အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ကန်ကြီးထောင့်တွင် NLD ပါတီဝင် အမျိုးသားတစ်ဦး အသတ်ခံရ 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာတွင် နိုဝင်ဘာ ၁၀ နေ့ ညပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူဟု ယူဆရသူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို နှစ်ရှည်လများဝန်းရံခဲ့သူ ပါတီဝင်အမျိုးသားကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ 

သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် ကိုအောင်ဇင်ဖြိုးဆိုသူဖြစ်ပြီး လက်ရှိအာဏာရပါတီဖြစ်သည့် NLD က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် နိုဝင်ဘာ ၁၀ ရက် အကျွေးအမွေးဖြင့် အောင်ပွဲခံသောညတွင် အသတ်ခံရခြင်းဖြစ်သည်ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မထက်ထက်ထွန်းက Myanmar Now ကို ပြောသည်။ 

“NLD အောင်နိုင်ရေးမှာ ထမင်းကျွေးကြတယ်။ သူ (သေဆုံးသူအမျိုးသား) ချက်ပြုတ်ပေး၊ သွားကျွေးပေးတာ ပြီးသွားပြီ။ ၈ နာရီအထိပဲ လုပ်ရမယ်ဆိုလို့ အားလုံးသိမ်းဆည်းနေပြီ။ အဲ့ဒီသတ်မယ့်လူက ထမင်းလာဝင်စားတယ်။ သူ့ကိုလည်း ထမင်းကျွေးတယ်။ သူကလည်း တစ်ရွာတည်းသားပဲ။ သူတို့တွေက ကြံ့ခိုင်ရေးကို ဝန်းရံတဲ့သူတွေ” ဟု မထက်ထက်ထွန်းက ဆိုသည်။ 

သေဆုံးသူ ကိုအောင်ဇင်ဖြိုးကို သတ်ခဲ့သူများမှာ တစ်ရွာတည်းသားများဖြစ်ပြီး မည်သည့်ရန်ငြိုးရန်စမှ မရှိသော်လည်း ထိုသူများသည် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများဖြစ်သည်ဟုလည်း မထက်ထက်ထွန်းက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကန်ကြီးဒေါင့်မြို့နယ် တကုန်းကြီးကျေးရွာတွင် ရပ်ကွက် ၃ ခုရှိသည့်အနက် ၎င်းတို့ရပ်ကွက်သည် ရွေးကောက်ပွဲတိုင်းတွင် ပြည်ခိုင်ဖြိုးပါတီကို အရှုံးပေးခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲမှသာ ပထမဆုံးအကြိမ်အနိုင်ရသဖြင့် အကျွေးအမွေးဖြင့် အောင်ပွဲခံခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထမင်းစားပြီးချိန်တွင် ကိုအောင်ဇင်ဖြိုးကို လည်ပင်းဖက်၍ ရင်းနှီးသော အပေါင်းအသင်းသဖွယ် ခေါ်ဆောင်သွားပြီး နေအိမ်နှင့် ပေ ၅၀ ခန့်အကွာတွင် အတူပါလာသော အခြားအမျိုးသားနှစ်ဦးနှင့်အတူ ၎င်း၏ခင်ပွန်းကို ကျောက်ခဲဖြင့် ဝိုင်းဝန်းထုနှက်ခဲ့ကြောင်း မထက်ထက်ထွန်းက ပြောသည်။

“အဲ့လို ထုနေတဲ့အချိန်မှာ ဘယ်လိုအော်သလဲဆိုတော့ ငါက ကြံ့ခိုင်ရေး၊ ကြံ့ခိုင်ရေးဆိုပြီးတော့ အဲ့လိုထုတာ။ ကိုယ့်တစ်ရွာတည်းသားချင်း ဘာလို့လုပ်တာလည်းဆိုပြီး ထမင်းချက်တဲ့ အန်တီကြီးတွေက လာဆွဲတာ။ ဆွဲလည်းဆွဲရော ဘာပြောလည်းဆိုတော့ လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး၊ လုပ်ခိုင်းတဲ့သူရှိလို့ လုပ်တာလို့ အဲ့လိုပြောပြီးတော့ သူက ထွက်ပြေးဖို့ လုပ်တာ။ ဒီကလူတွေက အကုန်ဝိုင်းဖမ်းထားတာ” ဟု မထက်ထက်ထွန်းက ပြောသည်။

ကိုအောင်ဇင်ဖြိုးကို ရွာနှင့် ၉ မိုင်ခန့်ကွာဝေးသော ကန်ကြီးထောင့်ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံမရောက်မီမှာပင် အရိုက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု မထက်ထက်ထွန်းက ပြောသည်။

“ဘက်ဖက်မျက်လုံးတစ်လုံးက အထဲကို တော်တော်ကို ချိုင့်တယ်။ ဘယ်ဘက်နှာခေါင်းတစ်ခြမ်းက ကွဲသွားတယ်။ အစင်းလိုက်ကြီးကို ကွဲသွားတယ်။ အထဲကို ချိုင့်ပြီးတော့ ကျိုးနေတယ်။ တော်တော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်။ ကိုယ့်ယောက်ျားကို ဘယ်လိုမှ မမှတ်မိနိုင်လောက်တဲ့ အနေအထားဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

ကိုအောင်ဇင်ဖြိုးကို သတ်ဖြတ်ရာတွင် ပါဝင်နေသူများမှာ တစ်ရွာတည်းနေ ဝမ်ဂျူတီ (ခ) မင်းတင်၊ ကိုတရုတ်ကြီးနှင့် ကိုပြည့်စုံအောင်ဆိုသူများဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သူများအနက် အသက် ၃၈ နှစ်အရွယ် ဝမ်ဂျူတီ (ခ) မင်းတင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ကန်းကြီးထောင့်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်ပါဝင်သူများကိုမူ ဖမ်းဆီးခြင်းမရှိဘဲ ခေါ်ယူစစ်ဆေးခဲ့သည်ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက Myanmar Now ကို ပြောသည်။ 

ကိုအောင်ဇင်ဖြိုးသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှစ၍ NLD ပါတီဝင်ဖြစ်ခဲ့ပြီး ပါတီစည်းရုံးရေး လှုပ်ရှားမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသူဟု ဇနီးဖြစ်သူ မထက်ထက်ထွန်းက ဆိုသည်။ 

ထို့ပြင် ကိုအောင်ဇင်ဖြိုးကို သတ်ဖြတ်ခဲ့သူများသည် ပြည်ခိုင်ဖြိုးပါတီဝင် ဟုတ်၊ မဟုတ် သေချာမသိသော်လည်း ထိုသူများသည် ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးခရီးစဉ်များတွင် ပါဝင်လေ့ရှိသူများဟု ၎င်းက ဆိုသည်။ 

တကုန်းကြီး (၂) ခေါ်  စိန်ပန်းမြိုင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၈ နှစ်အရွယ်ရှိ ဦးအငယ်ကြီးကလည်း ကိုအောင်ဇင်ဖြိုးကို သတ်ဖြတ်ခဲ့သူများသည် ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ရာတွင် အစဉ်လိုက်ပါကြသူများဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံထောက်ခံသူများဖြစ်သည်ဟု အခိုင်အမာပြောဆိုသည်။

NLD ပါတီဝင် ကိုအောင်ဇင်ဖြိုး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ “သူတို့ကတော့ အဲ့ဒီမှာ သွားပြီး အတူတူအောင်ပွဲခံတဲ့သူတွေချည်းပဲ။ အနီလား၊ အစိမ်းလားဆိုတာတော့ သေချာမသိဘူး။ အခင်းဖြစ်သွားပြီးမှ ကျွန်တော်ရောက်သွားတာ။ သူတို့ ဘာဖြစ်တာ၊ ညာဖြစ်တာ ကျွန်တော်မသိဘူး” ဟု တကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးမျိုးကြီးက Myanmar Now ကို ပြောသည်။

ကိုအောင်ဇင်ဖြိုးကို သတ်ဖြတ်ခဲ့သူများသည် အတူအောင်ပွဲခံနေသူများဖြစ်သည်ဆိုသော ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်ကို NLD ပါတီကိုယ်စားပြုကာ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ကိုဝေယံအောင်က ငြင်းဆိုသည်။

“အခုဖမ်းထားတဲ့ထဲက တစ်ယောက်ဆိုရင် အဲ့ဒီတကုန်းကြီးမှာ ဟောပြောပွဲလုပ်တုန်းက ဟောပြောပွဲလုပ်တဲ့နေရာမှာ လာပြီးတော့ ကျွန်တော့်ကို ဆဲဖူးတယ်။ ကျွန်တော်ပြောနိုင်တာက သူတို့သည် NLD ပါတီဝန်းရံသူတွေ လုံးဝမဟုတ်ဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။

တကုန်းကြီးကျေးရွာ မဲရုံအမှတ်(၁) တွင် ပြည်ခိုင်ဖြိုးပါတီကို အစဉ်အဆက်ရှုံးလာခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နေရာအတွက် ၁၅ မဲ အသာဖြင့် အနိုင်ရခဲ့သည်ဟုလည်း ကိုဝေယံအောင်က Myanmar Now ကိုပြောသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ခင်စောမူက “အနီမဟုတ်ရင် အစိမ်းပြောမှာပဲ။ အစိမ်းကခံရရင်တော့ အနီလာလုပ်တယ် ပြောမှာပဲ။ အနီကခံရရင်လည်း အစိမ်းလုပ်တယ်ပေါ့နော်။ တစ်ဖက်ကဖြစ်ရင် တစ်ဖက်ကို စွပ်စွဲလိုက်တာပေါ့။ မှန်မမှန်တော့လည်း ကျမတို့လည်း မသိဘူး” ဟု ဆိုသည်။ 

ရွေးကောက်ပွဲအပြီး အနိုင်အရှုံးကွဲပြားသွားသည့်တိုင် NLD ဘက်က အောင်ပွဲခံမှုများ ရက်ဆက်လုပ်လာခြင်းက လူအချို့ကို မခံချင်စိတ်များပေါက်ဖွားလာစေသည်ဟုလည်း ဒေါ်ခင်စောမူက ပြောသည်။

“ကျမတို့ဒေသအတွက် လူကောင်းလူတော် ဆုံးရှုံးရတယ်ဆိုတဲ့ ခံစားချက်နဲ့ ငိုယိုပြီးတော့ တချို့ အိမ်ထဲကအိမ်ပြင် ထွက်ချင်စိတ်ပျောက်နေတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ အဲ့လိုဖြစ်နေတဲ့အနေအထားမှာ တစ်ဖက်က တခြိမ့်ခြိမ့်အောင်ပွဲခံလို့ မဆုံးဘူး” ဟု ၎င်းက ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်သောကြောင့် NLD ပါတီကို ဝန်းရံရခြင်းဖြစ်သည်ဟု သေဆုံးသူ ကိုအောင်ဇင်ဖြိုး၏ ဇနီးဖြစ်သူ မထက်ထက်ထွန်းက ပြောသည်။

“ဘယ်အစိုးရလက်ထက်မှာမှ ပြည်သူ့အတွက်ဆိုပြီး ဒီလိုမျိုးထောက်ပံ့ပေးဖူးတာ ရှိခဲ့ဖူးလို့လဲ။ အဲ့ဒါလေး တစ်ချက်ကိုပဲ ယှဉ်ကြည့်။ နောက်ပိတ်ဆုံး အစ်မတို့ကလေးတွေ ပညာရေးကအစ။ အစ်မတို့ခေတ်တုန်းက ကျောင်းအပ်တာ အနည်းဆုံး လေးငါးရှစ်ထောင်ရှိမှ ကျောင်းတက်ခွင့်ရတာလေ။ အခုဆို ဘာမှမကုန်ဘူး။  အဝတ်အစားဆိုလည်း ထုတ်ပေးတယ်။ အဝေးကြီးမကြည့်နဲ့ နီးနီးလေးပဲ ကြည့်လို့ရတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles