အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါက်တာဇော်မြင့်မောင်နှင့် လူချင်းတွေ့ခွင့်ပေးရန် ရှေ့နေများ ထပ်တောင်းဆို

တရားစွဲခံရပြီး သုံးပတ်ကျော်ကြာသည်အထိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် လူချင်းတွေ့ခွင့် မရသေးကြောင်း ၎င်း၏ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေဦးမျိုးအောင်က ပြောသည်။

“ရှေ့နေတွေနဲ့ လူချင်းတွေ့ခွင့်ရဖို့ကိစ္စ အခုထိအဆင်မပြေသေးသလို ဝန်ကြီးချုပ်ရဲ့အမှုကို ဗီဒီယိုနဲ့မဟုတ်ဘဲ တရားခွင်မှာ လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးဖို့ ဒီနေ့ တရားရုံးမှာ တောင်းဆိုထားပါတယ်” ဟု ၎င်းက ပြောသည်။ 

အိုးဘိုထောင်၌ ထိန်းသိမ်းခံထားရသည့် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား ပထမရုံးချိန်းဖြစ်သော ဖေဖော်ဝါရီ ၁၈ ကတည်းက လူချင်းသီးသန့်တွေ့ခွင့်ပေးရန် ၎င်း၏ရှေ့နေများဖြင့်တရားရုံးမှ တစ်ဆင့် တောင်းဆိုထားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ ဖြင့် ဖေဖော်ဝါရီအတွင်းက အောင်မြေသာစံမြို့နယ်တရားရုံး၌ တရားစွဲတင်ခဲ့ပြီး ရုံးချိန်းအားလုံးကို ဗီဒီယိုဖြင့်သာ စစ်ဆေးခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စွပ်စွဲခံရသူဟာ သူရဲ့ခုခံပိုင်ခွင့်အတွက် သူ့ရှေ့နေနဲ့ လူချင်းသီးသန့်တွေ့ဆုံဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအခွင့်အရေးကို ရအောင်တောင်းနေရတာပါ။ ထောင်မှာ ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် ထောင်ကတစ်ဆင့် တွေ့ခွင့်ရဖို့ ဆက်လုပ်သွားပါမယ်” ဟု ရှေ့နေဦးမျိုးအောင်က ပြောသည်။ 

ယနေ့ရုံးချိန်း၌ Video Conferencing ဖြင့် ဝန်ကြီးချုပ်သည် ၎င်း၏ ရှေ့နေများနှင့်သာမက ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေနှင့်လည်း စကားပြောခွင့်ရခဲ့ပြီး စစ်ဆေးချိန်မှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သည်။

ပြီးခဲ့သည့် ရုံးချိန်းတွင် ဝန်ကြီးချုပ်အာမခံရရှိရန်ကိစ္စအတွက် ၎င်းလက်မှတ်ကို တောင်းခံထားသော်လည်း ယနေ့ရုံးချိန်းအထိ မရရှိသဖြင့် အာမခံကိစ္စအတွက် သီးခြားထပ်တင်လိုက်သည်ဟု ဥပဒေအကျိုးဆောင်အဖွဲ့ထံမှ သိရသည်။ 

လာမည့် ရုံးချိန်းအား မတ် ၁၇ ရက်တွင် ထပ်မံချိန်းဆိုထားပြီး ၎င်းရုံးချိန်း၌ ဝန်ကြီးချုပ်အား အာမခံ လျှောက်ထား သည့် လက်ခံခြင်းရှိ၊ မရှိ၊ ရှေ့နေများနှင့် လူချင်းတွေ့ခွင့်ရ၊ မရ သိရှိနိုင်မည်ဟု ဆိုသည်။ 

ထို့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသော မြို့တော်ဝန် ဒေါက်တာရဲလွင်ကိုလည်း ဗီဒီယိုကွန်ဖရန်ဇင်းဖြင့် ယနေ့ ရုံးချိန်း စစ်ဆေးခဲ့ပြီး အမှုအတွက် ရှေ့နေပါဝါ တင်နိုင်ရန် ၎င်းထံမှ ရှေ့နေကိုယ်စားလှယ်လွှဲစာလက်မှတ် ထပ်မံ တောင်းခံထားကြောင်း သိရသည်။ 

ပြည်သူတချို့က တရားရုံးရှေ့လာရောက်ဝန်းရံခဲ့ကြသော်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ ရောက်လာပြီး လူစုခွဲရန် သတိပေးခဲ့သဖြင့် နံနက် ၁၁ ခွဲခန့်တွင် လူစုကွဲသွားသည်။ 

ဝန်ကြီးချုပ်အပါအဝင် ကျန်ရှိဝန်ကြီးများအား မန္တလေးအိုးဘိုအကျဉ်းထောင်၌ ထိန်းသိမ်းထားသည် ဆိုသော် ကြောင့် ၎င်းတို့၏ ရှေ့နေအဖွဲ့က ထောင်ဝင်စာတွေ့ရန် ပြီးခဲ့သည့်သီတင်းပတ်က  ထောင်သို့သွားရောက်ခဲ့သော် လည်း တွေ့ခွင့်မရခဲ့ကြောင်း ရှေ့နေဒေါ်သဲဆုဝေက ပြောသည်။  

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ ဖြင့် လည်းကောင်း၊ မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့်ဝန်ကြီးဦးမျိုးသစ်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ဝန်ကြီးဒေါက်တာစိုးသန်းနှင့် ဝန်ကြီးဦးဇာနည်အောင်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးတို့၌ တရားစွဲတင်ထားသည်။  

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ အရ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင်  (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles