
7 Julyနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ချီတက်ခဲ့သည့် ကျောင်းသားများထဲမှ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၂ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၇ ရက်စီ ချမှတ်ကြောင်း လှိုင်မြို့နယ်တရားသူကြီးက ယနေ့ ဆုံးဖြတ်လိုက်သည်။
၂၀၁၉ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် 7 July အထိမ်းအမှတ် ချီတက်လမ်းလျှောက်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၆ ဦးကို ကမာရွတ်မြို့နယ်တရားရုံးနှင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၂ ဦးကို လှိုင်မြို့နယ်တရားရုံးတို့၌ ပုဒ်မ ၁၉ ဖြင့် ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
တရားစွဲခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းဟန်ထက်နှင့် ကိုဇင်မင်းဖြိုးတို့သည် အာမခံ မယူခဲ့သဖြင့် အင်းစိန်ထောင်မှ အချုပ်ဖြင့် ၁ လ ကြာ တရားရင်ဆိုင်ပြီးနောက် ထောင်ဒဏ် ၇ ရက် ချမှတ်ခံရခြင်းဖြစ်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့် ပြုခဲ့သည်။
ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၆ ဦးမှာ ကမာရွတ်မြို့နယ်တရားရုံးတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားရင်ဆိုင်နေဆဲ ဖြစ်သည်။
ထောင်ဒဏ် ၇ ရက် ချမှတ်ခံရသော်လည်း ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့် ပြုသဖြင့် ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့မှာ ယနေ့ လွတ်မြောက်လာပြီဖြစ်သည်။
၎င်းတို့ နှစ်ဦးအား ထောင်ဒဏ် ၇ ရက် ချမှတ်ခြင်းမှာ ယခင်က ပြစ်မှု ကျူးလွန်ထားမှု မရှိခြင်း၊ ယခု 7 July ပြစ်မှုမှာ ပထမအကြိမ် ကျူးလွန်ခြင်းဖြစ်၍ ပြင်းထန်သည့် အမိန့်ကို မချမှတ်ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ်တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။
ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ မှာ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ၃လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ သုံးသောင်းကျပ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ယင်းပြစ်မှုကိုပင် နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထောင်ဒဏ် ၇ ရက် ချမှတ်ခံရပြီး လွတ်မြောက်လာသူ ကိုဇင်မင်းဖြိုးက “ကျွန်တော်တို့ လမ်းလျှောက်တာက ဆန္ဒထုတ်ဖော်တာ မဟုတ်ဘူး။ ၁၉၆၂ ခုနစ် 7July မှာ ကျဆုံးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ဖြိုခွဲခံရတဲ့အတွက် အောက်မေ့ သတိရတဲ့အတွက် တရားမျှတမှု မရသေးတဲ့အတွက် တရားမျှတမှု ရပါစေဆိုပြီး လမ်းလျှောက် ချီတက်တာ ဖြစ်တယ်။ အဲဒါကို ဒီလိုအမိန့်ချတယ်ဆိုတာ အသက်ညှာဆုံးလို့ ပြောလို့ရပါတယ်။ သို့ပေမဲ့ ဒီအမှုက စပြီးတရားစွဲ ကတည်းက မှားယွင်းတဲ့ တရားစွဲဆိုမှုလို့ ကျွန်တော်တို့ ယူဆတယ်” ဟု ပြောကြားခဲ့သည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာ (သမဂ္ဂမြက်ခင်းပြင်)ကို ဗကသများအဖွဲ့ချုပ်က စိုက်ပျိုးရေးမှတ်တိုင်မှ လမ်းလျှောက်ချီတက်ခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အင်းလျားကန်ပေါင်မှ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဆန္ဒပြကျောင်းသားများကို ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းစစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒိုင်းနမိုက်ဖြင့် ဖြိုချပစ်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားအများအပြား သေဆုံးခဲ့ရသည့် ယင်းဖြစ်ရပ်ကို 7 July အဖြစ် သတ်မှတ်ပြီး ယနေ့တိုင် ကျင်းပခဲ့ကြသည်။



