အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲအတွင်း စစ်တပ်ဖမ်းသွားသည့် ဖားကန့်ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲအတွင်း စစ်တပ်က ဖမ်းသွားသည့် ဒေသခံ ၁၁ ဦးမှာ ယခုလ ၅ ရက်ကတည်းက ယနေ့အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ယခုလ ၅ ရက်က ဖားကန့်မြို့အရှေ့မြောက်ဘက် ၃ မိုင်ကျော်အကွာရှိ မှော်ပုံရွာကို စစ်တပ်က စစ်ကြောင်းထိုးလာစဉ် ကချင်လွတ်လပ်ရေးတပ်တော် (KIA)/PDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေသည့် ဒေသခံများကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် မှော်ပုံဒေသခံအများစု နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနိုင်ခဲ့သော်လည်း ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသူများကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းသွားခြင်းဖြစ်သည်ဟု ဒေသခံ PDF အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးကတည်းကပဲ ဖမ်းထားလိုက်တာ။ အခုထိ ဘာမှ မကြားရသေးဘူး။ လွတ်ပါ့မလားလည်း မသိဘူး၊၊ ဘာအစအနမှလည်း မရတော့ဘူး” ဟု ထိုနီးစပ်သူ အမျိုးသားက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မှော်ပုံရွာတွင် ဖမ်းဆီးခဲ့သူများအနက် စစ်တပ်က အချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း အသက် ၃၀ အရွယ် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၇ ဦးကို ဆက်လက်ဖမ်းဆီးကာ ထိုရွာအနီးရှိ အရက်ချက်စက်ရုံတွင် ထိန်းသိမ်းထားသည်ဟု ဒေသခံတို့က ဆိုသော်လည်း အသေးစိတ် မသိရပေ။

ဖမ်းဆီးခံထားရသည့် ဒေသခံ ၁၁ ဦး၏အမည်နှင့် အသေးစိတ်အချက်အလက်များလည်း မသိရပေ။

မှော်ပုံရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်စဉ် KIA/PDF ပူးပေါင်းအဖွဲ့မှ ရဲဘော်နှစ်ဦး သေဆုံးခဲ့သည့်နည်းတူ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။

သေဆုံးသွားသည့် PDF ရဲဘော်၏ အမည်နှင့် နေရပ်လိပ်စာ ပေါက်ကြားမှုကြောင့် ကျန်ရစ်သူမိသားစုဝင်များပါ တိမ်းရှောင်နေရသည်ဟု အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

ထိုတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဖားကန့်မြို့ပေါ်တွင် အစစ်အဆေးများတင်းကျပ်လာပြီး လိုင်စင်မဲ့ကားများကို ဖမ်းဆီးခဲ့သည်ဟု မြို့ခံ အသက် ၄၀ အရွယ် ဈေးသည်အမျိုးသမီးတစ်ဦးက‌ ပြောသည်။

ဆယ်ရက်နီးပါး ရှိလာပြီးနောက် ဖားကန့်မြို့ပေါ်တွင် အစစ်အဆေးများ လျော့နည်းသွားကာ လတ်တလောတိုက်ပွဲမဖြစ်ဟုလည်း ဆိုသည်။

“စစ်ဆေးရေးတွေလည်း ရပ်သွားပြန်ပြီ။ လုပ်တော့ လုပ်တာပေါ့၊ ဖိဖိစီးစီးမလုပ်တော့ဘူး။ တိုက်ပွဲဖြစ်ပြီးကတည်းက” ဟု ဖားကန့်မြို့ခံ အမျိုးသမီးက ပြောသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က ဒေသခံများကို မကြာခဏ ဖမ်းဆီးထားလေ့ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း ဖားကန့် – ကားမိုင်းလမ်းတလျှောက်တွင် ဒေသခံ အမျိုးသား၊ အမျိုးသမီး ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ 

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ၏ ညှိနိုင်းပေးမှုကြောင့် ထိုလူ ၃၀ ကျော်မှာ ယခုလ ၉ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

‌ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများပြင်းထန်လာသည့် ဒေသများတွင် အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်လည်း အပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖားကန့်အနီး အနန့်ပါအရပ်တွင် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိများ အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာလာကာ တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button