အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီတွင် ရေဘေးသင့်ပြည်သူ နှစ်သောင်းကျော်အထိရှိလာပြီး နှစ်ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ နှစ်သောင်းကျော် ရေဘေးကြုံတွေ့နေရပြီး သေဆုံးသူ နှစ်ဦး ရှိသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

ရေကြီးနစ်မြုပ်နေသော တနင်္သာရီမြို့နယ်အတွင်း ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၇ခု ဖွင့်လှစ်ထားရပြီး ရေဘေးသင့်ပြည်သူများအနက် လူဦးရေ ခြောက်ထောင်ကျော်မှာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်မှုများကြောင့် စာသင်ကျောင်း ၄၄ ကျောင်းကိုလည်း ယာယီပိတ်ထားရသည်ဟု ဦးရဲမြင့်ဆွေက ပြောသည်။

“ခြောက်ထောက်ကျော် ပြောင်းရွှေ့ရတဲ့အထဲက ၁၃၆၉ ဦးက ကယ်ဆယ်ရေးစခန်းမှာ ရောက်နေရတယ်။ တချို့လည်း နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြတယ်။ ဒီနေ့တော့ ရေက နှစ်လက်မလောက် ပြန်ကျတယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော တပ်မတော်သားတစ်ဦးသည် ဩဂုတ်လ ၁၂ရက်နေ့က ရေစီးတွင် မျောပါသေဆုံးသွားခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အလောင်းကို ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း၊ အလားတူ ဩဂုတ်လ ၁ဝ ရက်နေ့ကလည်း အသက်၂နှစ်အရွယ် မိန်းကလေးတစ်ဦး ရေမျောသေဆုံးသွားခဲ့ကြောင်း ဦးရဲမြင့်ဆွေက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိုးကြီးမှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူ၊ လောင်းလုံ၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီနှင့် မြိတ်မြို့နယ်တို့၌ ရေဘေးကြုံတွေ့နေပြီး မြေပြိုခြင်းနှင့် တောင်ကျရေ တိုက်စားခြင်းကြောင့် လူနေအိမ်များ၊ အဝေးပြေးကားလမ်းမများနှင့် တံတားပျက်စီးမှုများ ဖြစ်ပေါ်နေသည်။ မြေပြိုမှုကြောင့် လူနေ အိမ် ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်လည်း ရေကြီးမှုနှင့် တောင်ပြိုကျမှုများကြောင့် သောက်သုံးရေပြတ်လပ်မှုနှင့် စားနပ်ရိက္ခာလိုအပ်မှုများ ဖြစ်ပေါ်နေသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ  ဦးအောင်လွင်က ပြောသည်။

ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်အတွင်း တောင်ပြိုမှုများကြောင့် ရေဖြူမြို့နယ် ကံပေါက်ဒေသ ထမင်းဆိပ်၊ ပိုက်တဲလေးနှင့် ကင်းတောင်ကျေးရွာများတွင် ကျေးရွာများသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းများ ပျက်စီးခြင်းနှင့် ရေတွင်းများ ပျက်စီးသွားသဖြင့် သောက်ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။

“ရေပိုက်လိုင်းဆက်ဖို့ ပစ္စည်းတွေကတော့ ရောက်ပြီ။ ဒီနေ့ညနေပိုင်းလောက် အပြီးတပ်ဆင်နိုင်အောင် ဆောင်ရွက်နေတယ်။ မြေပြိုလို့ ပြောင်းရွှေ့ထားရတဲ့ အိမ်တွေကတော့ နေလို့မရသေးဘူး။ လောလောဆယ် ကယ်ဆယ်ရေးစခန်းမှာပဲ” ဟု ဦးအောင်လွင်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး( UN OCHA Myanmar)က ဩဂုတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသည့်စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၈၀,၀၀၀ ကျော်သည် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း ထုတ်ပြန်သည်။ ထို့အပြင် ဩဂုတ်လ ၉ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြေပြိုမှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကာ လူအများအပြား ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် ရုတ်တရက် မြစ်ရေကြီးခြင်း၊ တောင်ကျရေများစီးဆင်းခြင်း၊ တောင်ပြိုခြင်းစသည့် သဘာဝဘေးဒဏ်များကို ခံစားနေရပြီး အထူးသဖြင့် မွန်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၈ မြို့နယ်၊ ရပ်ကွက်ပေါင်း ၂၀ ရပ်ကွက်၊ ကျေးရွာပေါင်း၁၄ ရွာတို့ရှိ အိမ်ထောင်စုပေါင်း ၅၉၉၇ စုနှင့် လူဦးရေ ၂၅၂၁၁ ဦး သဘာဝဘေးအန္တရာယ်ကို ခံစားနေရကြောင်း ပြောဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles