အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြဝတီ သေ့ဘောဘိုးစခန်း ပြန်ရရန် စစ်ကောင်စီကြိုးပမ်း၊ တိုက်ပွဲများ ရက်ဆက်ဖြစ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဘလက်ဒို့ကျေးရွာအနီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)  ထိန်းချုပ်ထားသော သေ့ဘောဘိုးစခန်းကို ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီ တပ်က ထိုးစစ်ဆင်နေသဖြင့် ထိုနေရာတွင် တိုက်ပွဲဖြစ်နေသည်မှာ ယနေ့  (နိုဝင်ဘာ ၂၅) ဆိုလျှင် ၅ ရက် မြောက်ရှိပြီ ဖြစ်သည်။

ထိုင်းနှင့် မြန်မာ၏ နယ်စပ်မျဉ်းဖြစ်သော သောင်ရင်းမြစ်အနီး တည်ရှိသော ထိုစခန်းကို စစ်ကောင်စီတပ်တပ်မ ၄၄ လက်အောက်ခံတပ်များ လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု KNLA တပ်မဟာ တပ်ရင်းမှ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့က သေ့ဘောပိုး စခန်းကုန်းကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာရှိတယ်။ နေ့တိုင်းလိုလို တိုက်ပွဲကဖြစ်နေတာ။ လက်နက်ကြီးပစ်ခတ်မှုရော၊ လေကြောင်းကနေ ဒုံးတွေရော အမြောက်တွေရော ပစ်ခတ်နေတာတွေရှိတယ်” ဟု ထိုအရာရှိက ပြောသည်။

အမှတ် (၄၀၂) အမြောက်တပ်ရင်း၊ အမှတ်(၆၀၈) ဒုံးတပ်ရင်းတို့ကလည်း အတွဲလိုက်ပစ် ဒုံးကျည်များ၊ ၁၂၀ မီလီမီတာ စိန်ပြောင်းလက်နက်ကြီးများဖြင့် ဘလက်ဒို့ကျေးရွာတဝိုက်သို့ ပစ်ခတ်ကြသည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိရာ မော်လမြိုင်ဘက်မှလာသည့်  Mi-35 ရဟတ်ယာဉ်ကလည်း နိုဝင်ဘာ ၂၄ ညနေ ၄ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားသည့် အနီးဝန်းကျင်ကို ပစ်ခတ်သည်ဟုလည်း သူကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုနေ့တွင်ပင် ခြေမြန်တပ်ရင်း ၂ ၏ ပစ်ခတ်မှုကြောင့် ဘလက်ဒို့ကျေးရွာသားတစ်ဦး လက်နက်ကြီးအစထိမှန်ပြီး ဒဏ်ရာရရှိသွားကြောင်း  သေ့ဘောဘိုးကျေးရွာဥက္ကဋ္ဌက ပြောသည်။ “သေ့ဘောဘိုးနားတဝိုက်ကတော့ မနေ့ညက ပစ်တာ လက်နက်ကြီးနဲ့၊ တော်တော်များများပဲ။ အလုံး နှစ်ဆယ်လောက်ရှိတယ်။ တစ်ခါပစ်ရင် သုံးလေးလုံးလေ” ဟု သူက ဆိုသည်။ 

မြဝတီ-ဝေါ်လေ-သေ့ဘောဘိုး လမ်းပိုင်းတွင်ရှိသည့် သေ့ဘောဘိုးစခန်းကို စစ်ကောင်စီ၏ လက်အတွင်းမှ  ယခုနှစ် မေလက  KNLA တပ်ရင်း (၂၇)၏ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။

KNLA တပ်ရင်း (၂၇) မှ အခြားတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းတို့ လုံခြုံရေးယူထားသည့် နယ်မြေတွင် စစ်ကောင်စီက စစ်ဆင်နေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိကြောင်း ပြောသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း မြဝတီ-ဝေါ်လေ ကားလမ်းမ ကျုံဒိုးကျေးရွာ၊ ဘလယ်ဒိုခီးတောင်ခြေအနီးတွင် စစ်ကောင်စီတပ်က ခြုံခိုတိုက်ခိုက်ရာ ကော်ဘရာအဖွဲ့မှ ရဲမေ နှစ်ဦးနှင့် ရဲဘော်တစ်ဦး သေဆုံးသည်။

“စစ်ကောင်စီ ခမရ-၂ က ပစ်ခတ်တာပါ။ ကော်ဘရာရဲ့ စစ်ကြောင်းကားတစ်စီးနဲ့ လူထုကားတစ်စီးပြန်လာချိန်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်လွှတ်လိုက်ရသော စခန်းကုန်း ပြန်သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်က ဝေဟင်မြေပြင် ထိုးစစ်ဆင်နေရာ စခန်းအနီး ကျေးရွာ ၃ ရွာမှ ဒေသခံ ၂၀၀၀ ကျော်က သောင်ရင်းမြစ်အနီးသို့ ထွက်ပြေးခိုလှုံနေရသည်။ ၅ ရက်ကြာ တိုက်ပွဲသတင်းကို စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိပေ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်အတွင်းတွင်လည်း  နိုဝင်ဘာ ၂၂   တစ်ရက်တည်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကြောင်း KNLA  ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က နိုဝင်ဘာ ၂၄ တွင် သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁ မှ ၂၄ ရက်နေ့အထိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံး ၃၈ ဦး ဒဏ်ရာရသွားသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles