အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းစိန် GTI ကျောင်းသားများ အသံတိတ်သပိတ်တွင် ပါဝင်မှုဖြင့် ရိုက်နှက်ခံရ

အင်းစိန်စက်မှုလက်မှုသိပ္ပံ​ (GTI) မှ ကျောင်းသားများ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျောင်းတက်ရန် ငြင်းဆန်ခဲ့ပြီးနောက် စစ်ကောင်စီက ထိုကျောင်းသားများကို အငြိုးထားကာ နှိပ်ကွပ်နေသည်။

ရန်ကုန်မြို့ အင်းစိန်စက်မှုလက်မှုသိပ္ပံ​ (GTI) မှ ကျောင်းသားများသည် အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ်အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ကျောင်းတက်ရန် ငြင်းဆန်ခဲ့ပြီးနောက် စစ်ကောင်စီက ကျောင်းသားများကို အငြိုးထားကာ ဖမ်းဆီးရိုက်နှက်နေကြောင်း အင်းစိန် GTI ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များထံမှ သိရသည်။

အသံတိတ်သပိတ်ပြီး နောက်တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကျောင်းရှေ့တွင် လာရောက်စောင့်နေခဲ့သည်၊ ည ၇ နာရီခန့်တွင် စျေးဝယ်ထွက်သည့် ကျောင်းသား ၆ ဦးကို ကျောင်းရှေ့ရှိ ပြည်တော်သာကားမှတ်တိုင်တွင် အကြောင်းပြချက် မရှိဘဲ ဖမ်းဆီး ရိုက်နှက်ခဲ့သည်ဟု အင်းစိန် GTI ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျောင်းသားတွေကို အင်းစိန်ထောင်ကို ပို့မယ်ဆိုပြီးတော့ ကားပေါ်တင်တယ်။ သူတို့ (စစ်တပ်က) အထက်လူကြီးကို ဆက်သွယ်ချိန်မှာ ပြန်လွှတ်ခိုင်းတော့ ပြန်ရောက်လာကြတယ်။ ၆ ယောက်ပေါ့။ မျက်စိထိုးခံထားရတယ်။ စစ်ဖိနပ်နဲ့ ကန်ခံထားရလို့ နံရိုးကျိုးတာလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

အသံတိတ်သပိတ် ဆင်နွှဲသည့်နေ့တွင် အင်းစိန် GTI ကျောင်းသာအများစုသည် ကျောင်းခန်းထဲသို့ ရောက်မလာကြသဖြင့် စာသင်ခန်းများ ပိတ်ထားခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထား၊ ကျွန်တော်တို့ ဘယ်လိုရပ်တည်သလဲဆိုတာက ၁ ရက်နေ့မှာ အသံတိတ်သပိတ်နဲ့ ပြခဲ့ပြီးပြီဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းတက်တယ်ဆိုတာက သူတို့ကို ထောက်ခံလွန်းလို့ တက်တာမဟုတ်ဘူး” ဟုလည်း အင်းစိန် GTI ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျောင်းမတက်ရန် တိုင်ပင်ကြသည့် ကျောင်းသားများ၏ Group Chat ထဲမှ ပြောစကားများသည် စစ်ကောင်စီက ထောက်ပံ့ထားသည့် တယ်လီဂရမ်ချန်နယ်များသို့ ပေါက်ကြားခဲ့ပြီး ထိုကျောင်းသားများကို ဖမ်းဆီးရန်လည်း လှုံ့ဆော်ရေးသားခဲ့ကြသည်။

ရိုက်နှက်ခံခဲ့ရသည့် ကျောင်းသာများထဲတွင် ရခိုင်တိုင်းရင်းသား ၂ ဦးပါဝင်ပြီး စစ်သားများက ၎င်းတို့ ၂ ဦးကို လူမျိုးရေးခွဲခြားဆက်ဆံသည့် စကားလုံးများသုံးကာ ရိုက်နှက်ခဲ့သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) များအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

“ဒီလုပ်ရပ်က လူမျိုးစု၊ လူနည်းစုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဖိနှိပ်တဲ့ ဟိုအရင်ကတည်းက သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်။ ဒီလုပ်ရပ်တွေအတွက် စစ်ကောင်စီအနေနဲ့ အပြည့်အဝ တာဝန်ခံရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

၁၈၉၅ ခုနှစ်ကတည်းက ရန်ကုန်မြို့ လမ်းမတော်ဘူတာရုံ အနောက်ဘက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၀၈ ခုနှစ်တွင် အင်းစိန်ရွာမရှိ လက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့သည့် အင်းစိန် GTI ကျောင်းသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး စက်မှုကျောင်းဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် ထိုကျောင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ငှားရမ်းခြင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ဆန့်ကျင်သူများကို နှိပ်စပ်ညှဉ်းပန်းသည့် အကျဉ်းစခန်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် စက်မှုကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အကြမ်းဖက်နေရာ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄၄၇၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၅၉၅၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၂ တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button