အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

မာန်အောင်ရှိ ကျေးရွာတစ်ရွာတွင် NLD အောင်နိုင်ရေးဆိုင်းဘုတ်ထူခွင့်မရ 

ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ NLD ပါတီအောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူအချို့ လာရောက်ဟန့်တားခဲ့သည်ဟု NLD ၏ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ထိပ်ထားလှိုင်က ပြောသည်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်အချို့ စက်တင်ဘာ ၂၀ နေ့လယ်ပိုင်းတွင် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာသို့ ပါတီအောင်အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူရန် သွားရောက်ခဲ့သည်။

ဆိုင်းဘုတ်စိုက်ထူမှုကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ လာရောက်ဟန့်တားသဖြင့် အချေအတင်စကားများခဲ့ပြီး ဆိုင်းဘုတ်ကို ပြန်လည်ဖြုတ်ယူခဲ့ရသည်ဟု ဒေါ်ခင်ထိပ်ထားလှိုင်က ဆိုသည်။

ဆိုင်းဘုတ်စိုက်ထူရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အပါအဝင် သက်ဆိုင်ရာကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားကာ ဥပဒေအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်မတို့က အများပြည်သူပိုင်နေရာမှာ ဆိုင်းဘုတ်တင်လိုက်တယ်။ တင်လိုက်တော့ လူတစ်အုပ်စုနဲ့ အုပ်ချုပ်ရေးမှူးက လိုက်လာပြီး ဒီနေရာမှာ လုံးဝလုပ်လို့မရဆိုပြီး ကန့်ကွက်တယ်” ဟု ဒေါ်ခင်ထိပ်ထားလှိုင်က ဆိုသည်။

ပါတီဝင်များနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့တို့ကြား ပြဿနာဖြစ်မည်ကို စိုးရိမ်သဖြင့် ဆိုင်းဘုတ်ကို ပြန်လည်ဖြုတ်ယူခဲ့ကြောင်း ၎င်းကပြောသည်။ 

“ကျွန်မက အရာရာတိုင်းကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တဲ့အတွက် ဥပဒေဘောင်ထဲက အဲဒီနေရာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရဲ့စည်းမျဉ်းစည်းကမ်းကိုလည်း လိုက်နာတယ်။ သူတို့တွေက ဒီနေရာမှာ မကောင်းဘူးဆိုရင် ကျွန်မတို့က အာဏာရှင်ဆန်ဆန်နဲ့ ငါတို့ လုပ်မယ်ဟေ့ဆိုပြီး မလုပ်ခဲ့တဲ့အတွက် ဂုဏ်သိက္ခာရှိရှိနဲ့ ဆိုင်းဘုတ်ကို ပြန်ဖြုတ်ချခဲ့တယ်” ဟု ဒေါ်ခင်ထိပ်ထားလှိုင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အားကောင်းသည့် မာန်အောင်မြို့နယ်အတွင်း NLD သည် ကျေးရွာ ၂၀ နီးပါးတွင် အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူပြီးခဲ့ပြီး အဆိုပါ သစ်ပုံကျေးရွာတွင်သာ ကန့်ကွက်မှု ကြုံရခြင်းဖြစ်ကြောင်းလည်း ဒေါ်ခင်ထိပ်ထားလှိုင်က ဆိုသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သစ်ပုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုဝင်းကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

NLD ပါတီကို မကြိုက်သောကြောင့် ဆိုင်းဘုတ်ထောင်ခြင်းကို ကန့်ကွက်ခြင်းမဟုတ်ဘဲ ရွာသားများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း မရှိသောကြောင့်သာဖြစ်သည်ဟု သွားရောက်ဟန့်တားခဲ့သည့် အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ရွာမှာ ဘယ်ပါတီမှ ဗီနိုင်းမထောင်သေးဘူး။ ပြီးတော့ ဘယ်နေရာမှာ ထောင်မလဲဆိုတာကိုလည်း သတ်မှတ်ထားတာ မရှိသေးဘူး။ အဲဒါကြောင့် ထောင်ခွင့်မပြုတာ” ဟု ထိုသူက Myanmar Now ကို ပြောသည်။

အခြားမည်သည့်ပါတီမဆို ဆိုင်းဘုတ်လာထောင်မည်ဆိုပါက ရွာသားများ၏ ခွင့်ပြုချက်ရယူရန် လိုသည်ဟုလည်း ဆိုသည်။

“ဗီနိုင်းထောင်ဖို့ ကိစ္စကို သစ်ပုံရွာရဲ့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရင် အုပ်ချုပ်ရေးမှူးက ရွာသားတွေကို တိုင်ပင်ရမယ်။ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ ကွင်းဆင်းနေရတဲ့ အချိန်ဖြစ်ပါတယ်။ ဥက္ကဋ္ဌက သစ်ပုံရွာမှာ မရှိပါ။ သူတို့က အုပ်ချုပ်ရေးမှူးရောက်အောင်လည်း မစောင့်ပါ။ သူတို့သဘောထားနဲ့ သူတို့ စိုက်ထူတာပါ” ဟု ထိုသူက ဆိုသည်။ 

သစ်ပုံကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိကာ မာန်အောင်မှ ၁၂ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်  NLD သည် မာန်အောင်မြို့နယ်၌ အမျိုးသားလွှတ်တော်နေရာမှလွဲလျှင် ကျန်သုံးနေရာတွင် အနိုင်ရရှိခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ်၌ NLD အပါအဝင် ရခိုင်အမျိုးသားပါတီ (ANP) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ( ALD) ရခိုင့်ဦးဆောင်ပါတီ (AFP) ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ( USDP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တို့ အကြိတ်အနယ် ယှဉ်ပြိုင်မည်ဖြစ်သည်။

လူဦးရေ ၆,၅၀၀ ကျော်ရှိသည့် မာန်အောင်မြို့နယ်သည် မြို့ပေါ်ရပ်ကွက်ငါးခု၊ ကျေးရွာအုပ်စု ၃၆ အုပ်စုရှိကာ ကျေးရွာ စုစုပေါင်း ၁၃၇ ရွာရှိသည်။

NLD သည် ရခိုင်တောင်ပိုင်းမြို့နယ်အချို့တွင် စက်တင်ဘာ ၈ တွင် စတင်မဲဆွယ်နေပြီဖြစ်ကာ ယခုရက်ပိုင်းအတွင်း တောင်ကုတ်မြို့နယ်တွင် စိုက်ထူထားသည့် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရမှုများရှိခဲ့သည်။ 

သို့သော် အဆိုပါဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ ကျူးလွန်သူကို သိရသေးဟု NLD ပါတီကိုယ်စားလှယ်လောင်းများက ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button