အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးဝီရသူအမှု တရားလိုပြသက်သေ စစ်ဆေးရန် အနည်းငယ်သာကျန်

ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က)ဖြင့် စွပ်စွဲထားသည့်အမှုကို မျက်ကွယ် စစ်ဆေးနေရာ တရားလိုပြသက်သေ ၉ ဦးအနက် ၃ ဦးသာ စစ်ဆေးရန် ကျန်ရှိတော့ပြီး ၎င်းတို့ကို  ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ဆေးမည် ဖြစ်သည်။

တရားလို အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊  တရားလိုပြ သက်သေများဖြစ်သော ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သာသနာရေးဦးစီးဌာန အရာရှိများ စသည့် ပုဂ္ဂိုလ် ၆ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးပြီး ဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝေနိုင်က ရဟန်းသံဃာများ ပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်သည်ဟု  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာ ထုတ်ပြန်ထားကြောင်း ထွက်ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဟောပြောစဉ်ကလည်း ရဟန်းတစ်ပါးအနေဖြင့် သင့်တော်မှု မရှိသည့် ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့် ဟောပြောခြင်း၊ အမုန်းတရားပွားစေရန် လှုံ့ဆော် ဟောပြောခြင်းများ ဆောင်ရွက်၍ အစိုးရကို အကြည်ညိုပျက်စေခဲ့သည်ဆိုကာ ဦးဝီရသူ၏ မြိတ်မြို့ တရားပွဲ ဗီဒီယိုမှတ်တမ်းကို တရားရုံးသို့ သက်သေတင်သွင်းခဲ့သည်။

တရားသူကြီးက ဗီဒီယိုမှတ်တမ်းဖိုင်၊ စာ၊ ဓာတ်ပုံသက်သေများကို လက်ခံသည်။

ဗီဒီယိုဖိုင်ကို တရားခွင်အတွင်း ဖွင့်ပြရာတွင် ဦးဝီရသူက ရှင်ဘုရင် အတိုင်ပင်ခံဖြစ်လိုလျှင် အမျိုးစစ်ရမည်၊ ဆွေခုနစ်ဆက်မျိုးခုနှစ်ဆက် အမျိုးစစ်ရမည်ဟု ပြောဆိုနေသည်များကို တွေ့ရသည်။

 “နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တခွပ်ခွပ်နဲ့ လျှောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်ဟုလည်းကောင်း၊ ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပကကောင်တွေပဲ။ အတူအိပ်လည်း ။ ဒါကြီးကိုပဲ သမ္မတဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ပြည်သူ တစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့စသည်တို့ကို ပြောဆိုကြောင်း တွေ့ရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က  ဦးဝီရသူကို  တရားဟောခွင့်တစ်နှစ် ပိတ်ပင်ဖူးကြောင်း၊ သို့သော် ဦးဝီရသူသည် ကြိုတင်ဟောပြောထားသော တရားခွေကို ဖွင့်၍ ၎င်း၏ပါးစပ်ကို တိတ်ဖြင့် ပိတ်ကာ ပလင်ပေါ်တွင် ထိုင်ကာ အပူဇော်ခံပြီး တရားပွဲများ ဆက်လက်ကျင်းပကြောင်း  သာသနာရေးဦးစီးအရာရှိက ထွက်ဆိုခဲ့သည်။

၂၀၁၇၊ မတ်လ ၉ ရက်နေ့တွင် တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့ညက အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာတွင် လည်းကောင်း၊ မတ်လ ၁၅ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ရွာ ဇေယျာသီရိကျောင်းတိုက် အလှူတရားပွဲတွင် လည်းကောင်း၊   မတ်လ ၁၇ ရက်က မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် မင်္ဂလာဇေယျုံ ၃ လမ်းတွင် လည်းကောင်း ထိုတရားပွဲမျိုး ပြုလုပ်ခဲ့သည်။ 

ထွက်ပြေးနေသော ဦးဝီရသူကို တရားလိုပြသက်သေ အားလုံးကို စစ်ဆေးပြီးနောက်ပိုင်း ဖမ်းမိခြင်းမရှိပါက ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်ကို တရားရုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေသော်လည်း VK ရုရှလူမှုကွန်ရက်တွင် ရုပ်သံဖိုင်များ လွှင့်တင်ကာ အစိုးရနှင့် ပတ်သက်၍ ပြောဆိုခြင်း၊ တရားမဝင်အသင်းကြေညာခံထားရသည့် မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ညီလာခံသို့ လျှောက်ထားလွှာပေးပို့ခြင်း တို့ကိုမူ ပြုလုပ်ခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဗုဒ္ဓဘာသာရဟန်းတော်များ စောင့်ထိန်းရမည့် သီလသိက္ခာပုဒ်များကို မစောင့်ထိန်းသည့် သီလကင်းမဲ့သည့်ဘုန်းကြီးများ၊ ရာဇဝတ်မှုကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူများကို ဆရာတော်ဟု မခေါ်ထိုက်၊ ရဟန်းဟုလည်း မသတ်မှတ်ထိုက်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

ဦးဝီရသူက ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းသာ ခံယူမည် ဖြစ်ပြီး ဓမ္မစက်ကို ကျော်လွန်၍ အာဏာစက်ဖြင့် အရေးယူမှုကို ဆရာတော်များ ရှေ့မှောက်၌ လက်ခံမည် မဟုတ်ကြောင်း ပြောဆိုထားသည်။ ထိုပြောဆိုချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြစ်မှုဆိုင်ရာဥပဒေ တစ်စုံတစ်ရာကို ကျူးလွန်သော ရဟန်းသာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက် ပြီးနောက် အပြစ်ဒဏ် ချမှတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တရားရုံး၏ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နှင့် အညီ လိုအပ်သလို လက်ခံစစ်ဆေးဆောင်ရွက်ရမည်ဟု ဝိနိစ္ဆယလက်စွဲ အပိုဒ်များဖြင့် ဇွန်လ ၂၅ရက်က ရှင်းလင်းချက် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button