အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ ဆယ်နှင့်ချီသေဆုံး

ရှမ်း-ကယား နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် တိုက်ပွဲများ လေးရက်ဆက် ပြင်းထန်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားကြောင်း ကရင်နီတပ်များက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

စက်တင်ဘာ ၈ မှ ၁၁ အတွင်း မိုးဗြဲမြို့ ပွဲကုန်း (၃) ရပ်ကွက်အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဘက် မှ ၆၀ ခန့် သေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၈ တွင် ရှမ်းပြည်နယ် မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာမှ စစ်ကောင်စီအင်အား ၁၀၀ ခန့် မိုးဗြဲမြို့ဘက် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲစတင်ခဲ့ပြီး စက်တင်ဘာ ၉ တွင် မိုးဗြဲမြို့အခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက စစ်ကူများ ထပ်ပို့လာခဲ့သည်။

တပ်ပြောင်းရွှေ့ရန်လာသည့် အဆိုပါစစ်ကြောင်းနှင့် စစ်ကူလာသော စစ်ကြောင်းတို့ မိုးဗြဲမြို့ ပွဲကုန်း (၃) ရပ်ကွက်ရှိ ဘုရား၏ သန့်ရှင်းသောမယ်တော် ကက်သလစ်ဘုရားကျောင်းတွင် တပ်စွဲလိုက်ပြီးနောက် ပိတ်မိနေခြင်းဖြစ်ကြောင်း ကရင်နီပူးပေါင်းအဖွဲ့များဘက်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မိုးဗြဲမြို့ကို လက်နက်ကြီး အဆမတန်သုံးပြီး ပစ်တယ်ပေါ့။ အဲဒီထဲမှာ ပိတ်မိနေတဲ့ သူတို့ရဲ့ တပ်သားတွေကို ကယ်နိုင်ဖို့အတွက် လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာတွေ၊ လေယာဉ်နဲ့ လာပစ်တာတွေ လုပ်တာခင်ဗျ” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၁) က လွိုင်ကော်မြို့တွင် စစ်တပ်ဘက်က လှုပ်ရှားမှုရှိသော်လည်း မိုးဗြဲသို့ စစ်ကူရောက်လာခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

KNDF ကလည်း မိုးဗြဲတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါးခန့် သေဆုံးကြောင်း ထုတ်ပြန်သည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၏ စာရင်းများအရ စက်တင်ဘာ ၈ တွင် ၁၀ ဦး၊ စက်တင်ဘာ ၉ တွင် ၁၅ ဦး၊ စက်တင်ဘာ ၁၀ တွင် ၁၅ ဦးနှင့် စက်တင်ဘာ ၁၁ တွင် ၂၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ-KNDF)  

တိုက်ပွဲများပြင်းထန်ခဲ့သည့်အတွက် ကရင်နီပူးပေါင်းတပ်များဘက်မှ ဖယ်ခုံ PDF တပ်ရင်း ၂ မှ ရဲဘော် ရီးရယ်၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် အောင်စာ(ခ)ဘီစိန်ရှို့ တို့ သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက အတည်ပြုသည်။ 

“သေချာတာကတော့ အဲဒီစစ်ကြောင်းမှာ သိပ်မကျန်တော့ဘူး။ လွိုင်ကော်ဘက်ရော ဖယ်ခုံဘက်ကပါ စစ်ကူ မပို့နိုင်ဘူး။ လေယာဉ်လက်နက်ကြီးတွေသာ အလွန်အကျွံသုံးနေတာ” ဟု ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“(သိမ်းဆည်းရမိတဲ့) လက်နက်ခဲယမ်းလည်း ပုံထဲကထက် များတယ်။ ကိုယ်ပိုင်သေနတ်ရချင်တဲ့ ရဲဘော်တွေက တချို့ဆို ယူသွားပြီး လာမအပ်ကြဘူး။ တိုက်ပွဲတွေထဲမှာတော့ အကြမ်းဆုံးပွဲတွေပဲ။ စစ်ကြောင်းလိုက် ပြုတ်တယ်” 

ယနေ့တွင် နေ့လယ်အထိ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုမရှိသေးသော်လည်း စစ်ကောင်စီဘက်ကမူ လွိုင်ကော်မြို့ဘက်မှနေ၍ လက်နက်ကြီးသုံးလုံး ပစ်ခတ်ကြောင်း ၎င်းက ပြောသည်။

လေးရက်ဆက်တိုက် အထိနာလျက်ရှိသော စစ်ကောင်စီတပ်သည် လူနေရပ်ကွက်များသို့ နေ့စဉ် လက်နက်ကြီး ရာနှင့်ချီ ပစ်ခတ်ပြီး တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

စစ်တင်ဘာ ၉ ရက်က ပွဲကုန်း (၃) ရပ်ကွက်တွင် စစ်တပ်၏ လက်နက်ကြီးထိမှန်ကာ ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့တွင် နေအိမ် ၁၀၀ ထက်မနည်း ပျက်စီးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့နံနက်တွင် ထုတ်ပြန်သည်။ 

စက်တင်ဘာ ၁၁ တွင် မိုးဗြဲမြို့တွင်သာမက ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီး KNDF နှင့် ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း Revolutionary Force of Hpruso-Karenni Army က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်ခြင်း မရှိပေ။

ဤရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်သားများ စခန်းကျဆုံးသည်အထိ အထိနာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles