အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာနှင့် ပတ်သက်၍ အ​ရေး​ပေါ်ထိပ်သီး​ဆွေး​နွေးပွဲ ခေါ်ယူရန် ကုလတာဝန်ရှိသူ တိုက်တွန်း

မြန်မာနိုင်ငံတွင် အခြေအနေ ပိုမိုဆိုးရွားလာ​နေ​သော​ကြောင့် နိုင်ငံတကာအသိုက်အဝန်းက အရေး​ပေါ်ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ခေါ်ယူကျင်းပရန် ကုလအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က တိုက်တွန်းပြောကြားလိုက်သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံရှိ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် Stakeholder အားလုံးနှင့် အရေးပေါ်ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ခေါ်ယူကျင်းပရန် Tom Andrews က ယနေ့ (မတ် ၂၅ရက်) တွင် ထုတ်ပြန်သော ၎င်း၏ကြေညာချက်၌ ဖော်ပြသည်။

“မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုဆိုးရွားလာပါတယ်။ လက်နက်နဲ့ ခြိမ်းခြောက်အကြမ်းဖက်မှုအောက်က ပြည်သူတွေကို ကူညီထောက်ခံရာမှာ အားကောင်းတဲ့ နိုင်ငံတကာရဲ့တုံ့ပြန်မှုမပါဘဲ သူတို့(မြန်မာစစ်တပ်) ဟာ ပိုမိုဆိုးရွားလာမယ့် သဘောပါပဲ” ဟု Tom Andrews က ပြောသည်။

မကြာသေးမီက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထိုနီယိုဂူတာရက်စ်တောင်းဆိုထားသော ခိုင်မာညီညွတ်သည့် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်မှုရှိရေးကို နိုင်ငံတကာအသိုက်အဝန်းက အလေးဂရုပြုရန် လွန်စွာအရေးကြီးကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်တပ်ကို အကန့်အသတ်ဖြင့် အရေးယူဒဏ်ခတ်ခြင်းမှာ စစ်တပ်၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုမရှိဘဲ အကျိုးအမြတ်အများဆုံးဖြစ်ထွန်းနေသည့် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုမရှိကြောင်း Tom Andrews က ထောက်ပြသည်။

“သံခင်းတမန်ခင်းနှေးကွေးမှုက အကျပ်အတည်းရဲ့ အတိုင်းအဆကို လိုက်မမီပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ထိန်းချုပ်မှုမဲ့နေသည့်အပြင် ထပ်တိုးလာသောအန္တရာယ်ကို ညွှန်ပြနေသည့် အစီရင်ခံစာများကို လက်ခံရရှိနေကြောင်း Tom Andrews က ဆက်ပြောသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံတွင် အသက်ဆုံးရှုံးမှုများ တိုးပွားလာနိုင်သည့် အခြေအနေကိုလည်း ၎င်းက သတိပေးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles