အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ဦးမြို့နယ်တွင် သွားလာနေသည့် စစ်ကောင်စီရဲများကို AA ဖမ်းခေါ်သွား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် သွားလာနေသည့် ကားထဲမှ ရဲများကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရက္ခိုင့်တပ်တော် (AA) က ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံရဲများကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ (နိုဝင်ဘာ ၇) နေ့လယ်ပိုင်းတွင် ထိန်းသိမ်းလိုက်သည်။

ရဲအရေအတွက်မှာ ၇ ဦးခန့် ရှိပြီး ညနေ ၃ နာရီခန့်က မြို့မြောက်ဘက် ထမ္မရာဇ်ဆင်းလမ်းတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းမြစ်များကို ကိုးကား၍ ဒေသတွင်းရခိုင်သတင်းဌာန DMG က ရေးသားသည်။

AA ပြောခွင့်ရအရာရှိ ဦးခိုင်သုခက စစ်ကောင်စီလက်အောက်ခံရဲများကို ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

“ဒီနေ့ မြောက်ဦးမြို့မှာ အရပ်ဝတ်တွေ ဝတ်ပြီးတော့ အိမ်စီးကားနဲ့ လှည့်ပတ်သွားလာနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတချို့ကို ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ဘက်က ယာယီထိန်းသိမ်းထားပြီးတော့ ခေါ်ယူမေးမြန်းနေတာ ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖမ်းဆီးလိုက်သည့် ရဲအရေအတွက် အတိအကျနှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

စစ်ကောင်စီသည် ရခိုင်ပြည်နယ် မြို့ပေါ်ရပ်ကွက်များတွင်သာ ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်ဒေသအများအပြားတွင် AA အဖွဲ့က သြဇာကြီးမားစွာဖြင့် ဝင်ရောက် ထိန်းချုပ်ထားသည်ကို တွေ့ရသည်။ AA အဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင်လည်း ဝင်ရောက်လှုပ်ရှားမှု ရှိနေသည်ကို သတင်းများတွင် တွေ့နေရသည်။

ရဲများသည် အာဏာသိမ်းစစ်တပ်နှင့်အတူ နိုင်ငံအနှံ့မှ ဆန့်ကျင်သူများကို ရက်စက်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လေ့ရှိသည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရန်ကုန်၊ သာကေတမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

စစ်ကောင်စီနှင့် AA တို့သည် ရခိုင်ပြည်နယ်တွင် အပစ်ရပ်ထားကြသော်လည်း AA တပ်ဖွဲ့ဝင်တို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်ထဲမှ KIA ၏ စစ်ဆင်ရေးတို့တွင် ပါဝင်တိုက်ခိုက်နေသည်။

စစ်ကောင်စီနှင့် AA တို့သည် ၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့မှစတင်ပြီး ရခိုင်နှင့် ပလက်ဝတို့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ အာဏာမသိမ်းခင် လပိုင်းအလို ၂၀၂၀ နိုဝင်ဘာတွင် ပထမအကြိမ် အပစ်ရပ်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ သြဂုတ်လဆန်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တစ်ကျော့ပြန်တိုက်ပွဲများ စတင်ပြီး လေးလခန့်အကြာ ၂၀၂၂ နိုဝင်ဘာတွင် နောက်တစ်ကြိမ် အပစ်ရပ်ခဲ့ကြပြန်သည်။

အပစ်ရပ်သဘောတူညီမှု နှစ်ခုစလုံးတွင် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ကြားဝင်စေ့စပ်ပေးခဲ့ပြီး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် အပစ်ရပ်ထားကြသည်ဟု ယုံကြည်ရသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲသူများနှင့် KIA ကို တန်ပြန်ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်က နိုဝင်ဘာ ၂ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် ကြုံးဝါးပြောဆိုခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) အမည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

သူ၏ ဝါဒဖြန့်ချိရေးအရာရှိနှင့် စာစောင်များက ၁၀၂၇ စစ်ဆင်ရေးကို ကန့်ကွက်ပြောဆို ရေးသားရာတွင်လည်း အခြားအဖွဲ့များ၏ အမည် ပါဝင်သော်လည်း AA တပ်ဖွဲ့အမည်ကို ချန်လှပ်ထားသည်ကို တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button