အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပင်လယ်ပြင်တွင် စစ်တပ်က အမြောက်ပစ်လေ့ကျင့်မည်

တိုက်ပွဲဝင် အသင့်ရှိစေရေးအတွက် အမြာက်လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများကို ရခိုင်ပြည်နယ်တွင် ပြုလုပ်သွားမည်ဟု တပ်မတော်က ကြေညာထားသည်။ 

တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်း စခန်းတို့တွင် ဖေဖော်ဝါရီ ၁၉ ၌ တပ်မတော်က လေ့ကျင့်ပစ်ခတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

အမြောက်လက်နက်ကြီးများကို လေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်သွားမည်မှာ ဟုတ်မှန်ကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦး‌အောင်မြင့်သိန်းက အတည်ပြုသည်။

“ဟုတ်တယ်။ မနက်ဖြန်လေ (ဖေဖော်ဝါရီ ၁၉) ။ ကြေညာထားတယ်။ အကုန်လုံးတောင်သိနေပါပြီ။ ကျွန်တော် သိတာကတော့ မေယုကမ်းလို့တော့ ပါတယ်။ ပင်လယ်ပြင်နဲ့ ပတ်သက်တဲ့ရွာတွေပေါ့“ ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နှစ်နှစ်ကြာ စစ်ပွဲများဖြစ်ပွားလာသော ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့  ၂၀၂၀ နိုဝင်ဘာ လဆန်းကတည်းက တိုက်ပွဲများလည်း ရပ်တန့်နေသည်။ 

ထို့နောက် အာဏာသိမ်းစစ်ကောင်စီ တက်လာပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိချိန်တွင် ထိုသို့ အမြောက်လက်နက်ကြီးများကို ပထမဆုံးအကြိမ် လေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။ 

“မနက်ဖြန်တစ်ရက်တည်းပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း သိတယ်။ နေရာအတိအကျတွေ။ အဲဒီလိုပွိုင့်တွေနဲ့ ပင်လယ်ထဲမှာပါ” ဟု ရသေ့တောင်မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးအောင်မြင့်သိန်းက ပြောသည်။

ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ နံသာကျွန်းအနီး အမြောက်လက်နက်များ စမ်းသပ်ပစ်ခတ်မှုပြုလုပ်သွားမည်ဟု  မြို့နယ်က ဖုန်းဖြင့် အကြောင်းထားကြောင်း ပေါက်တောပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြင့်က ပြောသည်။

“နံ့သာကျွန်းအနီးအနားလို့ ပြောပါတယ်။ ကျွန်တော်တို့နဲ့ဆိုရင် ၆ မိုင်လောက်ဝေးတယ်။ သူတို့က ဘယ်ကနေပစ်မယ်ဆိုတာကို မပြောတတ်ပါ။ နံ့သာကျွန်းအနီးအနားကို ငါးရှာ၊ ဟင်းခူးမသွားရဆိုပြီး သတင်းရောက်ပါတယ်” ဟု ဦးမောင်သန်းမြင့်က ပြောသည်။

နံ့သာကျွန်းသည် ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ အငူမော်၊ ကုန်းတန်းနှင့် ပေါက်တောပြင် စသည့်ကျေးရွာများ၏ တောင်ဘက် မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်အစပ်တွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ ရက်စွဲဖြင့်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသိပေးအကြောင်းကြားစာတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၉ တွင် မေယုကျွန်းစခန်းနှင့် နံ့သာကျွန်းစခန်း လေ့ကျင့်ပစ်ခတ်ချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းရေး လေ့ကျင့်ပစ်ခတ်မည့် ကျွန်းစခန်း၏ ရေပြင်ကျယ် နယ်နိမိတ်အနီး ၁၀ မိုင်ခန့်ပတ်လည်အတွင်းသို့ လှေ၊ စက်လှေ၊ သင်္ဘောများနှင့် လူများသွားလာမှု မရှိစေရေး ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ အသိပေးအကြောင်းကြားပါသည်ဟု ဖော်ပြထားသည်။ 

တပ်က ပင်လယ်ပြင် လက်နက်ကြီးပစ်ခတ်မှု လေ့ကျင့်မည့်အချိန်သည် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် ရေတပ်သင်္ဘောတစ်စင်း ဖြတ်သန်းမောင်းနှင်သည့် အချိန်နှင့် တိုက်ဆိုင်နေသည်။  

အာဆီယံဒေသအတွင်း နိုင်ငံအများအပြား သူပိုင်ငါပိုင် အငြင်းပွားနေသည့် ရေပြင်နယ်နိမိတ်ကို တရုတ်ကလည်း ၎င်းပိုင်နယ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး ထိုနေရာသို့ အမေရိကန်၏ USS Russell ဖျက်သင်္ဘောရောက်ရှိနေခြင်း ဖြစ်သည်။  

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊  ဗီယက်နမ်၊ တရုတ်တို့ သူပိုင်ငါပိုင် အငြင်းပွားနေကြသည့် ထိုနေရာရှိ ကျွန်းစုများအနီး အမေရိကန်ဖျက်သင်္ဘော ရောက်ရှိနေခြင်းနှင့် မြန်မာ့ပင်လယ်ပြင်တွင် တပ်က အမြောက်ပစ်လေ့ကျင့်ခြင်းတို့ ဆက်စပ်မှုရှိမရှိ မသိရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button