အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်တွင်းကြီးမှ တိမ်းရှောင်သူများ နေရပ်ပြန်လာရန် စစ်တပ်ဖိအားပေး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးကျေးရွာအုပ်စုမှ ရွာသုံးရွာတွင် အာဏာသိမ်းစစ်တပ်က ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများတွင် တပ်စွဲထားပြီး ထွက်ပြေးတိမ်းရှောင်သူတို့ နေရပ်ပြန်လာရန် ဖိအားပေးခြိမ်းခြောက်နေသည်။

အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်တပ်များသည် ပတ်လည်ကြီးကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် စာသင်ကျောင်း၊ စည်သာကျေးရွာ ဘုန်းကြီးကျောင်း၊ ပျဉ်းချောင်းကျေးရွာ အထက်တန်းကျောင်းခွဲတို့၌ ဧပြီ ၁၂ ရက်နေ့ကတည်းက တပ်စွဲထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ ညသပိတ်များ အားကောင်းခဲ့သည့် ပျဉ်းချောင်းရွာ၊ စည်သာရွာနှင့် ပတ်လည်ကြီးရွာတို့ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဧပြီ ၉ ရက်နေ့က ပထမအကြိမ် ဝင်ရောက်စီးနင်းခဲ့သည်။ 

စီးနင်းမှုအတွင်း သေနတ်သမားတို့က ဆန္ဒပြပွဲခေါင်းဆောင်တို့၏ အိမ်များကို ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၂ လုံးကို မီးရှို့ခဲ့သည့်အတွက် ဒေသခံများက နီးစပ်ရာတောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့နောက် ဧပြီ ၁၂ တွင် လက်နက်ကိုင်တပ်များက ထိုသုံးရွာကို ဒုတိယအကြိမ်စီးနင်းပြီးနောက် တပ်စွဲလိုက်ခြင်းဖြစ်သည်။

တိမ်းရှောင်နေသည့် ဒေသခံများကို ယမန်နေ့ (ဧပြီ ၁၃) ၊ ညနေ ၄ နာရီ နောက်ဆုံးထားပြီး မဖြစ်မနေပြန်လာရန် ခြိမ်းခြောက်ခဲ့သည်။

“မိုက်နဲ့ လှမ်းခေါ်တယ်။ တောထဲမှာ ပုန်းမနေပါနဲ့။ သူတို့ခေါ်တဲ့အချိန် ပြန်မလာရင် ပြန်မလာတဲ့အိမ်ကို တစ်သက်လုံး ပြန်လာလို့မရအောင် ချိပ်ပိတ်ထားမယ်လို့ ခြိမ်းခြောက်တယ်။ အသံချဲ့စက်နဲ့ အော်တယ်” ဟု ပျဉ်းချောင်းရွာသားတစ်ဦးက ပြောသည်။

ထိုသို့ ခြိမ်းခြောက်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးအနည်းငယ်က ယမန်နေ့ ညနေပိုင်းမှစ၍ နေရပ်ပြန်ခဲ့သည်။ 

အမျိုးသားအများစုမှာမူ ပစ်မှတ်ထားဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ဆက်လက်တိမ်းရှောင်နေရဆဲ ဖြစ်သည်။ 

တိမ်းရှောင်နေရာမှ ပြန်လာသူများကို မိသားစုဝင်အရေအတွက်၊ အဖနာမည်နှင့် မှတ်ပုံတင်နံပါတ် စသည့် ကိုယ်ရေးအချက်အလက်များကို စစ်တပ်က စာရင်းကောက်နေသည်ဟု ဒေသခံတို့က ပြောသည်။

ပတ်လည်ကြီးကျေးရွာ ဒေသခံတစ်ဦးက “သူတို့တွေက ယူနီဖောင်းတွေရော၊ အရပ်ဝတ်တွေရောနဲ့ ရွာထဲမှာ လျှောက်သွားနေတာ။ သေနတ်တွေလွယ်ပြီး သွားနေတာ။ အဲဒီတော့ လူတွေက ကြောက်လို့ အပြင်မထွက်ရဲဘူး။ အိမ်ထဲမှာပဲ နေကြတယ်”ဟု  Myanmar Now ကို ပြောသည်။ 

နေရပ်ပြန်မလာဘဲ တောထဲတွင် တိမ်းရှောင်နေသူများအား အနီးတဝိုက်ရှိ ကျေးရွာတွင် လက်မခံရန်၊ ဧည့်စာရင်းတိုင်ကြားရန် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက လိုက်လံခြိမ်းခြောက်နေသည်။

ယင်းကျေးရွာသုံးခုတွင် အိမ်ခြေပေါင်း ၁၃၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button