အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ထောင်ဒဏ် ထပ်တိုးခံရပြီး အဒေါ် ဖြစ်သူပါ အဖမ်းခံရ

စစ်ကောင်စီက ထောင် ၅ နှစ်ချထားသော ကျောင်းသားခေါင်းဆောင် မဆုရည်လင်းကို ၁၀ နှစ် ထပ်ချလိုက်ပြီး တရားရုံးသို့လာသော သူ၏ အဒေါ်ဖြစ်သူကိုပါ ဖမ်းဆီးလိုက်သည်။

ထောင် ၅ နှစ်ကျခံနေရသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဆုရည်လင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်လိုက်သည်ဟု သိရသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ခေါ် လင်းလင်းသည် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တွင် ပါဝင်သည်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံအားပေးသည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ထပ်ချခြင်း ဖြစ်သည်ဟု သူ၏ အမှုတွဲဟောင်း ကိုဇော်လင်းထွဋ်က ပြောသည်။

“NUG နဲ့ အဆက်အသွယ်ရှိတယ်၊ ပူးပေါင်းပြီး မြေပြင်သပိတ်တွေမှာ ထောက်ခံအားပေးတယ်ပေါ့၊ အဲဒီ စွပ်စွဲချက်နဲ့ပါ” ဟု ကိုဇော်လင်းထွဋ် ခေါ် ကိုဖိုးသားက ပြောသည်။

အမှုဖွင့်သူမှာ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်နိုင်မိုး ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၃ ခုနှစ် ဩဂုတ်တွင် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည့် ထိုပုဒ်မဖြင့် ထပ်မံတရားစွဲရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲသို့အသွား မလင်းလင်းနှင့် ကိုဇော်လင်းထွဋ်တို့ စတင် ဖမ်းဆီးခံရသည်။

၂၀၂၂ ခုနှစ် မတ် ၃၁ တွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံခဲ့ရသည်။ ကိုဇော်လင်းထွဋ်မှာ ၂၀၂၃ ခုနှစ် မေ ၅ ရက်နေ့က ပြန်လွတ်လာခဲ့သည်။

၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းတွင် မဆုရည်လင်းကို မှတ်ပုံတင်အတုပြုလုပ်သည်ဆိုကာ လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုတို့ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဒေါ်ဖြစ်သူလည်း ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ သွားရောက်သည့် အဒေါ်ဖြစ်သူ ဒေါ်နီမိုလှိုင်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု မိသားစုဝင်နှင့် ရင်းနှီးသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဖုန်းသိမ်းပြီးတော့ သင်္ဃန်းကျွန်းရဲစခန်းကို တစ်ခါတည်း ဖမ်းခေါ်သွားတယ်၊ အခုတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရမန်ယူဖို့ လုပ်နေတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးလိုက်သည်ကို မသိရသေးပေ။

ခရိုင်တရားရုံးသို့ ရောက်သော အမှုများမှာ အမှုကြီးများသာ ဖြစ်သည်။

အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်သည့် ဒေါ်နီမိုလှိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

ဒေါ်နီမိုလှိုင်သည် ယခင်စစ်ဗိုလ်ချုပ်များလက်ထက်တွင်လည်း ဖမ်းဆီးခံရဖူးပြီး အင်းစိန််ထောင်၊ သရက်ထောင်တို့တွင် ချုပ်နှောင်ခံခဲ့ရဖူးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဖေဖော်ဝါရီလ ၂၉ ရက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် လူပေါင်း ၂၀၁၅၆ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ၈၈၂၃ ဦးကို ထောင်ဒဏ်များ ချမှတ်ထားသည်ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles