အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေတာရှည်တွင် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်

နေပြည်တော်နှင့် ထိစပ်နေသော ပဲခူးတိုင်းမြောက်ဘက်အစွန်ဆုံးရှိ ရေတာရှည်မြို့နယ်တွင် ယခုလ ၁၆ နှင့် ၁၇ ရက်များက စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောသည်။

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် နဂျပ်ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို NUG လက်အောက်ခံ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နည်းပရိယာယ် ကြွယ်ဝစွာနဲ့ အလစ်အငိုက် တိုက်ခိုက်နိုင်မှုကြောင့်၊ နောက်တစ်ခုက မြေပြင်မှာ ရှိတဲ့ ကျွန်တော်တို့ ရဲဘော်တွေရဲ့ သက်စွန့်ဆံဖျား ကျားကုတ်ကျားခဲ တိုက်ခိုက်ယူတဲ့ အနေအထားကြောင့် (စစ်ကောင်စီဘက်မှ အကျဆုံးများနိုင်တယ်) လို့ သုံးသပ်ချင်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက နဂျပ်ရွာအနီးတွင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နောက်ရက်တွင် ထိုရွာအရှေ့မြောက်ဘက် ဝက်ပုပ်လမ်းနှင့် နဂျပ်-ကွင်းချောင်းလမ်းတွင် သုံးကြိမ်ဆက် တိုက်ပွဲဖြစ်ခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အရာရှိများအပါဝင် အကျအဆုံးများပြားပြီး တော်လှန်ရေးအင်အားစုများဘက်မှ တစ်ဦးကျဆုံးသည်ဟု ဆိုသည်။

နေပြည်တော်နှင့် တောင်ငူအကြား ဒေသတွင်ဖြစ်ပွားသော တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

နှစ်ဖက်စစ်ရေး ဆက်လက်တင်းမားဆဲဖြစ်၍ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်နှင့် အဝေးဆုံးတွင် နေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။ ထိုတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းမထုတ်ပြန်ခြင်း မရှိပေ။​

ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်နေသည့် စစ်ကောင်စီက ပြည်မကို ထိန်းချုပ်နိုင်သော တော်လှန်ရေးအင်းအားစုများလှုပ်ရှားသည့် ပဲခူးရိုးမကို လုံခြုံရေးအရ အသာစီးရရန် ကြိုးစားလာကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယူဆထားသည်။

၁၉၄၈ လွတ်လပ်ရေးပြီးချိန်မှစ၍ သမိုင်းအစဉ်အဆက် တော်လှန်ပုန်ကန်မှုများ၏ ဘူမိနက်သန်ဖြစ်သည့် ပဲခူးရိုးမတည်ရှိရာ ပဲခူးတိုင်းတွင် အခြားဒေသများနည်းတူ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

ပဲခူးတိုင်းတွင် ပဲခူး၊ တောင်ငူ၊ သာယာဝတီနှင့် ပြည် ခရိုင်လေးခုရှိပြီး တစ်ခရိုင်လျှင် အနည်းဆုံး တပ်ရင်းနှစ်ခုဖြင့် ဖွဲ့စည်း၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button