အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဧရာဝတီတိုင်းတွင် နှစ်လအတွင်း အလုပ်သမား ၄၀၀၀ ကျော်အလုပ်လက်မဲ့ဖြစ်

ကိုဗစ်နိုင်တင်းဂယက်ကြောင့် စက်ရုံပိတ်သိမ်းခြင်း၊ လုပ်သားအင်အားလျှော့ခြင်းတို့ ဖြစ်ပေါ်ခဲ့၍ ဧရာဝတီတိုင်းတွင် နှစ်လအတွင်း အလုပ်သမား လေးထောင်ကျော် ယာယီအလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကဆိုသည်။

ကိုဗစ်နိုင်တင်းဂယက်ကြောင့် ကုန်ကြမ်းရရှိရန် အခက်အခဲရှိခြင်း၊ အထည်များတင်ပို့ရန် အခက်အခဲရှိခြင်း၊ တို့ကြောင့် စက်ရုံတစ်ရုံပိတ်သိမ်းပြီး၊ စက်ရုံနှစ်ရုံမှ လုပ်သားအင်အားထက်ဝက်နီးပါးစီ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

စက်ရုံများတွင် အလုပ်သမားလျှော့ချမှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဖြစ်ပွားလျက်ရှိပြီး စက်ရုံလုပ်သား တစ်သောင်းခန့် ယခုနှစ်ဆန်းပိုင်းတွင် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

ဖေဖော်ဝါရီလအတွင်း ကန်ကြီးထောင့်စက်မှုဇုန်ရှိ ဟွာမန်အထည်ချုပ်စက်ရုံ ပိတ်သိမ်းခဲ့သည့်အတွက် အလုပ်သမား တစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းနောက်တွင် ပုသိမ်စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမား နှစ်ထောင့်ကိုးရာကျော်နှင့် AMAVA အထည်ချုပ်စက်ရုံက အလုပ်သမား လေးရာကျော်တို့ကို မတ်လကုန်တွင် အလုပ်ရပ်နားလိုက်သည်။

သို့သော် စက်ရုံပြန်လည်လည်ပတ်ပါက လျှော့ချခဲ့သည့် လုပ်သားများအား မူလရာထူးအတိုင်း ပြန်လည်ခန့်အပ်ရန် အလုပ်ရှင်၊ အလုပ်သမားများညှိနှိုင်ဆွေးနွေးရာ သဘောတူညီမှုရရှိခဲ့သည်ဟု လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။

AMAVA စက်ရုံမှ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိမွန်စိုးက “ကိုဗစ်ရောဂါဂယက်ကြောင့် အထည်တွေ တင်ပို့လို့ မရတာကြောင့် လုပ်သားအင်အားလျှော့တယ်လို့ စက်ရုံပြောတယ်။ ထက်ဝက်နီးပါးလောက် လျှော့တာဖြစ်ပြီး လုပ်သက်အနည်းဆုံးသူတွေကို လျှော့လိုက်တာပါ” ဟုဆိုသည်။

လုပ်သားအင်အား လျှော့ချခြင်းနှင့်ပတ်သက်ပြီး စက်ရုံများဘက်သို့ မေးမြန်းရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။

ကိုဗစ်နိုင်တင်းဂယက်ကြောင့် စက်ရုံများ ပိတ်သိမ်းခြင်း၊ လုပ်သားအင်အားလျှော့ချခြင်းများရှိနေသလို စက်ရုံတွင် အလုပ်ဆင်းနေရဆဲဖြစ်သည့် အလုပ်သမားများကလည်း ကိုဗစ်နိုင်တင်း ကူးစက်ခံရမည်ကို စိုးရိမ်နေကြောင်း အလုပ်သမားအရေး လှုပ်ရှားနေသည့်အဖွဲ့အစည်းများက ဆိုသည်။

အလုပ်သမားအချင်းချင်း သွေးစည်းညီညွတ်ရေးအဖွဲ့ခေါင်းဆောင် ဒေါ်ခခ က” ထိုင်းပြန်တွေက စက်ရုံက မိသားစုဝင်တွေထဲမှာလည်း ရှိနေတဲ့အခါကျတော့ ကူးစက်နိုင်မှုက အမြင့်ဆုံးဖြစ်နိုင်တယ်။ သူတို့တွေလည်း ဒါကို စိုးရိမ်နေတယ်” ဟုပြောသည်။

ကိုဗစ်နိုင်တင်း ကာကွယ်နိုင်ရန်အတွက် စက်ရုံများတွင် လုပ်ဆောင်ရမည့်အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၁၉ က ထုတ်ပြန်ထားသော်လည်း စက်ရုံများဘက်မှ လိုက်နာမှုအားနည်းနေသည်ဟု ဒေါ်ခခ ကပြောသည်။

“အပူချိန်တိုင်းတာ၊ လက်ဆေးဆပ်ပြာတွေ ထားပေးထားဖို့ဆိုတာတွေကို စက်ရုံတွေဘက်က လေးစားလိုက်နာမှု အရမ်းအားနည်းတယ်။ ဝင်ရောက်စိစစ်မယ့် အဖွဲ့မရှိတဲ့အတွက် ခုလိုအားနည်းနေတာ” ဟု ဒေါ်ခခကဆိုသည်။

ယင်းကြောင့် စက်ရုံများတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးအတွက် လုပ်ဆောင်မှုများအား အစိုးရမှ ကြပ်မတ်ပေးရန် ဧရာဝတီတိုင်းအစိုးရထံ မတ် ၃၀ က စာတင်ထားသည်ဟု ၎င်းကပြောသည်။

သို့သော် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကတော့ ကိုဗစ်နိုင်တင်းကာကွယ်ရေးနှင့်ပတ်သက်ပြီး စက်ရုံများဘက်မှ လက်ဆေးရန် စီစဉ်ပေးခြင်းအပါအဝင် လုပ်ဆောင်မှုများရှိနေပြီး ၎င်းတို့အနေနှင့်လည်း ပုံမှန်စစ်ဆေးလျက်ရှိသည်ဟု ပြောသည်။

ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ ၊ အလုပ်ရုံများ ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် အမှတ် ၂ ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မတ် ၃၀ တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အလုပ်သမားများ အလုပ်တက်/ဆင်း ပြုလုပ်ရန် ဝန်ထမ်းကြိုပို့ယာဉ် ထားရှိပေးရန်၊ ယာဉ်ပေါ်တွင် လက်သန့်ဆေးရည်၊ ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်းတို့ လုံလောက်စွာထားပေးရန်၊ လူစုလူဝေး မဖြစ်စေရန် အလုပ်တက်/ဆင်းချိန် ခွဲခြားသတ်မှတ်ပေးရန်၊ ကိုယ်အပူချိန်တိုင်းရန်၊ လက်ဆေးရန်နေရာများ လုံလောက်စွာစီစဉ်ပေးရန် စသဖြင့် လုပ်ဆောင်ရန်အချက်များစွာ ပါရှိသည်။

ဧရာဝတီတိုင်းအတွင်း ကန်ကြီးထောင့်စက်မှုဇုန်တွင် စက်ရုံတစ်ရုံ၊ ပုသိမ်စက်မှုဇုန်တွင် စက်ရုံ ကိုးရုံရှိပြီး အလုပ်သမားအင်အား တစ်သောင်းခွဲကျော်ရှိကြောင်း တိုင်းအစိုးရ၏ အချက်အလက်များအရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button