(ရန်ကုန်) — Facebook ပေါ်ရှိ သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်အနိုင်ကျင့်မှုများအကြောင်း တိုင်ကြားနိုင်မည့် နည်းလမ်းတို့ကို ပြည်သူလူထုထံ ဖြန့်ဝေရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် Faecbook တို့အကြား မူအားဖြင့် သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Facebook ဒုတိယဥက္ကဋ္ဌနှင့် ပြန်ကြားရေးဝန်ကြီးတို့ နေပြည်တော်တွင် ဇွန်လ ၅ရက် နေ့က တွေ့ဆုံဆွေးနွေးခဲ့အပြီး အဆိုပါသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။
“Facebook မှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို ထားထားတယ်။ ဒါကို ဖောက်ဖျက်ပြီးတော့ Facebook ပေါ်မှာ အနိုင်ကျင့်ခံရတယ်၊ ခြိမ်းခြောက်ခံရတယ်ဆိုရင် သူတို့အသင်းကို တိုင်လို့ရတယ်။ တိုင်လို့ရတဲ့စနစ်ကို မြန်မာပြည်က Facebook အသုံးပြုသူတွေက သိရှိတာ နည်းတယ်။ အဲဒါတွေကို ပညာပေးဖို့လိုတယ်” ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ဇွန်လ ၆ရက်နေ့တွင် ပြောသည်။
လူဦးရေ ၅၃သန်း ရှိသည့် မြန်မာနိုင်ငံတွင် Facebook သည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပြီး လူဦးရေ ၂၃သန်းကျော် သုံးစွဲလျက်ရှိသည်။
အခြားတစ်ဖက်တွင်လည်း Facebook အသုံးပြုပြီး အမုန်းစကားဖြန့်ဝေမှုများသည် မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂက မတ်လအတွင်း သတိပေးထားသည်။
မြန်မာ့လူ့အဖွဲ့အစည်းအကြား Facebook အသုံးပြု အမုန်းစကားဖြန့်ဝေနေသည့် ဖြစ်ရပ်များကို တားဆီးရန် လုံလောက်သည့် အားထုတ်မှုမရှိကြောင်း Facebook သည် မကြာခဏ စွပ်စွဲခံနေရသည်။ အဆိုပါဖြစ်ရပ်များအတွက် Facebook တည်ထောင်သူ မတ်ဇူကာဘတ်သည်လည်း အမေရိကန်အထက်လွှတ်တော်တွင် မေးခွန်းထုတ်ခံခဲ့ရသည်။
“အဓိကကတော့ ပညာပေးရေးအစီအစဉ်ကို မူအားဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံပွဲမှာ သဘောတူထားတယ်။ တရားဝင်လုပ်ဆောင်မယ့် လုပ်ငန်းအစီအစဉ်တွေ သူတို့(Facebook) ဘက် ပို့ပေးလာပြီဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပါပဲ” ဟု ဒုဝန်ကြီးက ပြောသည်။
ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က Facebook ပေါ်ရှိ ကြမ်းတမ်းရိုင်းပျစွာ ရေးသားပြောဆို မှုများ၊ အမုန်းစကား ရေးသားဖြန့်ဝေမှုများနှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် လှုံ့ဆော် ရေးသားမှုများအပေါ် ထိန်းကျောင်း ဆောင်ရွက်ပေးရန် Facebookကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း အစိုးရသတင်းစာများက ရေးသားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ Facebookသုံးစွဲမှုကို စောင့်ကြည့် ထိန်းကျောင်းရာတွင် အခြေအနေမှန်များကို သိရှိနိုင်စေရေးနှင့် ရေးသားပြောဆိုသည့် အကြောင်းအရာများကို အကောင်းအဆိုး ခွဲခြားဆောင်ရွက်နိုင်ရန် မြန်မာဘာသာ တတ်ကျွမ်းသူများကို ခန့်ထားပေးရေး၊ ပြည်တွင်းတွင် Facebook ရုံးခန်း ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အွန်လိုင်းအမုန်းစကားဖြန့်ဝေမှုများကို စောင့်ကြည့်နေသည့် မြန်မာ့အရေးလေ့လာသူများအဖွဲ့ စီမံကိန်းမန်နေဂျာ ကိုမြတ်သူက Facebook ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံခွင့်ရလျှင် တိုက်တွန်းလိုသည့် အကြောင်းအရာများ ရှိသည်ဟု ပြောသည်။
“မြန်မာပြည်မှာ Facebook ဆိုတဲ့ ပလက်ဖောင်းကို အမုန်းစကားတွေဖြန့်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးချနေတာ တွေ့ရတယ်။ Facebook အနေနဲ့ မြန်မာဝန်ထမ်းတွေ ခန့်ထားပေမယ့် အင်မတန် နည်းတယ်။ ဒါကြောင့် သူတို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံရင် ကျွန်တော်တို့ တွေ့ရှိချက်တွေနဲ့ သူတို့ပြောင်းလဲရမယ့် အရာတွေကို ပြောပြပါမယ်” ဟု ကိုမြတ်သူက ပြောသည်။



