အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုန်းနေသူ ဦးဝီရသူ ၎င်းကို၎င်း ရှင်သာရိပုတ္တရာနှင့် ခိုင်းနှိုင်း၊ မဟနဆုံးမခံပြီးမှ အဖမ်းခံမည်

နိုင်ငံတော်အကြီးအကဲများကို ဆဲဆိုပုတ်ခတ်ပြောဆိုသောကြောင့် တရားစွဲခံရပြီး ပုန်းအောင်းထွက်ပြေးနေသူ မန္တလေးမြို့နေ ဦးဝီရသူသည် ၎င်းကို၎င်း ဂေါတမဗုဒ္ဓမြတ်စွာ၏ လက်ယာရံ ရဟန္တာမထေရ် ရှင်သာရိပုတ္တရာနှင့် ခိုင်းနှိုင်းကာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များထံ လျှောက်ထားချက်တစ်ရပ်ကို ယမန်နေ့ညက အင်တာနက်မှ ထုတ်လွှင့်ခဲ့သည်။ 

ဦးဝီရသူက ၎င်းသည် ယခင်ကလည်း နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ၏ ဆုံးမမှုများကို ကောင်းမွန်စွာနားထောင်ခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း မဟနဆရာတော်များ၏ သြဝါဒကို ခံယူပြီးမှသာ ၎င်းတရားစွဲခံထားရသည့်ကိစ္စကို ရင်ဆိုင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံအခြေစိုက် VK အင်တာနက်လူမှုကွန်ရက်တွင် အသံဖိုင်လွှင့်တင်၍ လျှောက်ထားခဲ့သည်။ 

မဟနအဖွဲ.က ဦးဝီရသူကို ဘာသာရေးအဓိကရုဏ်းများ ကြိမ်ဖန်များစွာဖန်တီးမှုကြောင့် ၂၀၁၇ တွင် တရားဟောခွင့်တစ်နှစ်ပိတ်ပင်ခဲ့ပြီး၊ ထိုပိတ်ပင်မှုကို ဆန္ဒပြသည့်အနေဖြင့် ဦးဝီရသူက ပါးစပ်ကို တိပ်ဖြင့်ပိတ်ကာ အသံတိတ်ဟောပြောပွဲများပြုလုပ်ခဲ့သည်။ 

သို့သော်လည်း ဦးဝီရသူက “အပြုသဘောဆောင်သည့် ဆုံးမမှုမှန်သမျှများကို  ရှင်သာရိပုတ္တရာကဲ့သို့ပင်” ခံယူသွားမည်ဖြစ်ကြောင်း ၅ မိနစ်မျှကြာမြင့်သော ဓမ္မစက်နှင့် အာဏာစက် ခေါင်းစဉ်ထိုးထားသည့် အသံဖိုင်တွင် ရေရွတ်ပြောဆိုထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားလက်ထက်တွင် မြတ်စွာဘုရားပြီးလျှင် ဉာဏ်ပညာအကြီးမားဆုံးအဖြစ် သတ်မှတ်ခံရသော သာဝကဖြစ်ပြီး၊ ဦးဝီရသူမှာမူ လူသေဆုံးမှုများဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းတွင် ပါဝင်မှုကြောင့် ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မအပါအဝင် ပုဒ်မပေါင်းများစွာဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရဖူးသူဖြစ်သည်။

လွတ်ငြိမ်းချမ်းသာဖြင့် ထောင်မှ လွတ်ပြီးနောက် အမုန်းတရားဟောပြောမှုများ ပြုလုပ်မှုကြောင့် နာမည်ဆိုးဖြင့် ထပ်မံကျော်ကြားလာကာ ဦးဝီရသူသည် လက်ရှိအစိုးရအဖွဲ့ကို အားလုံးသူခိုးတွေပဲဟု မကြာသေးမီက မြိတ်မြို့ဟောပြောပွဲတစ်ခုတွင် စွပ်စွဲပုတ်ခတ်ပြောဆိုခဲ့သည်။ လွန်ခဲ့သည့်လ ရန်ကုန်မြို့ဟောပြောပွဲတစ်ခုတွင်လည်း လွှတ်တော်တွင်းရှိ တပ်မတော်ကိုယ်စားလှယ်များကို မြန်မာပြည်သူလူထုက ဘုရားကဲ့သို့ ကိုးကွယ်သင့်ဟု ပြောဆိုမှုများကြောင့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူလူထူ၏ ဝေဖန်မှုကို ခံနေရသည်။ 

ထိုဟောပြောမှုများကြောင့် အစိုးရက ၎င်းအား ထောင်ဒဏ်အနှစ် ၂၀ ထိ အပြစ်ပေးနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် မေလ ၂၈ ရက်နေ့က တရားစွဲထားသည်။ တရားစွဲခံရပြီးနောက် ဦးဝီရသူသည် အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ ၎င်းအား ရှာဖွေနေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button