အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းကင်းနှင့် ကနီကြား ပစ်ခတ်မှုဖြစ်ပြီး ဒေသခံတစ်ဦးသေ၊ တစ်ဦးအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်ကြားတွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသခံပြည်သူများကြား ယနေ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး၊ တစ်ဦးအဖမ်းခံရသည်။

ယမန်နေ့ ဧပြီ ၁၇ ရက် နေ့လယ်ပိုင်းကတည်းက ယနေ့နံနက်အထိ မုံရွာ-ကလေးဝ- ယာကြီးလမ်းမပေါ်ရှိ မင်းကင်းမြို့နယ် တောင်တွင်းချောင်ရွာနှင့် ကနီမြို့နယ် ဆယ်ရွာချောင်ကြား၌ အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်တပ်နှင့် ကျေးရွာလုံခြုံရေးဆောင်ရွက်နေသည့် ဒေသခံများ အပြန်အလှန်ပစ်ခတ်နေခြင်းဖြစ်သည်။

“သေနတ်တစ်ချက်ဖောက်ပြီးမှ ရွာထဲကို ဝင်လာတယ်။။ ပြည်သူတစ်ယောက်ကို ဖမ်းထားတယ်။ အဲ့ဒီကနေစပြီး တိုက်ပွဲစဖြစ်တယ်ဗျ။ အင်အားက ကျွန်တော်တို့ဘက်က ဘာမှမရှိဘူး” ဟု ပစ်ခတ်မှုကို ခုခံခဲ့ရသည့်အနေအထားကို ဆယ်ရွာချောင်ကျေးရွာ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦးကျဆုံး၍ တစ်ဦးအဖမ်းခံရကာ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဏာသိမ်းစစ်ကောင်စစ်တပ်က ၁၀၀ ဝန်းကျင်နီးပါးဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်မှ ၆ နာရီအထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့သည်။

ဒေသခံများက အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာလက်လုပ် တူမီးသေနတ်များ၊ လေသေနတ်များ အသုံးပြုပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ဒဏ်ရာရသူတချို့ ရှိနိုင်သော်လည်း သေဆုံးသူမရှိနိုင်သေးကြောင်း ကိုယ်တိုင်ခုခံနေသည့် အခြားဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်နေသည့်အတွက် ဆယ်ရွာချောင်ရွာနှင့် တောင်တွင်းချောင်ရွာမှ ရာနှင့်ချီသည့် ဒေသခံများ နီးစပ်ရာ တောသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

မုံရွာ -ယာကြီး – ကလေးဝ လမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း ယနေ့မနက်မှစ၍ စစ်တပ်က ဝင်ရောက်ရှာဖွေမှုများ ရှိနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

“မနက်က ရွာထဲကို စစ်တပ်က ဝင်လာတယ်။ အင်အား တော်တော်များတယ်။ အိမ်တွေကို ရှာနေလို့ အကုန်ထွက်ပြေးနေရတယ်။ ရွာမှာ တပ်စွဲမယ့်သဘောမျိုး ရှိနေတယ်” ဟု ချောင်းမကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ဧပြီ ၁၅ (သင်္ကြန်အကြတ်နေ့က) လည်း စစ်ကောင်စီနှင့် ကနီမြို့နယ်ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၆ ဦး ကျဆုံးပြီး ၂၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။ 

ဧပြီလဆန်းပိုင်းကလည်း ယင်းမာပင်ခရိုင်၊ သပြေအေးကျေးရွာမှ ဘုန်းကြီးကို ဖမ်းဆီးရန် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရွာကို လာဝိုင်းသည့်အတွက် ဒေသခံများက ရရာလက်နက်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ 

စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ တန့်ဆည်၊ ပင်လည်ဘူးမြို့နယ်တို့တွင် မတ်လကုန်ပိုင်းမှစ၍ အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုခွဲသည့် စစ်ကောင်စီ၏ တပ်များကို ဒေသခံများက တူမီးအပါအဝင် ရရာလက်နက်များဖြင့် ပြန်လည်ခုခံနေခြင်းဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles