ဆောင်းပါး

အနန့်ပါဗုံးကြဲမှုအပြီး စစ်ရေးတင်းမာလာသည့် ဖားကန့် 

အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် အနန့်ပါဆိုသောနေရာတွင် အောက်တိုဘာ ၂၃ ရက်ညက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သည်။ 

မြန်နှုန်းမြင့် တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲခံရသဖြင့် ၎င်းတို့၏ အရာရှိများ အပါအဝင် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း များကြောင်း ဖြစ်စဉ်အပြီး KIO အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

ဒေသခံ ကူညီကယ်ဆယ်ရေးသမားတစ်ဦးကမူ နောက်ဆုံးရရှိသောစာရင်းအရ သေဆုံးသူ ၁၀၀ ကျော်ပြီဖြစ်ကြောင်း ဆိုသည်။

“နိုဝင်ဘာ ၁ ရက်နေ့အထိ စာရင်းကတော့ စုစုပေါင်း ၁၆၁ ဦးထိတယ်။ သေဆုံးတာရယ် ဒဏ်ရာရတာရယ်ပေါ့။ သေဆုံးသွားတဲ့သူက ၁၀၀ စွန်းစွန်းလောက်ရှိတယ်။ ဖြစ်တဲ့နေ့ကတင် မဟုတ်ဘဲ နောက်ပိုင်း ဆေးကုသခွင့်မရလို့ သေဆုံးသွားကြတာတွေရှိတယ်”

လူရာဂဏန်းမျှ ရှိနေသောနေရာကို ဗုံးကျလာခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူ ဖားကန့်ဒေသခံတစ်ဦးကလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အနန့်ပါ ဗုံးကြဲတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို ခွန်အားအဖြစ်ယူ၍ စစ်ကောင်စီကို အရှိန်မြှင့်တော်လှန်သွားမည်ဖြစ်ကြောင်း KIO က ထုတ်ပြန်ခဲ့သည်။ 

အနန့်ပါ ဗုံးကြဲခံရမှုတွင် သေဆုံးခဲ့သူများနှင့် ပတ်သက်၍ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ယနေ့ (နိုဝင်ဘာ ၂၄) ဆက်သွယ်မေးမြန်းရာတွင် ကျန်ရစ်သူ မိသားစုဝင်များကိုပါ စစ်ကောင်စီက လိုက်လံစစ်ဆေးနေသည့်အတွက် ဖော်ပြရန် အဆင်မပြေကြောင်း ပြောဆိုသည်။​

သို့ရာတွင် အနန့်ပါ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသူများတွင် KIO ၏ တပ်မဟာ (၉) တာဝန်ခံ ဗိုလ်မှူးကြီးရှရော်လဆိုင်း၊ KIO ၏ ဖားကန့်ဒေက ကျောက်မျက်တာဝန်ခံ ဗိုလ်မှူးကြီးလဖိုင်လအောင် အပါအဝင် KIO အရာရှိအရာခံများနှင့် ကချင်စီးပွားရေးလုပ်ငန်းရှင်အချို့ပါဝင်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။ 

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် KIO ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KIA တပ်များ နှစ်ပေါင်းများစွာလှုပ်ရှားနေပြီး၊ KIA သည် ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်လိုသော မြန်မာနိုင်ငံတစ်ဝန်းမှ လူငယ်လူရွယ်ထောင်နှင့်ချီကာ ခိုလှုံခွင့်ပေးခဲသည့်အပြင် စစ်သင်တန်းများပေးသဖြင့် စစ်ကောင်စီက KIO/KIA ကို စစ်ရေးအရလက်တုံ့ပြန်မှုများ ပြုလုပ်လာခဲ့သည်။ 

ထိုလက်တုံ့ပြန်မှုများသည် အခြားသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပျက်နေခဲ့သော်လည်း နှစ်စဉ် ဒေါ်လာသန်းနှင့်ချီကာ အမြတ်အစွန်းထွက်သော ကျောက်စီမ်းတူးဖော်ရာ ဖားကန့်ဒေသတွင်တော့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှု မရှိခဲ့ပေ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တည်နေရာပြမြေပုံ။

စစ်တပ်ပိုင်ကျောက်စိမ်းကုမ္ပဏီများ၊ စစ်တပ်နှင့် အကျိုးစီးပွားဆက်စပ်နေသော ကျောက်စိမ်းကုမ္ပဏီများ၊ KIO/KIA နှင့် ပတ်သက်နေသော ကုမ္ပဏီများသည် ဖားကန့်တွင် စီးပွားရေးအရ အကျိုးများစွာရှိသဖြင့် စစ်မီးသည် ဖားကန့်ဒေသကို ပြင်းပြင်းထန်ထန် မရိုက်ခတ်ခဲ့ပေ။ 

သို့ရာတွင် ထိုအခြေအနေသည် အနန့်ပါ ဗုံးကြဲမှုညတွင် ပြောင်းလဲခဲ့ပြီဖြစ်သည်။ 

ဖားကန့်ဒေသတဝိုက် စစ်ပြင်သည့်အနေဖြင့် စစ်ကောင်စီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့တွင် ယန္တရားတပ်များစုစည်းထားသည်။

ဒေသခံတို့အဆိုအရ ဖားကန့်မြို့နယ်တွင်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများအပြင် စစ်ဗျူဟာတစ်ခုပါ အထိုင်ချထားပြီး ဖားကန့်မြို့ကို ဝိုင်းရံထားသည့် စစ်တပ်စခန်း ၁၀ ခုဝန်းကျင်အထိ ရှိသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ KIA တပ်မဟာ (၉) တပ်ဖွဲ့ဝင်များ။

“စစ်တပ်က တောင်ထိပ်တိုင်းလိုလိုမှာ နေရာယူထားကြပြီ။ ဆန်းကြွယ်ဘုရားကုန်းတို့၊ ဖားကန့် အဝင်နားက မရှီကထောင် ရခိုင်ကုန်းတို့ မြို့ဦးစေတီတို့ တံထားထိပ်တို့ အကုန်နေရာယူထားပြီးပြီ” ဟု မြို့ခံ အမျိုးသား တစ်ဦးက ဆိုသည်။

ဖားကန့်မြို့အရှေ့မြောက်ဘက်ရှိ ကံစီးရွာအနီးဝန်းကျင်၊ ဥရုချောင်း အရှေ့ဘက်နှင့် အနောက်ဘက် တွင် စစ်ကောင်စီစခန်း ၅ ခုခန့်ရှိနေပြီး မြို့အနောက်တောင်ဘက် ဆိုင်းတောင်ဘက်တွင်လည်း စခန်းအချို့ရှိ နေသည်ဟု သိရသည်။

တဖက်တွင်လည်း KIA တပ်မဟာ (၉) ဌာနချုပ်နှင့် KIA တပ်စခန်း ငါးခုထက်မနည်းရှိနေသည့်အပြင် နေရာ ဖြန့်ယူထားသည့် KIA စစ်ကြောင်းများလည်းရှိနေသည်။ ဖားကန့်ဒေသမှာ KIA တပ်မဟာ (၉) ထိန်းချုပ် နယ်မြေအတွင်း ရှိသည်။

အနန့်ပါဗုံးကြဲတိုက်ခိုက်မှုအပြီး ဖားကန့်မြို့ပေါ်၌ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့် နည်းတူ KIA ဘက်ကလည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။ ဖားကန့်ဒေသတွင် စစ်ကောင်စီနှင့် KIA တို့အကြား ဒေသန္တရအုပ်ချုပ်ရေး အားပြိုင်မှုပြင်းထန်နေသည်မှာ အာဏာသိမ်းပြီးကတည်းကဖြစ်သည်။ မြို့ပေါ်၌သာ စစ်ကောင်စီအုပ်ချုပ်ရေး အာဏာစက်သက်ရောက်ပြီး ကျေးရွာများတွင် KIA က ခန့်အပ်ထားသည့် ဆလန်ကဘာခေါ် ဒေသန္တရအကြီးအကဲများ အုပ်ချုပ်နေခြင်းဖြစ်သည်။

ယခုလ ၇ နံနက်အစောပိုင်းက ဖားကန့်မြို့ရှိ ဆိပ်မူကုန်းရှိ စစ်ကောင်စီတပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ် ခံရပြီး စစ်သားအချို့ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့၌ပင် မြို့တွင်း မှော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲကာ ရဲအချို့ဒဏ်ရာရပြန်သည်။ 

ထို့နောက် အပြန်အလှန် ဖမ်းဆီးမှုများ၊ ပစ်ခတ်လုပ်ကြံခြင်းများ ဆက်တိုက်ဖြစ်လာသည်။ နိုဝင်ဘာ ၁၃ ရက် က မြစ်ကြီးနားမြို့တွင် KIA အရာရှိအချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဖားကန့်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ လုပ်ကြံရခြင်းများရှိသည်။

၂၀၂၁ အာဏာသိမ်းပြီးရက်ပိုင်း ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ကောင်စီ တင့်ကားများ မြစ်ကြီးနားမြို့လမ်းမပေါ်တွင် လှည့်လည်သွားလာခဲ့ကြပုံ။ (EPA) 

ယခုလ ၁၇ ရက်တွင် ဖားကန့်မြို့တွင်း တစ်နေရာ၌ စစ်ဗိုလ်တစ်ဦး အပါအဝင် သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးကာ တစ်ဦးအဖမ်းခံရသည်။ နောက်တစ်ရက်တွင် မှော်စီဆာရပ်ကွက်ရှိ KTV တစ်ခုတွင် သီးချင်းဆို နေသည့် စစ်တပ်အရာရှိအချို့ ဝင်ရောက်တိုက်ခိုက်ခံရပြိး ၅ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသည်။

မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။​

၂၀၁၇ ခုနှစ်က KIA စစ်ဌာနချုပ် လိုင်ဇာတွင် စစ်ရေးလေ့ကျင့်နေသည့် အမျိုးသမီးစစ်သည်များ။ (ပုံ-EPA) 

တချိန်တည်းမှာပင် စစ်ကောင်စီကလည်း တောတောင်များအတွင်း စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိသည်။ ယခုလ ၁၅ ရက်က ဖားကန့်နှင့် မိုးညှင်းမြို့နယ်အကြား၌ စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးစဉ် KIA နှင့် PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) တို့ပူးပေါင်းခုခံခဲ့သော်လည်း ရှေ့တန်းကင်းစခန်း အချို့လက်လွှတ်ခဲ့ရသည်။​

KIA/ PDF ပူးပေါင်းတပ်များနှင့် သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ အင်းတော် ကြီးဒေသမှဖြစ်ကြောင်း၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ်အကြားရှိ PDF အခြေစိုက်စခန်းများကို သိမ်းပိုက်ရန် ကြိုးစားခြင်းဖြစ်နိုင်ကြောင်း ဖားကန့်ဒေသခံ​ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

ယမန်နေ့ မွန်းလွဲပိုင်း၌ ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်အနောက်ဘက်ရှိ ကောင်ဆန်နှင့် တောင်း ကော့ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသည်။​ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်စဉ် တောင်းကော့ရွာသား ကိုတာတီးဆိုသူ သေဆုံးကာ ရွာသားအချို့လည်း ဒဏ်ရာ ရရှီခဲ့သည်။​ စစ်တပ်က တောင်းကော့နှင့် ကောင်ဆန်ရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ဒေသခံ အချို့လည်း ဖမ်းဆီးသွားသည်။​

စစ်ရေးတင်းမာနေသည့် အခြေအနေတွင် အကျိုးစီးပွားအားပြိုင်မှုလည်းရှိနေသည့် အဖိုးတန်ကျောက်စိမ်း ထွက်ရှိရာ ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။​ တောတောင် ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ထိုဒေသတွင် အခြားစိုးရိမ်စရာများလည်း ရှိနေသည်။

ကုန်းဈေးနှုန်း မိုးထိုးတက်နေ

ဖားကန့်မြို့တဝိုက်တွင် တောင်များသဖွယ် မြေစာပုံကြီးများ၊ အကြီးစားစက်ယန္တရားကြီးများဖြင့် တူးဆွရာမှ ဖြစ်ပေါ်လာနေသည့် ဧရာမချိုင့်ခွက်ကြီးများ တွေ့ရှိနိုင်သည်။​

စစ်ပွဲများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည့် ဖားကန့်ဒေသတွင် ဆန်၊ ဆေးဝါးပစ္စည်း နှင့် စက်သုံးဆီ တင်သွင်းခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားရာ ဒေသခံများအနေဖြင့် ကုန်ဈေးနှုန်းအဆမ တန်ကြီးမြင့်မှုကို ရင်ဆိုင်နေရသည်။ အနန့်ပါဗုံးကြဲတိုက်ခိုက်မှု မတိုင်မီရက်အနည်းငယ်ကတည်းက ကုန် စည်ကူးသန်းရောင်းဝယ်ခွင့်ကို စစ်တပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။​

ဖားကန့်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အားလုံးနီးပါး ပိတ်ထားရပြီး ဓာတ်ဆီတစ်ဂါလံလျှင် ကျပ်နှစ်သောင်းဝန်း ကျင်အထိ ခုန်တက်သွားသည်ဟု သိရသည်။​ ဆေးဝါးများလည်း ပြတ်လပ်နေပြီး Amlong တံဆိပ် သွေးကျ ဆေး ၁၀ လုံးပါ တစ်ကဒ်လျှင် ယခင်ကကျပ် တစ်ထောင်ဝန်းကျင်ခန့်သာ ပေးရသော်လည်း ယခုအခါ ကျပ် နှစ်ထောင်အထိ တက်သွားသည်။

၂၀၂၀ ဇူလိုင် ၅ ရက်ညကတွေ့ရသည့် ဖားကန့်မြို့က ကျောက်စိမ်းစျေး။ (Getty Images) 

ဆန်ဈေးလည်း ထက်ဝက်ခန့်တက်သွားသည်။ ယခင်က ဆန်တစ်အိတ်လျှင် ကျပ်ခြောက်သောင်းခန့်သာ ရှိသော်လည်း လက်ရှိတွင် ကျပ်တစ်သိန်းသုံးသောင်းခန့်အထိ ပေးဝယ်နေရသည်ဟု အသက် ၄၀ အရွယ် ဖားကန့်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆန်ဈေးက ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက နည်းနည်းချင်း တက်လာတာ။ အခုက ပိုဆိုးတာပေါ့၊ ဟိုတလောက လေယာဉ်တွေ ဘာတွေကြဲလိုက်တော့ လူတွေက အရမ်းဝယ်ကြတော့ ဆန်ဈေးတွေ အကုန် တက်ကြတာ” ဟု ထိုအမျိုးသမီးက ပြောသည်။ 

အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့်အတူ လုံခြုံရေးအခြေအနေကြောင့် စားသောက်ဆိုင်များ၊ Night Club များနှင့် ညလုံးပေါက် စည်ကားလေ့ရှိသော ဖားကန့်မြို့တွင် ယခုအခါ ည ၈ နာရီဝန်းကျင်မှစ၍ တိတ် ဆိတ်ခြောက်ကပ်နေတတ်ကြောင်း အသက် ၃၀ အရွယ် ဖားကန့်နေ အမျိုးသားတစ်ဦးက ဆိုသည်။ 

“KIA ကလည်း ထုတ်ပြန်ထားတယ်လေ။ ဂလဲ့စားပြန်ချေမှာလားမသိဘူး၊ ဘယ်ချိန်ထိဖြစ်မလဲတော့ မသိ ဘူး။ ကျီးလန့်စာစား နေနေရတာပဲ။​ ဒီဘက်က ဒေသခံတွေကတော့ ရိုးနေပြီနေမှာပေါ့” ဟု လွန်ခဲ့သည့် တစ် နှစ်ခန့်တွင် ဖားကန့်ကိုရောက်လာသည့် ထိုရွှေ့ပြောင်းလုပ်သားက ပြောသည်။​

ဆက်သွယ်ရေးလည်း ခက်ခဲနေပြီး ဖားကန့်ဒေသတွင် လက်ရှိအင်တာနက်သုံးစွဲရသည့်အနေအထားမှာ ၂၀၀၀ ပြည့်နှစ်စွန်းစွန်းကာလကို ပြန်ရောက်သွားသည့်နှယ်ဖြစ်သည်ဟု ဆိုကြသည်။​ မြို့ပေါ်ရှိ စျေးဆိုင်တစ်ချို့တွင် အင်တာနက်ကို တစ်နာရီ ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိပေးကာ အသုံးပြုနေရသည်။

ဖားကန့်ဒေသတဝိုက်ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လကတည်းက စစ်ကောင်စီက အင်တာနက်ဖြတ်တောက် ထားသည်။​ 

“အခုက အော်ရီဒူးစက်တွေရှိတယ်။ အော်ရီဒူးစက်က ဗန်းကသေးသေးလေး တစ်ပေခွဲလောက်တော့ရှိတယ်၊ တစ်လုံးကို သိန်း ၃၀၊ ပြီးရင်လစဉ်ကြေးက 5Mb ကိုက ၅ သိန်း 10Mb ကိုက ၁၀ သိန်း၊ အဲဒီလိုမျိုးဝယ်ပြီး တော့ အင်တာနက်ဆိုင်ဖွင့်တာပေါ့” ဟု ဖားကန့်မြို့ခံတစ်ဦးက ဆိုသည်။

၂၀၂၀ ဇူလိုင် ၅ ရက်ကတွေ့ရသည့် ဖားကန့်မြို့က ကျောက်စိမ်းစျေး။ (Getty Images) 

ကျောက်စိမ်းနှင့် အကျိုးစီးပွားပဋိပက္ခ

ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အဓိက ထိန်းချုပ်ထားပြီး လက်နက်ကိုင်ပဋိပက္ခရှိလင့်ကစား ခေတ်အဆက်ဆက်တွင် ရှင်သန်ခဲ့သည့်နည်းတူ အာ ဏာသိမ်းပြီးနောက်တွင်လည်း ကျောက်စိမ်းတူးဖော်မှု အားကောင်းနေဆဲပင်။

အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုအပြီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်း သွားခဲ့သော်လည်း တစ်လနီးပါးအကြာတွင် ပြန်လည်စတင်နေပြီဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်စိမ်းလုပ်ငန်းမှာ သီတင်းပတ်တစ်ပတ်ကြာ ရပ်သွားခဲ့သော်လည်း ယခုအခါ ပြန်လည်တူးဖော်မှုများရှိလာကြောင်း ဖားကန့်ဒေသ မှော်စီစာမှော်မှ ရေမဆေးကျောက် ရောင်း ဝယ်သူတစ်ဦးက ဆိုသည်။

“စစ်ရေး နိုင်ငံရေးတွေကြောင့်လည်း ပါတယ်ပေါ့။ ဆုံးရှုံးနစ်နာမှုတွေများတဲ့အခါကြတော့ ထိန်းတာပေါ့။ လုပ်ကွက်ကလည်း နည်းတယ်။ ပြောရမယ်ဆိုရင် လုပ်တော့လုပ်နေတာပဲ။ ကျယ်ကျယ်ပြန်ပြန့် မလုပ်ဘဲနဲ့ ဖြည်းဖြည်းချင်းသွားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ရေးအခြေအနေကြောင့် ကျောက်စိမ်းကုမ္ပဏီများက ကျောက်တူးဝန်ထမ်း သုံးပုံနှစ်ပုံအထိ လျှော့ချလာ ကြောင်းလည်း ၎င်းက ပြောသည်။

ဖားကန့်ဒေသတွင် အရည်အသွေးကောင်း ကျောက်စိမ်းရှာဖွေသည့် ကျောက်စိမ်းကုမ္ပဏီတစ်ခုလျှင် လုပ်ကွက်သုံးခုထက်မနည်းရှိပြီး လုပ်ကွက်တစ်ခုတွင် မြေသည်ယာဉ်ကြီးများ ထောင်နှင့်ချီ အသုံးပြုကာလည် ပတ်လုပ်ကိုင်လေ့ရှိသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် KIA နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကျောက်စိမ်းလုပ်ကွက်များမှာ ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေ သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

နှစ်ဖက်စစ်ရေး တင်းမာသော်လည်း ကိုယ်စီအကျိုးစီးပွားရှိနေသည့် ကျောက်စိမ်းလုပ်ငန်းကို ပစ်မှတ်ထား လိမ့်မည်မဟုတ်ကြောင်း သယံဇာတတူးဖော်မှုလုပ်ငန်းများကို  လေ့လာစောင့်ကြည့်သည့် Citizen Action for Transparency  (CAfT)  အဖွဲ့ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ဆိုသည်။

“စစ်ရေးတင်းမာနေလို့ KIA က MEC လုပ်ကွက်ကို ပိတ်မယ်ဆိုတာမျိုးလည်း ရှိမနေဘူး။ တစ်ယောက်နဲ့ တစ်ယောက် အနှောက်အယှက်မပေးဘူး။ မင်းတို့လုပ်။ ဒါပေမဲ့ ဒီစည်းဘောင်ကိုမကျော်နဲ့ ဆိုတာမျိုးတော့ သူတို့ကြားထဲမှာ ရှိပုံပေါ်တယ်” ဟု သူက ဆိုသည်။

နှစ်အလိုက် စစ်တပ်ပိုင်ကုမ္ပဏီများ ကျောက်မျက်တူးဖော်ရေးလိုင်စင် ရရှိခဲ့သည့် ပမာဏ။

ကချင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားနေသည့်တိုင် ဖားကန်ရှိ ကျောက်စိမ်းလုပ်ငန်းတွင် လက်နက်ကိုင်အုပ်စုများ ပူးပေါင်းဆောင်နေကြောင်း ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ထုတ်ပြန်သည့် ဗြိတိန်အခြေစိုက် Global Witness အဖွဲ့၏ ကျောက်စိမ်းနှင့် ပဋိပက္ခအစီရင်ခံစာတွင် ဖော်ပြသည်။​

ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းများတွင် စစ်တပ်နည်းတူ KIA၊ ‘ဝ’တပ်ဖွဲ့ (UWSA) ရက္ခိုင့် တပ်တော် (AA) တို့လည်း ပါဝင်ပတ်သက်နေကြောင်း Global Witness အဖွဲ့က အထောက်အထားများနှင့်တကွ ထုတ်ပြန်ထားသည်။​

၂၀၂၀ ဇူလိုင်က တွေ့ရသည့် ဖားကန့်မြို.က ကျောက်စိမ်းရှာဖွေနေသူများ။ (Getty Images) 

ကျောက်စိမ်းလုပ်ငန်းသည် စည်းကမ်းအထိန်းအကွပ်မဲ့နေပြီး လိုင်စင်သက်တမ်းလည်း ကုန်ဆုံး နေသော်လည်း စစ်တပ်နှင့် အပေါင်းအပါ စီးပွားရေးသမားများ ဆက်လက်တူးဖော်ရန် ပူးပေါင်းကြံစည်မှုများ တိုးမြင့်လာသည်ဟုလည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ထုတ်ပြန်သည့် ထိုအစီရင်ခံစာက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ကျောက်စိမ်းနှင့် ကျောက်မျက် တူးဖော်ရေးလိုင်စင် အသစ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။ ထိုစဉ်ကတည်းက စစ်တပ်ပိုင် ကုမ္ပဏီများ သည် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင်ပေါင်း ၆၀၀ အထိရရှိထားပြီး ဖြစ်သည်ဟု Global Witness အဖွဲ့က ဆိုသည်။​

ကျောက်စိမ်းလုပ်ငန်းတွင် ခေတ်အဆက်ဆက် အာဏာရှင်တို့၏ မိသားစုဝင်များနည်းတူ စစ်ဗိုလ်ချုပ်များနှင့် ဆက်စပ်နေသော ကုမ္ပဏီများ ပါဝင်ပတ်သက်နေသည်။​

နိုင်ငံတကာအဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သည့်အပြင် သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုဖော်ဆောင်ခဲ့သော အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ဖားကန့်ကျောက်စိမ်းလုပ်ငန်းတွင် လာဘ်ယူသည်ဆိုကာ စစ်တပ်အရာရှိကြီးနှစ်ဦး အရေးယူခံရဖူးသည်။​

အမြတ်ငွေလေးပုံတစ်ပုံ လာဘ်ယူ၍ ကုမ္ပဏီများကို ကျောက်စိမ်းတူးဖော်ခွင့်ပေးခဲ့သည်ဆိုကာ ထိုစဉ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေနှင့် ၁၀၁ တပ်မမှူးဗိုလ်မှူးချုပ် မောင်မောင်ဇံတို့ကို စစ်ရာထူးခန့်ချုပ်ရုံးက အရေးယူခဲ့ခြင်းဖြစ်သည်။ အရေးယူသည်ဆိုသော်လည်း စစ်တပ်ရာထူးမှဖယ်ရှားကာ တပ်မတော်အရန်အင်အားသို့ ပို့ဆောင်ခဲ့ခြင်းသာဖြစ်သည်။​

အာဏာသိမ်းပြီးနောက်ပိုင်း KIA ၏ နယ်မြေဒေသနှင့် ကျောက်စိမ်းလုပ်ကွက်များအပေါ်  ထိန်းချုပ်မှုကြောင့် စစ်ကောင်စီအနေဖြင့် အခွန်ရရှိမှုနည်းသွားပြီး စစ်ရေးတင်းမာလာရသည့် အကြောင်းရင်းများတွင် ထိုအ ချက်လည်းပါဝင်သည်ဟု NLD ပါတီ၏ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ဆိုသည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဖားကန့်မြို့နယ် လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း။ 

“စစ်တပ်ဘက်က‌တော့ အကျိုးစီးပွား နည်းသွားတယ်လို့မြင်တယ်။ အဲဒီလိုနည်းသွားလို့လည်း စစ်ရေးအရ ပြန်ပြီး‌တော့ ဖိလာတယ်လို့ မြင်တာပေါ့နော်။ သူတို့ကိုယ်တိုင်လုပ်ပြီး အကျိုးစီးပွားများများ ရနေတယ်ဆို ရင်တော့ သူတို့လည်း ငြိမ်နေကြမှာပဲလေ” ဟု အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေတစ်ခုတွင် ပုန်းခိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်တွဲလုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် လွှတ်တော်အမတ်က ပြောသည်။​

အခွန်အခမပေးဘဲ ဆက်လက်လုပ်ကိုင်နေသူများကို ခြိမ်းခြောက်ရန် စစ်တပ်က ကျောက်စိမ်းလုပ်ကွက် များကို လက်နက်ပြီးဖြင့် ပစ်ခတ်လေ့ရှိသည်ဟုလည်း ဦးအောင်ဟိန်းမင်းက ဆိုသည်။​

စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီအနေဖြင့် ဖားကန့်ဒေသရှိ ၎င်းတို့ ၏အကျိုးစီးပွားများကို ထိန်းသိမ်းရန် တပ်ရင်းသုံးရင်းနှင့် စစ်ဗျူဟာစခန်းများ အခိုင်အမာ ပြင်ဆင်ထားသည် ဟု ဆိုသည်။​ နှစ်ဖက်အကျိုးစီးပွား ရောယှက်နေ၍ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းကို သီးခြားစီ ဆောင်ရွက်ဖွယ်ရှိကြောင်း သူက ဆိုသည်။

“ဒီအလုပ်တွေ ပိတ်ပစ်တာ၊ ရပ်ဆိုင်းပစ်တာကို နှစ်ဖက်လုံးက မလုပ်ကြပါဘူး။ ဒါကြောင့်မို့လို့ နှစ်ဖက်လုံးမှာ ရှိနေတဲ့အကျိုးစီးပွားကို စစ်ရေးတိုက်ပွဲတွေရှိတဲ့ကြားက ထိန်းသိမ်းထားတယ်” ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

ကျောက်စိမ်းကိုအကြောင်းပြု၍ စစ်တပ်နှင့် KIA အကြား အကျိုးစီးပွားပဋိပက္ခရှိနေရာ အနန့်ပါတွင် လူပေါင်းရာချီသေဆုံးသည်အထိ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း မကြာမီရက် ပိုင်းက အကျဉ်းထောင်များရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု ကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာတွင် KIA အရာရှိအချို့လည်း ပါဝင်ခဲ့သည်။​

စစ်ကောင်စီက ပြန်လွှတ်ခဲ့သည့် KIA တပ်ဖွဲ့ဝင်များက မည်သည့်အချိန်က ဖမ်းဆီးထားသူများဖြစ် သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။စစ်ကောင်စီက ပြန်လွှတ်ခဲ့သူများမှာ ၎င်းတို့ဝန်ထမ်းများ ဟုတ်မဟုတ် စစ်ဆေးနေဆဲဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။​

KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

မလွဲမသွေစစ်ရောက်လာမည် 

ကျောက်စိမ်းလုပ်ကွက်များကို အပြန်အလှန်လွှမ်းမိုးနိုင်ရေးအပြင် ရပြီးသား အကျိုးစီးပွားများကို ကာကွယ်နိုင်ရန် စစ်ကောင်စီက စစ်ရေးအရ ပြင်ဆင်နေသည်ကို တွေ့ရကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။​ ဖားကန့်မြို့ ပေါ်ရှိ စခန်းကုန်းနှင့် အနီးဝန်းကျင်ရှိ ၎င်းတို့စခန်းများ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် ပြင်ဆင်ထားသည်ဟု သူက ပြောသည်။​

“စစ်ရေးအခြေအနေပေါ်မှာ မူတည်ပြီးတော့ ပိုမိုပြင်းထန်တဲ့ ဒေသထိန်းချုပ်ရေး အစိုးရစစ်စခန်းများ သိမ်း ပိုက်ရေးတွေကို တဆင့်တိုး လုပ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု KIA ဘက်က တိုက်ခိုင်လာ နိုင်သည့်အခြေအနေကို သူက မှတ်ချက်ပြုသည်။​

သို့သော် စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းပြီး လွတ်မြောက်နယ်မြေ ဖန်တီးနိုင်ရေးမှာမူ လတ်တလော မဖြစ်နိုင်သေးကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

၂၀၂၀ ကတွေ့ရသည့် ဖားကန့်က တစ်နိုင်တစ်ပိုင် ကျောက်စိမ်းရှာဖွေသူများ။ (ပုံ-Getty Images) 

စစ်ရေးတင်းမာနေသော်လည်း တိုက်ပွဲဖြစ်မဖြစ်ကိုမူ ကျိန်းသေပြော၍မရကြောင်း ဖားကန့်လွှတ်တော်အ မတ် ဦးအောင်ဟိန်းမင်းက ဆိုသည်။ သို့သော် မြို့ပေါ်ထက် နှစ်ဘက်တပ်စခန်းများရှိရာ နေရာများတွင် တိုက်ပွဲပိုဖြစ်နိုင်သည်ဟု ဆိုသည်။

“သေချာတာကတော့ မြို့ထဲရွာထဲတွေမှာ အဲဒီလောက်အထိ မဖြစ်နိုင်ဘူး။ တောတွင်းစခန်းတွေဖြစ်မယ်၊ ဌာနချုပ်တွေ တပ်စခန်းထိုင်ထားတဲ့နေရာတွေပဲ အလွန်ဆုံးဖြစ်နိုင်တယ်ပေါ့” 

နှစ်ဘက်တပ်များ ရင်ဆိုင်ထားသည့် ဖားကန့်မြို့အရှေ့မြောက်ဘက် ကံစီးရွာနှင့် ဥရုချောင်းအနီးတဝိုက်တွင် တိုက်ပွဲဖြစ်နိုင်ကြောင်းလည်း ဒေသခံတို့က ခန့်မှန်းထားသည်။​

“ဖားကန့်မှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက တိုက်ပွဲတွေ နေရာတကာပြန်ဖြစ်လာနိုင်တာပဲ။ အနှေးနဲ့အမြန်ပဲ အခုငြိမ်နေရင်လည်း တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပဲ” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ဖားကန့်အပါအဝင် တောတောင်ထူထပ်သော ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်နေသည်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖြစ်သည်။ အာဏာသိမ်းပြီးနှစ်လအကြာ ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ဒေါ့ ဖုန်းယန်မြို့နယ်ရှိ အလောဘွမ်တောင်ကြောရှိ စခန်းအချို့ကို KIA က သိမ်းပိုက်စဉ် စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသည်။​ ထိုစဉ်က စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး အရာရှိသုံးဦး သေဆုံးခဲ့သည်။

၂၀၁၆ ခုနှစ် ကချင်ပြည်နယ် မိုင်ဂျာယံဒေသတွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံတွင် KIA မှ ဗိုလ်ချုပ်ဂွန်မော်ကို တွေ့ရပုံ။ (ပုံ-EPA) 

နောက်ပိုင်းတွင်လည်း KIA နှင့် စစ်ကောင်စီတို့အကြား ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အထူးသဖြင့် ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံ PDF အဖွဲ့များကို KIA က စစ်သင်တန်းပေးသည်၊ လက်နက်တပ်ဆင်ပေးသည်ဟု စစ်ကောင်စီက တရားဝင် ထုတ်ဖော်ပြောကြားပြီးနောက် တိုက်ပွဲများအဆက်မပြတ်တော့ပေ။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဖားကန့်ဒေသ ဥရုချောင်းဘေးရှိ ဆယ်ဇင်းရွာကို စစ်ကောင်စီက ညအချိန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုရွာရှိ စစ်တပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက် ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်စီးကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။

ဖားကန့်မှ ၁၀ မိုင်ခန့်အကွာ အနန့်ပါဒေသ ဗုံးကြဲတိုက်ခိုက်ခံရစဉ် KIA အရာရှိအများအပြား ထိခိုက်သေဆုံး ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာလာခြင်းနှင့်အတူ နာမည်ကျော် ကျောက်စိမ်းနယ်မြေတဝိုက် မလွဲမသွေ စစ်ရောက်လာမည့် အရိပ်အငွေ့များဖြစ်ပေါ်နေသည်။

“စစ်ရေးကတော့ တော်တော်လေးတင်းမာနေတယ်။ ဖားကန့်မှာ အလုပ်လုပ်တဲ့သူတွေ လုပ်ငန်းမဝင်ဖို့ တပ်က ပြောထားတယ်။ လုပ်ငန်းရှင်တွေလည်း ဝင်လို့မရဘူး။ ခဏခဏ မြို့ပေါ် ဝင်စစ်ဆေးတာ ရှိပါတယ်။ တိုက်ပွဲလည်း ခဏခဏဖြစ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button