အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှ NLD တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တစ်ဦးမှာ ယခုလ ၄ ရက်တွင် လက်နက်ကိုင်လူတစ်စု၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီးနောက် မိသားစုက အလောင်းကိုသာ ပြန်ရသည်ဟု သိရသည်။​

ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ အသက် ၄၅ နှစ်အရွယ် ဦးဝင်းဌေးဆိုသူဖြစ်ပြီး မိသားစုနှင့်အတူ ဆေးကုပြီးအပြန် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင် စစ်တပ်က ရပ်တန့်စစ်ဆေးခဲ့သော်လည်း အပြစ်ရှာမတွေ့၍ ပြန်လွှတ်ပေးခဲ့သည်၊​ ငါးမိုင်ခန့်အကွာတွင် လက်နက်ကိုင်လူတစ်ခု၏ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

စစ်တပ်စစ်ဆေးရေးဂိတ်မှ ထွက်လာပြီး မုန်းချောင်းအနောက်ဘက်ကမ်း ၅ မိုင်ခန့်အကွာ မဲဇလီ- ရှောက်တောလမ်းပေါ်ရှိ သစ်ချိုကုန်းရွာအနီးတွင် သေနတ်ကိုင်လူတစ်စုက ခြိမ်းခြောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်များကို ကိုးကား၍ ၎င်းက ပြောသည်။

နောက်တစ်ရက် (ဒီဇင်ဘာ ၅) နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ဖမ်းခေါ်သွားသည့် နေရာမှ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ကျောင်းကုန်းကြီးရွာ မြောက်ဘက် ယာတောတစ်နေရာတွင် လည်ပင်း ဓားဒဏ်ရာ၊ ထိုးကြိတ်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည့် ဦးဝင်းဌေး၏ အလောင်းကို ပြန်တွေ့သည်ဟု အထက်ပါ မြို့နယ် NLD တာဝန်ရှိသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးဝင်းဌေး၏ ရုပ်အလောင်းရှာတွေ့သည့် ကျောင်းကြီးကုန်းရွာမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားလက်နက်ကိုင်အဖွဲ့ ပျူစောထီး အားကောင်းသည့် နေရာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျောင်းကုန်းကြီးရွာက အရင်တုန်းက ကြံ့ခိုင်ရေး (စစ်တပ် ကျောထောက်နောက်ခံပါတီ) တွေ အင်အားစုကြီးစိုးတဲ့နေရာလည်း ဖြစ်တယ်။ ပျူတွေအင်အားကောင်းတဲ့နေရာလည်းဖြစ်တယ်။ ဒီလက်ချက်ဟာ NLD အမာခံကို ကျောင်းကုန်းကြီးက ပျူတွေက ရည်ရွယ်ချက်ရှိရှိ အငြိုးတကြီးနဲ့ သတ်ဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ယူဆတယ်”

ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၆) ရက်နေ့လယ်တွင် သင်္ဂြိုဟ်ပြီးပြီးဟု သိရသည်။ အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် အသက် ၄၅ နှစ်အရွယ် ဦးဝင်းဌေး၏ ရုပ်အလောင်း ။ ဓာတ်ပုံ ပေးပို့။

ဦးဝင်းဌေးသည် NLD ပါတီ မင်းဘူးခရိုင် အလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ကူညီခဲ့သူဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ အားကောင်းသည်။ နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက ထိုဒေသများအတွင်းတွင် ၎င်းတို့ကို ထောက်ခံသူများအား စစ်သင်တန်းပေး၍ ခုခံမှုများကို တန်ပြန်နေသည်။

နိုင်ငံအနှံတွင် NLD ပါတီဝင်များ၊ အားပေးထောက်ခံသူများကို သတ်ဖြတ် အလောင်းစွန့်ပစ်သည့် ဖြစ်စဉ်များ ပေါ်ပေါက်နေသည်။ တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီ ပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်နေသည်။

စစ်တပ်အာဏာသိမ်းပြီ နှစ်နှစ်နီးပါးအတွင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်နှင့် ပါတီဝင် ၁၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ စစ်ကောင်စီ ဖမ်းထားစဉ်အတွင်း သေဆုံးသူ ၆၇ ဦးရှိကြောင်း NLD က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles