။ ဒီကောင်လေးကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တယ်ဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့ရတယ်” ဟု ချောင်းဆုံမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

ကိုစိုးလင်းကျော်နှင့်အတူ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူမှာ ပွန်းပဲ့ဒဏ်ရာအချို့နှင့် လက်သန်းကျိုးခဲ့ပြီး ၎င်းကို ချောင်းဆုံမြို့နယ်ရဲစခန်း၌ တစ်ညတာ ဖမ်းဆီးချုပ်နှောင်ပြီး နောက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဝယ်လမ်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ညမထွက်ရအမိန့် ထုတ်ထားချိန်ဖြစ်သောကြောင့် လမ်းပေါ်တွင် အရပ်သားများမရှိသဖြင့် အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူမရှိကြောင်း၊ အကယ်၍ မျက်မြင်တွေ့သူ ရှိပါကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဩဇာလွှမ်းမိုးသော ရွာများဖြစ်သောကြောင့် ထုတ်ဖော်ပြောဆိုရဲမည်မဟုတ်ကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။ 

ကုလားဘီရွာအုပ်ချုပ်ရေးမှူးက ဖုန်းဆက်သဖြင့် အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး ဒဏ်ရာရလူနာကို ချောင်းဆုံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ လူနာမှာ ဆေးရုံရောက်ပြီး နာရီဝက်အကြာတွင် သေဆုံးခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လမ်းမမှာ လဲနေတာတော့ တွေ့ရတယ်။ မှတ်တမ်းယူတာလည်း ကျွန်တော်တို့ လုပ်လို့ မရဘူး။ သွေးတွေကတော့ အများကြီးပဲ။ ကျွန်တော်တို့ ကောက်သွားတဲ့ နေရာမှာတောင်မှ လမ်းမှာ သွေးအများကြီးကျန်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ကိုစိုးလင်းကျော်မှာ ဦးခေါင်းနှင့် နဖူးတွင် ချိုင့်ဝင်ဒဏ်ရာများ၊ လည်ပင်းတွင်လည်း ပြတ်ရှဒဏ်ရာတစ်ခု ရရှိထားသည့်အပြင် လက်နှစ်ဖက်လုံးကျိုးကာ ဘယ်ခြေထောက်တစ်ချောင်းလည်းကျိုးထားကြောင်း၊ စစ်ကားဖြင့် တိုက်သတ်ခံရခြင်း ဟုတ်မဟုတ် ၎င်းအနေဖြင့် မသိရကြောင်းလည်း အဆိုပါ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။

ကိုစိုးလင်းကျော်မှာ စစ်ကားဖြင့် တိုက်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ၏ စွပ်စွဲပြောဆိုချက်ကို လုံးဝလက်မခံနိုင်ကြောင်း အာဏာသိမ်းပြီးနောက် ကုလားဘီရွာအုပ်ချုပ်ရေးမှူးဖြစ်လာသူက Myanmar Now ကို ပြောသည်။

စစ်သားနှင့် ရဲများ ကင်းလှည့်နေချိန် ရဲများက ကိုစိုးလင်းကျော်စီးလာသော ဆိုင်ကယ်ကို ရပ်ခိုင်းရာတွင် မောင်းပြေးစဉ် ရွာဘုန်းကြီးကျောင်းရှေ့ ရပ်ထားသော စစ်ကားကို ဝင်တိုက်မိသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကုလားဘီရွာအုပ်ချုပ်ရေးမှူး ဦးအေးကိုက ပြောသည်။

“ဆိုင်ကယ်က လွန်ပြီးတော့ တစ်ခါတည်း စစ်ကားဖင်(ကားနောက်ပိုင်း)ကို သွားတိုက်လိုက်တာ။ ကျွန်တော်တို့က အမှန်ပဲပြောမှာ၊ မဟုတ်တာလည်းမပြောဘူး” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့ (မေလ ၇) နေ့လယ်ပိုင်းတွင် ကိုစိုးလင်းကျော်၏ ရုပ်အလောင်းကို ချောင်းဆုံမြို့နယ်ဆေးရုံ၌ သွားရောက်ထုတ်ယူခဲ့ပြီး နာရေးချက်ချင်းပြုလုပ်ခဲ့သည်ဟု သေဆုံးသူ၏ ညီမဖြစ်သူက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကိုစိုးလင်းကျော်၏ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် လူငယ်နှင့် အဆက်အသွယ်ရရန် Myanmar Now က ကြိုးပမ်းနေဆဲဖြစ်သည်။ 

စစ်ကောင်စီက အရပ်သားပြည်သူများကို နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်လျက်ရှိရာ ပစ်ခတ်သတ်ဖြတ်ခြင်းများသာမက ရည်ရွယ်ချက်ရှိရှိ ကားဖြင့်တိုက်သည့် နည်းလမ်းကိုလည်း အသုံးပြုလျက်ရှိသည်။ 

မန္တလေး၊ မြစ်ကြီးနား၊ ပုသိမ် အပါအဝင် မြို့ကြီးအချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ကာ ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။ ဧပြီ ၁၅ က မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အိမ်စီးကားဖြင့်တိုက်၍ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် မေလ ၇ ရက်နေ့အထိ အရပ်သားပြည်သူ ၇၇၄ ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles