အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းစိန်ထောင်မှလွတ်လာသည့် ရိုဟင်ဂျာ ၁၀၀၀ နီးပါး စစ်တွေကို ရောက်ရှိ

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ရိုဟင်ဂျာ ၁၀၀၀ နီးပါးသည် ရေလမ်း ခရီးဖြင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်တွင် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု စစ်တွေဒေသခံများထံက သိရသည်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ရိုဟင်ဂျာ ၁၀၀၀ နီးပါးသည် ရေလမ်း ခရီးဖြင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်တွင် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု စစ်တွေဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်က လွတ်လာခြင်းဖြစ်ပြီး အများစုမှာ လဝကဥပဒေဖြင့် ထောင်ချခံရသူများဖြစ်သည်၊ စစ်တွေ ဒေသခံ ၁၀၀ ခန့် ပါဝင်ပြီး အများစုမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ဒေသများမှ ဖြစ်ကြသည်။

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများကို ဖေဖော်ဝါရီ ၁၈ ရက်က ခေါ်ယူတွေဆုံခဲ့သည်၊ ထောင်မှ လွတ်လာသည့် ရိုဟင်ဂျာအကျဉ်းသားများကို စစ်တွေမြို့နယ် ဒုက္ခသည်စခန်းများတွင် ထားရှိရန်ပြင်ဆင်နေသည်ဟု ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဒေသခံတစ်ဦးက ပြောသည်။

“WFP က စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးရမယ်။ UN အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ အဆောင်တွေ ဆောက်ပေးရမယ်။ စားနပ်ရိက္ခာမဟုတ်တဲ့ လိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ တောင်းဆိုထားတယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြန်လွတ်လာသူများ စစ်သားသစ်အဖြစ် စုဆောင်းခံရမည့် အန္တရာယ်လည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“တကယ်လို့ သူတို့ရဲ့ နေရပ်ကို ပြန်ပို့ပေးချင်တယ်ဆိုရင်တော့ UN အဖွဲ့အစည်းတွေကနေပြီး AA နဲ့ ညှိပြီး ပို့ပေးလို့ရတယ်။ ဒါပေမယ့် စကစရဲ့ရည်ရွယ်ချက် ဘာရှိသလဲဆိုတာကို မသိနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

“ဒီလူတွေကို ဒီမှာအကြာကြီးထားမယ်ဆိုရင်တော့ သူတို့ အသုံးချမှာ သေချာတယ်။ အကုန်လုံးကို တစ်ကြိမ်တည်း မဟုတ်ရင်တောင်မှ စစ်မှုထမ်းဖို့ အသုတ်လိုက်ခွဲပြီး ခေါ်သွားနိုင်တယ်”

လွတ်မြောက်လာသူ ၉၃၆ဦးအနက် အများစုမှာ လွတ်ရက်စေ့နေသူများဖြစ်သည်၊ ခရီးသည်တင်ကား ၇ စီးဖြင့် ထောင်မှ ရန်ကုန်ဆိပ်ကမ်းသို့ ပို့ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပြန်လွှတ်ပေးရာတွင် တရားဝင် ထုတ်ပြန်ခြင်းမရှိဘဲ ရုံးပိတ်ရက်တွင် တိတ်တဆိတ် ခေါ်ထုတ်သွားခြင်းဖြစ်သည်၊ နောက်ဆက်တွဲသတင်း ထပ်မရသဖြင့် ပြန်လွတ်သွားသူများအတွက် စိုးရိမ်ရသည်ဟု နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက Myanmar Now ကို ပြောသည်။

“သူတို့ တကယ်လွှတ်ပေးတာမျိုး မှန်တယ်ဆိုရင် သူတို့ ဘက်က တရားဝင် ကြေညာပြီးတော့ ရိုဟင်ဂျာ ဘယ်လောက်ဘယ်လောက်ကို ဘယ်လိုပုံစံမျိုး လွှတ်လိုက်တယ်ဆိုတာမျိုးလုပ်ရမှာ”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်းဝရမ်းထုတ်ပြီးနောက် ရက်ပိုင်းအကြာတွင် လွတ်ရက်စေ့အကျဉ်းသားများကို ရုတ်တရက် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

အကျဉ်းသားများကို ပို့လိုက်သည့် နေရာမှာ စစ်မြေပြင်ဖြစ်နေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (EXPP) ပြောခွင့်ရ ဦးထွန်းကြည်က ထောက်ပြသည်။

“ဒီဘက်မှာလဲ စစ်ကဖြစ်နေပြီဆိုတော့ အဲဒါကိုတော့ မတွေးဝံ့စရာပေါ့။ ဒီကောင်တွေက ဘယ်သူ သေသေ ငတေမာရင်ပြီးရောလုပ်တဲ့ သူတွေဖြစ်တော့၊ ခုချိန်က စစ်တွေမှာ တိုက်ပွဲတွေလဲ ဖြစ် နေတဲ့ အခါကျတော့ အဲဒီထဲကနေပြီးတော့ လူငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးမချဘူးလို့ ပြောလို့ မရဘူး။ ဘယ်သူမှလည်း အာမမခံနိုင်ဘူး” ဟု ဆိုသည်။

၁၉၆၂ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်အစိုးရ တက်လာ ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရိုဟင်ဂျာများကို အထောက်အထားမဲ့များဟု သတ်မှတ်ခဲ့ပြီး ရခိုင်ပြည်နယ်ပြင်ပသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာတို့ ပိုင်ဆိုင်သည့် နေအိမ်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ထိုဒေသကို စစ်ဆင်ရေးတစ်ခုသဖွယ် တိုက်ခိုက်ခဲ့ရာ ရိုဟင်ဂျာသိန်းနှင့်ချီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ထွက်ပြေးခိုလှုံနေရသည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ရိုဟင်ဂျာများထဲမှ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ထွက်ခွာနိုင် ရန် ကြိုးပမ်းနေသူများမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးထောင်ချခံနေရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးတွင် ရိုဟင်ဂျာ ၂၀၀၀ နီးပါး အကျဉ်းကျခံနေရဆဲ ဖြစ်ပြီး အစားအစာနှင့် ဆေးဝါးမလုံလောက်မှုကြောင့် ရောဂါ၊ ဝေဒနာမျိုးစုံ ရရှိနေကြကြောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူများက ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button